ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

(၁၀-၉-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)

ဆန်ဈေးကွက်

ယခုရက်သတ္တပတ်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အဟောင်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဇီယာဆန်အသစ်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၅၀၀၀ကျပ် နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၁၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန်အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်း နှင့် အောက်စတစ်အိတ်လျှင် ၆၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်းရောင်းဝယ်လျက် ရှိကြသည်။ ဆန်ဟောင်းလက်ကျန် နည်းလာချိန်ဖြစ်သော်လည်း နယ်ကျော်၍ သယ်ဆောင်မှုနည်းခြင်း၊ ဒေသတွင်း ဝယ်လိုအားနည်းခြင်း၊ လှောင်စပါးများ ဈေးကျနေခြင်းကြောင့် ရောင်းလိုအား များခြင်း၊ လတ်တလောကြိတ်ခွဲထားသော ဆန်ဟောင်းကြိတ်သစ်များလည်း ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ ဆန်သစ်အချို့ ဈေးကွက်သို့ ဝင်ရောက်လာချိန်ဖြစ်ခြင်းကြောင့် ဆန်ဟောင်း လက်ကျန်များအား ရောင်းလိုအားများခြင်း၊ ဆန်သစ်များမှာလည်း အစိုဓာတ်ရှိနေသေးခြင်းနှင့် ရောင်းလိုအားများခြင်းတို့ ဈေးကွက်အတွင်း၌ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အထက်ပါအခြေ အနေများကြောင့် ယခင်လဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ပေါ်ကျွဲ၊ ငစိန်စသော ဆန်အမျိုးအစားများမှာ ယခင်လ၏ ဆန်ဈေးနှုန်းများအတိုင်း ယခုစက်တင်ဘာ ဒုတိယရက်သတ္တပတ်တိုင်အောင်တည်ငြိမ်နေခဲ့ကြောင်းသိရသည်။ဆန်သစ်အဝင်ရှိသောဧည့်မထ၊ ဇီယာအမျိုးအစားများမှာ ယခင်လထက် ဈေးနိမ့်ခဲ့ပြီး စက်တင်ဘာ ဒုတိယရက်သတ္တပတ်တိုင် အောင်ပင် ဖော်ပြပါ ဈေးနှုန်းများအတိုင်း ဈေးအနိမ့်တွင် တည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။ ပြည်ပပို့ ဆန်ဈေးကွက်တွင်လည်း အိမ်နီးချင်းနိုင်ငံများ၏ ဆန်ဟောင်းလက်ကျန် များကာ ရောင်းလိုအားများခြင်းနှင့် ဆန်သစ်ပေါ်ချိန်နီးလာခြင်းကြောင့်လည်းကောင်း၊ ဝယ်လက် များမှာလည်း ဈေးထပ်မံအကျကို စောင့်ကြည့်ကာ ဝယ်လိုအားနည်းနေ သေးခြင်းကြောင့် လည်းကောင်း အရောင်းအဝယ်အေးကာ အိန္ဒိယနှင့်ထိုင်းဆန်ဈေးများ ဈေးနိမ့်လျက်ရှိသည်။ အလားတူ မြန်မာ့ပြည်ပပို့ ဆန်ဈေးနှုန်းများမှာ ပြည်ပတင်ပို့မှုရှိသော်လည်း ဈေးအနိမ့်တွင် တည်ငြိမ်လျက်ရှိသည်။ တရုတ်၊ ဖိလစ်ပိုင်၊ မဒါဂက်စကာ၊ စပိန်၊ ပိုလန်စသော နိုင်ငံပေါင်း ၂၀ ကျော်သို့ ပုံမှန်တင်ပို့လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းတို့မှလည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ရန်ကုန် ဈေးကွက် သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းဈေးကွက်

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့အကောက်ခွန်လွတ်တင်သွင်းခွင့်ကာလကုန်ဆုံးခြင်းကြောင့်လည်းကောင်း ကမ္ဘာ့ကုန်သွယ်ရေးအခြေ အနေများနှင့်အတူ ကမ္ဘာ့ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းမတည်ငြိမ်မှုများကြောင့်လည်းကောင်း၊ သွင်းကုန်အခွန် ဖြေလျှော့ရေး ညှိနှိုင်းမှုအဖြစ် ထိုင်းနိုင်ငံသည် အမေရိကန်ပြောင်းများအား တန်ချိန်တိုးမြှင့် ဝယ်ယူမည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ နယ်စပ်ဂိတ်များမှလည်း ကုန်စည်စီးဆင်းမှု မရှိခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည် တွင်းပြောင်းဈေးမှာ ရောင်းလိုအားများခြင်း၊ အရောင်းအဝယ်အေးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်ဈေးနိမ့်လာခဲ့သည်။ ဇွန်လတတိယ ရက်သတ္တပတ်၏ ဈေးနှုန်းဖြစ်သော ၉၅၀၄၀ ကျပ်မှစတင်ဈေးနိမ့်ခဲ့ပြီး ဩဂုတ်လကုန်တွင် ၈၈၅၆၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ဆက်လက်၍ စက်တင်ဘာ ပထမရက်သတ္တပတ်တွင် ၈၆၉၄၀ ကျပ်သို့ ပြောင်းလဲ ဈေးနိမ့်လာကာ ယခု ရက်သတ္တပတ် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၈၄၇၈၀ ကျပ်သို့ရောက်ရှိ ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေအတိုင်းသာ ဆက်လက်ဖြစ်ပေါ်ပါက ထိုင်းနှင့်ပတ်သက်သော မြန်မာပြောင်းဈေးကွက်သည် အချိန်အတော်ကြာ ငုပ်လျှိုးနေနိုင်ကြောင်းနှင့် ထိုင်နိုင်ငံ၏ အကောက်ခွန်လွတ်ပြန်လည်တင်သွင်းဖြစ်သော ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီတွင်လည်း ပြောင်းဈေးတက်လာ
နိုင်ခြေမရှိသေးကြောင်း ကုန်သည်များက သုံးသပ် ထားကြသည်။

စားဖိုဆောင်သီးနှံဈေးကွက်

ကြက်သွန်နီ ကုန်အဝင်နည်းလာခြင်းနှင့်စိုက်ပျိုးထွက်ရှိရာဒေသများတွင် ပစ္စည်းအလှရှားလာခြင်း၊ စားသုံးသူများမှ အသေးစ၊ အလတ်စ များကိုသာ ဝယ်ယူမှုများခြင်း၊ ကြက်သွန်နီ(ထူး)အားဝယ်လိုအားနည်းနေခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကြက်သွန်နီ(ထူး) မှာ ယခင်အပတ်ထက် ဈေးနိမ့်ခဲ့ပြီး အလတ်စနှင့် အသေးစမှာ အနည်းငယ် ဈေးမြင့်လာခဲ့သည်။ ကြက်သွန် နီ(ထူး၊ လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၁၃၆၃- ၁၀၈၈-၇၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၃၅၀- ၁၁၈၈-၇၇၅ ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ (ကြူကုတ်)မှာ ဈေးကွက်အတွင်း ကုန်အဝင်နည်းကာ ပစ္စည်းပြတ်လပ်ခဲ့ပြီးနောက် ကုန်အဝင်ပြန် ရှိလာခြင်းကြောင့် ယခင်အပတ်ထက်ဈေးနိမ့်လာခဲ့သည်။ကြက်သွန်ဖြူ(ရှမ်း)မှာလည်း ကုန်အဝင်အနည်းငယ်ပိုလာခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားနည်းလာခြင်းတို့ကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၁၉၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း ၁၆၀၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း ၅၅၀၀ ကျပ်ဖြစ် ပြီး ယခုအပတ်ဈေးနှုန်း ၅၃၀၀ ကျပ်သို့လည်းကောင်း အသီးသီး ရောက်ရှိဈေးနိမ့်ခဲ့ကြသည်။ အာလူး(တရုတ်)မှာ ကုန်အဝင်မရှိခြင်းကြောင့် ဈေးနှုန်းကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။အာလူး(ရှမ်း)မှာ ဈေးကွက်သို့ ကုန်အဝင်နည်းသော်လည်း အစိုဓာတ်များခြင်း၊ အရွယ်အစားသေးခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ အောင်ပန်းဒေသထွက် အာလူး(S1- OK-A1 )တစ်ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၀၀၀-၅၀၀၀-၄၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၀၀၀-၄၀၀၀-၃၀၀၀ ကျပ်ဖြစ်သည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) ဈေးနှုန်းများမှာ ဈေးကွက်အတွင်း ကုန်အဝင်ပုံမှန်ရှိသော်လည်း ငရုတ်စိုများလည်း လှိုင်လှိုင်ပေါ်ချိန်ဖြစ်ခြင်းကြောင့် ဝယ်လိုအားနည်းကာ ယခင်အပတ်ဈေးနှုန်းများဖြင့်ပင် ဈေးငြိမ်ခဲ့ခြင်းဖြစ်သည်။ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၂၅၀-၁၁၅၀၀-၁၈၅၀၀ ကျပ်ဖြစ်သည်။

စားသုံးဆီဈေးကွက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၅၂၀ ကျပ်ဖြစ်သည်။ ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်  ၁၁၀ ကျပ်နှုန်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ဟင်းသီးဟင်း ရွက်ဆီ အဓိကဝယ်ယူတင်သွင်းသော အိန္ဒိယနိုင်ငံသည် ပွဲတော်ကာလ စားသုံးမှု အတွက် ဝယ်ယူမှုအပြင် ပုံမှန်စားသုံးမှုများအတွက်ပါ အမြောက်အများဝယ်ယူတင်သွင်းမှု ရှိခဲ့ခြင်းကြောင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများ၏ ဆီလက်ကျန်နည်းကာ ဈေးနှုန်းများ လည်း မြင့်လာခြင်းဖြစ်ကြောင်း သိရသည်။                                                                   

  အေးသန္တာဝင်း