စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ရေဆင်းဒေသတွင် စပ်မျိုးပြောင်းသီးနှံအား ပန်းတိုင်အထွက်နှုန်းရရှိစေနိုင်မည့် နည်းလမ်းရှာဖွေ

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ရေဆင်းဒေသတွင် စပ်မျိုးပြောင်းသီးနှံအား ပန်းတိုင်အထွက်နှုန်းရရှိစေနိုင်မည့် နည်းလမ်းရှာဖွေ

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇွန်လ(၉)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေသုတေသနဦးစီးဌာန၊ အခြားနှံစားသီးနှံ သုတေသနဌာနစု စိုက်ကွင်း၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍  စပ်မျိုးပြောင်း သီးနှံအား တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်၍ မြေပြုပြင်သည် မှ ရိတ်သိမ်းသည် အထိ (Fully Mechanized) ဖြင့် စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးသည်။ 

     လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်ထွန်းအေး က မြေပြုပြင်ခြင်းလုပ်ငန်းတွင်  လေးသွားထယ်ထိုးခြင်း တစ်စပ်၊ ခုနှစ်သွားထယ်ထိုးခြင်း-တစ်စပ်၊ Rotavator မောင်းခြင်း နှစ်စပ် ၊ မြေခံမြေဩဇာ ထည့်သွင်းခြင်းနှင့် သရုပ်ပြစိုက်ပျိုးခြင်း (Pneumatic Precision Seeder ဖြင့် စိုက်ပျိုးခြင်း) လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။ 

     ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် သီးနှံ တစ်မျိုးချင်းအလိုက် ပန်းတိုင်အထွက် နှုန်းများ အတိုင်း ထွက်ရှိအောင် စိုက်ပျိုးခြင်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည် ဆိုပါက စိုက်ပျိုးကုန်ထုတ်စွမ်းအား မြင့်မားလာခြင်းနှင့်အတူ တောင်သူလယ်သမားတို့၏ လူမှုဘဝများတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ရေဆင်း ဒေသ တွင် စပ်မျိုးပြောင်း သီးနှံအား အထွက်နှုန်းပိုမို ရရှိစေနိုင်မည့် နည်းလမ်းများကို အပြည့်အဝအသုံးချပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိရန် သုတေသနပြုဆောင်ရွက်ပြီး ရလဒ်ကောင်းများကို အခြေခံကာ အခြေအနေပေးသည့် ဒေသများတွက် ပြောင်းသီးနှံအထွက်တိုးရေး   အထောက်အကူ ပြုစေနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

     ထို့နောက် ဒုတိယဝန်ကြီး သည် ရေဆင်းရေလှောင်တမံ ရှင်းလင်းဆောင် တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရေရရှိရေးနည်းလမ်း အလိုက် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး၊ ဆောင်းသီးနှံ နှင့် နွေစပါး နွေသီးနှံ စိုက်ပျိုးပြီးစီးမှု ၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရေပေးဝေမည့် အခြေအနေများကို ဆွေးနွေးပြီး ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေပြတ်လပ်မှုမရှိစေရေးနှင့် ရရှိနိုင်မျှသော ရေအရင်း အမြစ် အသစ်များ စူးစမ်းရှာဖွေ ဖော်ထုတ်နိုင်ရေး၊ မိုးကာလ မိုးရွာသွန်းမှု လျော့နည်းသော နေရာများအား အဓိကထား၍ စိုက်ပျိုးရေပေးဝေနိုင်ရေး၊ တစ်နှစ် (၃)သီး စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေအလေအလွင့်မရှိပေးဝေနိုင်ရေး ရေလိုအပ်ချက်အလိုက် တိကျစွာ ရေပေးဝေ နိုင်ရေး နှင့် သီးထွက် စွမ်းအားတိုးတက်စေရေး အတွက် တစ်ကွင်း တစ်စပ်တည်းတွင် စိုက်ပျိုးသည့် သီးနှံ၊ စိုက်ပျိုးချိန် တူညီစေရန် တောင်သူများ၊ ဆက်စပ်ဌာနများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

     ထိုမှတဆင့် ဒုတိယဝန်ကြီး သည် ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု ကြို့ပင် ရေမြှင့်ရေထိန်း အဆောက် အအုံအနီး နွေနှမ်းစိုက်ပျိုးလျက်ရှိသော ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေး ၊ စပါး သီးနှံအား ကြဲပက်စနစ်အစားပျိုးစိုက် Seeder များ ဖြင့်စိုက်ပျိုးနိုင်ရေး ၊ နှမ်းသီးနှံစိုက်ပျိုးရာတွင် ရေသွင်း ရေထုတ် လွယ်ကူ၍ ရာသီဥတုဒဏ်ခံနိုင်စေရန် မြေအမျိုးအစား သင့်တော်ပြီး ရေရရှိရန် လွယ်ကူသည့် ဧရိယာများတွင်  ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြီး ဒေသခံတောင်သူများစိုက်ပျိုးထားသော နွေနှမ်း စိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။