မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၂၆-၉-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။

ဆန်ဈေးကွက်

ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ လက်ကျန် နည်းသွားသော်လည်း မြို့တွင်းစားသုံးရန်ဝယ်ယူမှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီးဒေသတစ်ခုတည်းမှထွက်ခြင်း၊ လက်ကျန်နည်းခြင်း ကြောင့် တစ်အိတ် ၁၅၀၀၀၀ကျပ်မှ ၁၅၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မနောသုခဆန်မှာ အသစ်အဝင်နည်းသွားခြင်း၊ မြို့တွင်းလူလတ်တန်းစားသုံးဆန်ဖြစ်ခြင်းကြောင့် ယခင်အပတ် ၇၅၀၀၀ ကျပ်မှ ၇၈၀၀၀ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။

ဇီယာဆန်နှင့် ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်ပြီး နွေစပါးအသစ်များဝင်ရောက် ခြင်းကြောင့် လုပ်ငန်းသမား၊ မုန့်လုပ်ငန်းသမားအဝယ်ပုံမှန်ရှိသော်လည်း တစ်အိတ် ၆၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ဇီယာဆန်မှာ အဟောင်းလက်ကျန်နည်းသွားပြီး အသစ်များသာဝင်ရောက်မှုများလာ ခြင်းကြောင့် တစ်အိတ် ၇၀၀၀၀ကျပ်မှ ၇၂၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ရှိခြင်း နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ သယ်ယူစရိတ်အနေဖြင့် ဆန်အိတ်အနည်းအများပေါ်မူတည်၍ ရန်ကုန်မှ မန္တလေးတစ်အိတ် ၄၀၀၀မှ ၅၀၀၀ကျပ်၊ ရွှေဘိုမှ မန္တလေးတစ်အိတ် ၄၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။

ဆီထွက်သီးနှံဈေးကွက်

မြေပဲ(လုံးဆံ)မှာ မိုးမြေပဲ စတင်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိခြင်းကြောင့် နွားထိုးလုံးဆံ ၁၀၀ ပိဿာ ၈၂၀၀၀၀ကျပ်၊ မြင်းခြံ(လုံးဆံ) ၇၈၀၀၀၀ကျပ်ဖြင့် လုပ်ငန်းသမားများ ပုံမှန်ဝယ်ယူမှုရှိသည်။ မြေပဲ (ဆီဆံ)မှာ အသစ်များဝင် ရောက်မှုရှိပြီး အစိုဓာတ်ပါဝင်မှုပေါ်မူတည်၍ အရည်အသွေးအကောင်းဆုံး ၁၀၀ ပိဿာ ၇၆၀၀၀၀ ကျပ်မှ အနိမ့်ဆုံး ၇၃၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးနှင့် လုပ်ငန်းသမား၊ လှောင်သမားများ ဝယ်ယူမှုရှိသည်။ 

နှမ်းမျိုးစုံဈေးနှုန်းများအနေဖြင့် နှမ်းဖြူမှာ လုပ်ငန်းသမားအဝယ်သာရှိခြင်း၊ အသစ်များဝင်ရောက်မှု ရှိခြင်း၊ ငွေဈေးအတက်အကျမမှန်ခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ ၂၈၀၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ နှမ်းညိုမှာ အသစ်ဝင်ရောက်ခြင်း၊ နှမ်းကြား(သစ်)များလည်း ဝင်ရောက်ခြင်း ကြောင့် ဆီစက်သမားအဝယ်ပုံမှန်ရှိသော်လည်း ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းနက်(စမုံ)မှာ ရိုးရိုးနှမ်းနက်မှာ မိုးနှမ်းသစ်များဝင်ရောက်ခြင်း၊ ငွေဈေးအတက်အကျမမှန်ခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၇၅၀၀၀၀ကျပ်မှ ၇၀၀၀၀၀ကျပ်၊ အက်ဆစ်ပါဝင်မှုအနည်း ဆုံး 
၇၅၀၀၀၀ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်မှုရှိသည်။ ပန်းနှမ်းမှာ အထွက်နည်း၊ အဝင်နည်း၊ ဈေးမြင့်ခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် လဆန်းပိုင်းဈေးနှုန်းအတိုင်း ၄၅ ပိဿာ ၂၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာဈေးနှုန်းမှာ မိုးနေကြာအဝင်ရှိခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားဖိုဆောင်သီးနှံဈေးကွက်

ငရုတ်ခြောက်(ရှည်)များ ပျော်ဘွယ်၊ ကျောက်ဆည်၊ ရမည်းသင်းတို့မှ ဝင်ရောက်ခြင်း၊ အဝင်နည်းသေးခြင်းကြောင့် တစ်ပိဿာ ၁၂၀၀၀ကျပ် ဈေးရှိ ပြီး ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းမှ ဝင်ရောက်သော ပန်းရဲ(ရှည်)မှာ ၁၃၀၀၀ကျပ် ဈေးရှိသည်။ ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီ Air con ဖြင့် ထားသော အပွသီးများဖြစ်၍ တစ်ပိဿာ ၂၅၀၀၀ကျပ်ထိ ဈေးမြင့် နေသည်။

ကြက်သွန်နီမှာ မုံရွာ၊ ထီးဆောင်၊ မြင်းခြံနယ်စုံမှ အဝင်များသော်လည်း မန္တလေးဝန်းကျင်သို့ ရံဖန်ရံခါ တင်ပို့ရမှုရှိခြင်းကြောင့် ကြီးတစ်ပိဿာ ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၂၀၀ကျပ်မှ ၁၄၀၀ကျပ်၊ သေးတစ်ပိဿာ ၇၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ကြက်သွန်ဖြူ(တရုတ်)လမ်းပမ်းဆက်သွယ်ရေးအရ ဝင်ရောက်မှုရှိခဲ့ပြီး နယ်ဝေးတင်ပို့ရမှုနည်းခြင်း ကြောင့် ယခင်အပတ်တစ်ပိဿာ ၁၆၀၀၀မှ ၁၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အရည် အသွေးညံ့သွားခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး တစ်ပိဿာ ၃၀၀၀ကျပ်မှ ၁၅၀၀ကျပ်သို့ လည်းကောင်း၊ အကောင်းဆုံးတစ်ပိဿာ ၇၀၀၀ကျပ် ၆၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ရွှေဘို ရွှေပန်းကုံးမှ မြန်မာကြက်သွန်ဖြူများမှာ ကြက်သွန်ဖြူ(တရုတ်)နှင့် (ရှမ်း) ဈေးနိမ့်ခြင်း၊ မြို့တွင်းစားသုံးမှုသာ ရှိခြင်းကြောင့် ယခင်အပတ်အကောင်းဆုံးတစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၉၀၀၀ကျပ်သို့လည်းကောင်း အညံ့ဆုံး တစ်ပိဿာ ၉၀၀၀ကျပ်မှ ၆၀၀၀ကျပ်သို့ ဈေးသိသိသာသာနိမ့်သွားသည်။

အာလူးဈေးနှုန်းမှာ တရုတ်သီးအဝင်မရှိဘဲ အောင်ပန်းသီးများသာ ဝင်ရောက်မှုရှိပြီး တစ်ပိဿာ အသေးဆုံး ၂၅၀၀ကျပ်မှ အကောင်းဆုံး တစ်ပိဿာ ၇၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။

ပဲမျိုးစုံဈေးကွက်

ပဲမျိုးစုံတို့အနက် မတ်ပဲဈေးနှုန်းမှာ ကျောက်ရစ်ပဲမှာ ရန်ကုန်ဈေးနိမ့်သဖြင့် ဈေးချဝယ်ယူခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ် အိတ် ၂၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ခြံပဲများလည်း ခွဲစက်များအဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲတီစိမ်းဈေးနှုန်းမှာ မိုးပဲများအဝင်ရှိခြင်း၊ ဒေသအလိုက်အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိ ခြင်း၊ ခွဲစက်များနှင့် လှောင်သမားအဝယ်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၂၈၀၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေပြီး အရည်အသွေးအကောင်းဆုံးမှာ ၃တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲစဉ်ငုံ(ဖြူ/နီ)တို့မှာ ပဲခွဲစက်နှင့် ရန်ကုန်ဝယ်လက်နည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၃တင်းတစ်အိတ် ၂၃၅၀၀၀ကျပ်မှ ၂၂၃၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲစဉ်းငုံ(ဖြူ)မှာ ၃တင်းတစ်အိတ် ၂၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(မြန်မာ)မှာ မိုးပဲမဝင်သေးခြင်းကြောင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိပြီး ဈေးတည်ငြိမ်နေသည်။ ပဲပုတ်(ရှမ်း)မှာ မိုးပဲပုတ် မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ကျပ် မှ ၂၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ အဝင်ပုံမှန်ရှိပြီး လုပ်ငန်းသမား အဝယ် နည်းခြင်းကြောင့် ၂၄၀၀၀၀ကျပ်ဖြင့် ဈေးနိမ့်နေပြီး လုံးဝါကြီးမှာလည်း မိုးများ ဟင်းသီး/ရွက်ပေါ်ချိန်၊ ပဲစိုများပေါချိန်၊ အလှူပွဲနည်းခြင်းကြောင့် ပဲခွဲစက်များအဝယ်နည်းပြီး ၃တင်းတစ်အိတ် ၂၃၈၀၀၀ကျပ်မှ ၂၂၈၀၀၀ကျပ်သို့ ဈေးသိသာစွာနိမ့်သွားသည်။ ခွဲခြမ်းမှာ တစ်ပိဿာ ၅၉၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲယင်းဈေးအနေဖြင့် အဝင်ပုံမှန် အရောင်းအဝယ်ပုံမှန်၊ ပဲခွဲစွက်နှင့် ကြာဇံသမားအဝယ်ပုံမှန်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ် ၂၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေတောက်ပဲမှာ မုံရွာနှင့် အညာမှ ဝင်ရောက်မှုရှိခြင်း၊ အဝင်ပုံမှန်မြို့တွင်း ပဲကြော်/လှော်သမားနှင့် အဝေးတင်ပို့မှု အနည်းငယ်ရှိခြင်းကြောင့် မုံရွာပဲ ၃တင်း ၂၅၀၀၀၀ကျပ်၊ အညာပဲ ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော်ပဲ(ကျွန်း)မှာ စားတော်ပဲ(ကနေဒါ)ဈေးမြင့်ခြင်း၊ ယူကရိန်းမဝင်သေးခြင်း၊ လက်လီသမားအဝယ်များခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၆၆၀၀၀၀ ကျပ်မှ ၇၄၀၀၀၀ ကျပ်သို့ ဈေးများစွာ မြင့်သွားသည်။ 

ပဲကြီး(ကြီး/သေး)ဈေးနှုန်းမှာ မိုးပဲအသစ်များ ဝင်ရောက်ခြင်း၊ အဝင်နည်းခြင်း၊ ကျောက်ဆွဲနယ်မှ ဝင်ရောက်ပြီး အရည်အသွေးကောင်းခြင်းကြောင့် ၃တင်းတစ်အိတ် ၄၀၀၀၀၀ကျပ်မှ ၄၂၀၀၀၀ကျပ် ဈေးမြင့် သွားပြီး ပဲကြီး(သေး)မှာ အသစ်ဝင်သော်လည်း  အဝင်နည်းသေးခြင်း၊ ပြည်တွင်းသုံးပဲကြော်/လှော်သမား ပုံမှန် ဝယ်ယူမှုရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ထောပတ်ပဲ(သေး)မှာ မိုးမြေပဲအဝင်ရှိခြင်း၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ လက်လီသမားအဝယ်သာရှိ ခြင်းကြောင့် တစ်အိတ် ၂၀၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

သစ်သီးဝလံနှင့် ဟင်းသီး/ရွက်ဈေးကွက်
 

ချောင်းဦးဘက်မှ ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည် ၍ ၁၀၀၀မှ ၂၅၀၀ ကျပ်ဖြင့် လက်လီသမားများ အဝယ်များနေသည်။ စပျစ်သီးဈေးနှုန်းမှာ တရုတ်စပျစ်သီးများအဝင်မရှိဘဲ ရမည်းသင်းမြန်မာစပျစ်သီးများသာ ဝင်ရောက်ပြီး တစ်ပိဿာ ၁၅၀၀၀ကျပ်ထိ ဈေးမြင့်နေ သည်။ ရွာငံ၊ အောင်းပန်းထောပတ်သီး ၁၂၀ လုံးပါတစ်အိတ် ၃၅၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ချောင်းဦးနှင့် မန္တလေးဝန်းကျင်မှ သခွားမွှေးသီးများ ဝင်ရောက်ပြီး အရည်အသွေးကောင်းသော်လည်း နယ်ဝေးတင်ပို့ရမှု နည်းခြင်းကြောင့် တစ်လုံး ၂၀၀၀မှ ၃၀၀၀ဖြင့် လက်လီသမားများ အဝယ်ပုံမှန်ရှိသည်။ သီပေါဘက်မှ ကမ္ဗလာ သီးများ စတင်ဝင်ရောက်ပြီး ၁၀၀ ပိဿာ ၂၀၀၀၀၀ 
ကျပ်မှ ၂၅၀၀၀၀ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

မန္တလေးသီရိမာလာဈေးတွင် ပုသိမ်ကြီး မင်းဂံဘက်မှ တရုတ်(တိုင်ပေ)ပြောင်းများ လှိုင်လှိုင်ဝင်ရောက်ပြီး ၁၀၀ ဖူးလျှင် ၄၀၀၀၀ကျပ် ဈေးဖြင့် ရောင်းဝယ်မှုရှိသည်။ ပြင်ဦးလွင်မှ ခရမ်းသီးတစ်ပိဿာလျှင် ၅၀၀ကျပ် အောင်ပန်းမှ ဘိုစားပဲသီးတစ်ပိဿာ ၄၀၀၀ကျပ်၊ မုန်ညှင်းဖြူ ၁၁ ပိဿာ အိတ်တစ်အိတ် ၈၀၀၀ကျပ်မှ ၁၀၀၀၀ ကျပ်၊ ရွာငံမှ ဂေါ်ရခါးသီးတစ်လုံး ၁၀၀ ကျပ်ဖြင့် လားရှိုး၊ ရန်ကုန်နှင့်အမှာရှိသော မြို့များသို့ တင်ပို့ သည်။ ရှမ်းတောင်ခရမ်းချဉ် ၂၀ ပိဿာ တစ်သေတ္တာ ၅၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်ဖြင့် ဖားကန့်၊ မြစ်ကြီးနား သို့ တင်ပို့သည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်းဈေးကွက်

ဂျုံဈေးနှုန်းအနေဖြင့် ဂျုံစက်များ အဝယ် နည်းခြင်း၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် မြင်းမူ၊ မြောင်၊ ငါန်ဇွန်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာ ဂျုံများ ၃တင်းတစ်အိတ် ၂၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ရှမ်းဂျုံမှာ ဂျုံထွက်နည်းခြင်းကြောင့် ဂျုံစက် များ အဝယ်နည်းအရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၂၀၅၀၀၀ကျပ်မှ ယခုအပတ် ၂၀၀၀၀၀ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။ ကလေးဂျုံ၊ ကြူးကုတ်ဂျုံများမှာ ၁၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဩစတေးလျဂျုံမှုန့်မှာ မုန့်လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။

အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မိုးပြောင်းများအသစ်အဝင်ရှိခြင်း၊ အစာစပ်သမား အဝယ်နည်း ခြင်းကြောင် ယခင်အပတ် ၃တင်းတစ်အိတ် ၈၃၅၀၀၀ ကျပ်မှ ၇၆၀၀၀ကျပ်သို့ ဈေးသိသိသာသာ နိမ့်သွားသည်။

ခင်မေကြည်