စိုက်ပျိုးရေးတက္ကသိုလ်ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

နေပြည်တော် ၊ မေ(၁၂)
စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနား ကို မေလ (၁၂)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာမများ ၊ ဘွဲ့ရမောင်မယ်များ နှင့် မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဘွဲ့နှင်းသဘင် အခမ်းအနား အစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ ၌ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၏ (၃၂)ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို တက္ကသိုလ်ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အဖြစ် ကျင်းပနိုင်ခြင်း ဖြစ်သည့်အတွက် မှတ်တမ်းတင်အပ်ပါကြောင်း၊ ဘွဲ့ရတစ်ဦးဖြစ်မြောက်ရန်အတွက် (၅)နှစ် တာ ကာလမှာ မောင်မယ်များအတွက်သာမက ပံ့ပိုးပေးသူ မိဘ ဆွေမျိုးများ၊ စေတနာထား သင်ကြား ပေးသူ ဆရာ၊ ဆရာမများ နှင့် ကျောင်းတော်ကြီးအတွက်လည်း ဝမ်းသာဂုဏ်ယူ ရသော နေ့တစ်နေ့လည်းဖြစ်ပါကြောင်း၊
နှစ်စဉ်တက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများ၏ မိဘအလုပ်အကိုင် ဇစ်မြစ်များကို လေ့လာကြည့်ရာတွင် ကျောင်းသား ကျောင်းသူ (၅၀)ရာခိုင်နှုန်း၏ မိဘများမှာ တောင်သူလုပ်ငန်း လုပ်ဆောင်ကြသည်ကို တွေ့ရှိရကြောင်း ၊ နှစ်စဉ် တစ်နိုင်ငံလုံး၏ အခြေခံပညာအထက်တန်း ပြီးမြောက်အောင်မြင်သူ(၁)ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးရေး တက္ကသိုလ် ဝင်ခွင့် တက်ရောက်ခွင့် ရရှိနေခြင်းသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံ အတွက် စိုက်ပျိုးရေးပညာဘွဲ့ရ လူသားအရင်း အမြစ်များ ပိုမိုမွေးထုတ်ပေးနိုင်ရေး အလေးထား ကြိုးပမ်းရန် လိုအပ်နေသည်ကို သုံးသပ်ရပါကြောင်း၊
မိမိတို့ကျောင်းတော်မှ စိုက်ပျိုးရေးဘာသာရပ်များအပြင် ဆက်စပ် စဉ်းစားတွေးခေါ်မှု တတ်မြောက်မှု (Critical Thinking Skill)၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု (Physical Fitness)၊ ပြောင်းလဲလာသော နည်းပညာများကို ဆက်လက်လေ့လာနိုင်ရန် သတင်းအချက် အလက် နှင့် နည်းပညာ တတ်မြောက်မှု (Information & Communication Skill) တို့ကိုပါ လေ့ကျင့် သင်ကြားပေးလိုက်ခြင်းဖြစ်ကြောင်း၊ သင်ကြားမှုပုံစံကိုလည်း သင်ကြားပေးသူနှင့် သင်ယူသူ အချိုးအစားမျှတစေပြီး အားနည်းသည့်ဘာသာကို ပြန်လည်လေ့လာ ဖြေဆို ရသော သင်ကြားမှုစနစ်ကို ကျင့်သုံးသည့် ပထမဦးဆုံးသော ဘွဲ့ရမောင်မယ်များဖြစ်ကြောင်း၊ ဘွဲ့ရ မောင်မယ်များအနေဖြင့် မိမိတို့တတ်ကျွမ်းသောပညာများကို တိုးတက်လာသော စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ၊ ပြောင်းလဲလာသော ရာသီဉတု အခြေအနေများ နှင့် ဆက်စပ်ပြီး စဉ်ဆက်မပြတ် ဆက်လက်လေ့လာသွားကြရန် လိုအပ်သကဲ့သို့ သမာသမတ်ကျ သည့် အတွေးအခေါ် အယူအဆများရှိကြရန် နှင့် နိုင်ငံတော်အကျိုး မိမိအကျိုး မျှမျှတတ စဉ်းစား လုပ်ဆောင်နိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ပထမနှစ် မှ နောက်ဆုံးနှစ်ထိ တန်းစဉ်ပေါင်း အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်သည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က ဘွဲ့နှင်းသဘင် မိန့်ခွန်း ပြောကြားပြီး ၊ ပါရဂူဘွဲ့၊ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့၊ စိုက်ပျိုးရေးမဟာဒဿနဘွဲ့၊ စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့များ ကို အပ်နှင်း သည်။

ယနေ့ကျင်းပသည့် စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနား တွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၂၁၂)ဦး၊ ပါရဂူဘွဲ့ (၅)ဦး၊ မဟာသိပ္ပံဘွဲ့ (၂၇)ဦး၊ စိုက်ပျိုးရေး မဟာဒဿနဘွဲ့ (၂) ဦး၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ (၄)ဦး စုစုပေါင်း (၂၂၄)ဦး ကို ဆိုင်ရာ ဘွဲ့များ အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း၊ သက်တမ်း နှစ်တစ်ရာပြည့်အထိ စိုက်ပျိုးရေးတက္ကသိုလ် မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၁၃၁၉၇ ဦး)၊ ပါရဂူဘွဲ့(၇၉)ဦး၊ စိုက်ပျိုးရေးသုတေသန အခြေပြု ပါရဂူဘွဲ့(၆)ဦး၊ မဟာသိပ္ပံဘွဲ့ (၆၇၁)ဦး၊ မဟာဒသနဘွဲ့(၁၁)ဦး၊ စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ (၄၃)ဦး၊ စပါးအထူးပြု စိုက်ပျိုးရေးဘွဲ့လွန်ဒီပလိုမာ(၂၄)ဦး၊ စိုက်ပျိုးရေးစီးပွားပညာဒီပလိုမာ (Israel + YAU) (၅၆၅)ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။