ခွင့်ပြုချက်မရရှိမီ လယ်ယာမြေကို ကြိုတင်အသုံးပြုထားသည့် ကိစ္စရပ်များအတွက် တည်ဆဲဥပဒေများနှင့်အညီ SOP ညွှန်ကြားချက် ထုတ်ပြန်ပေးသွားမည်

နေပြည်တော်၊ ဒီဇင်ဘာ (၂၈)
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၁၁)ကြိမ်မြောက် အစည်းအဝေး ကို ဒီဇင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာ၌ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေ ဥပဒေပါ ပြဌာန်းချက်များအရလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်အရလည်းကောင်း၊ သေချာစွာ စိစစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခင်အစိုးရကာလ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသော အမှုတွဲများ အနေဖြင့် မူဝါဒများနှင့် ကိုက်ညီ မှန်ကန်မှု ရှိ / မရှိ ကိုလည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် ညီညွတ်မှု ရှိ/မရှိကို လည်းကောင်း စိစစ်၍ ယခုအစည်းအဝေး တွင် ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ခွင့်ပြုမိန့်မရရှိမီ လယ်ယာမြေပေါ်တွင် အခြားလုပ်ငန်းသုံးစွဲ ဆောင်ရွက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော ကိစ္စရပ် ဖြစ်သဖြင့် ဒဏ်ကြေးကိစ္စများ မဖြစ်ပေါ်က ပိုမို ကောင်းမွန်ပါကြောင်း၊ ယင်းသို့ ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုထားသည့် ကိစ္စရပ်များ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း တည်ဆဲဥပဒေများနှင့်အညီ SOP ညွှန်ကြားချက် ထုတ်ပြန်ပေးရန် ဆောင်ရွက်လျက် ရှိကြောင်း။
ယနေ့အစည်းအဝေးတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ဖျက်သိမ်းပေးရန် တင်ပြလာသည့်ကိစ္စရပ်ကို ဆွေးနွေး ဆုံးဖြတ်ရန်ပါရှိကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ဖျက်သိမ်းခြင်းကို ဆောင်ရွက်ကြရာတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ဖျက်သိမ်းခြင်းကို လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားသည့် ကိစ္စမှလွဲ၍ ကျန်ကိစ္စရပ်များတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကသာ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ ဆောင်ရွက်နိုင်ပါကြောင်း။
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီးသူများ အနေဖြင့်လည်း ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုသည့်နေ့ရက်မှ(၆)လအတွင်း လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း။ သတ်မှတ်သည့်ကာလဆိုသည်မှာ လုပ်ငန်း အဆိုပြုသူက အဆိုပြုတင်ပြထားပြီး သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ က အတည်ပြုထားသည့် ဖြစ်သင့် ဖြစ်ထိုက်သည့် ကာလ ဖြစ်ပါကြောင်း။ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီးနောက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက် နိုင်ခြင်း မရှိပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် စိစစ်ပြီး လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၁ ပါ ပြဌာန်းချက်နှင့်အညီ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပြန်လည် ပယ်ဖျက်နိုင်ရေး အမှုကိစ္စတစ်ခုချင်းအလိုက် ကြီးကြပ်စိစစ်ပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ထံသို့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း တင်ပြဆောင်ရွက်ပေးသွားရန် ဖြစ်ကြောင်း။
ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့်လည်း ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို တည်ဆဲ ဥပဒေ နည်းဥပဒေများနှင့်အညီ အဖွဲ့ဝင်အားလုံး၏ ဆွေးနွေး သုံးသပ်ချက်၊ တင်ပြချက်များ နှင့် သဘောတူညီမှု အရ ဆုံးဖြတ် ဆောင်ရွက်ရခြင်းဖြစ်သည်ကို သတိပြုပြီး မိမိတို့ ဌာနဆိုင်ရာလုပ်ငန်း ရှုထောင့်များမှ ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးတင်ပြပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် လယ်ယာမြေတွင် အခြားနည်း အသုံးပြုခွင့် တင်ပြလာသောကိစ္စရပ်များ၊ လယ်ယာမြေ ကို ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုထားသဖြင့် ယခင်အစည်းအဝေး ဆုံးဖြတ်ချက် များအရ ဒဏ်ကြေးအဆိုပြု တင်ပြလာသောကိစ္စရပ်များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်တင်ပြရန် အကြောင်း ကြားခဲ့မှုအပေါ် သက်ဆိုင်ရာ လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များမှ ပြန်လည်တင်ပြလာမှုများ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့် ရမြေကို လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် လျှောက်ထားလာသော ကိစ္စရပ်များ၊ လယ်ယာမြေဥပဒေပုဒ်မ ၂၈ အရ မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ပြောင်းလဲ စိုက်ပျိုးခွင့်ပြုပါရန် လျှောက်ထားလာသော ကိစ္စရပ်များ၊ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့် ပယ်ဖျက်ပေးပါရန် တင်ပြလာသောကိစ္စရပ်များ အပါအဝင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ခဲ့ကြသည်။