ကျောက်ဆည်ဒေသထွက် ဖီးကြမ်းငှက်ပျောများ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးသို့ ရောက်ရှိ

ကျောက်ဆည်ဒေသမှ ထွက်ရှိသော မြန်မာ့မျိုးစိတ် ဖီးကြမ်းငှက်ပျောကို ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့များသို့ ဖြန့်ဖြူးပေးနေကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (မန္တလေး)မှ သိရှိရသည်။
ကျောက်ဆည်ဒေသသည် မန္တလေးတိုင်းဒေသကြီး၏ လယ်တွင်း ၉ ခရိုင်အနက်မှ တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးကို မှီခိုအားထားနေရသော ခရိုင်တစ်ခုဖြစ်သည်။ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ငရုတ်ပွ၊ သရက်သီးနှင့် ငှက်ပျောတို့ကို ရာသီအလိုက် စိုက်ပျိုးကြသည်။ ငှက်ပျောစိုက်ပျိုးမှုမှာလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်အခြေအနေ တစ်ခုထိ တိုးတက်လာခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီမှမတ်လ) အတွင်း ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ဧက ၁၂၈၂ ဧကရှိပြီး ယခုအချိန်အထိ ငှက်ပျောရိတ်သိမ်းမှု ၁,၂၆၄ ဧကရှိကြောင်း ခရိုင် မြေစာရင်းဦးစီးဌာန စာရင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ငှက်ပျောသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်သည်။ ၁ ဧကလျှင် ငှက်ပျောပင် ၈၀၀ ခန့် စိုက်ပျိုးနိုင်သည်။ စိုက်ပြီး ၉ လမှ ၁၀ လအထိ ငှက်ပျောဖူးများ ထွက်လာပြီး ၃ လအကြာတွင် ငှက်ပျောသီး ခုတ်သိမ်းမှု စတင်နိုင်ပါသည်။
ဖီးကြမ်းငှက်ပျော အမျိုးအစားကို ကျောက်ဆည်ဒေသတွင် အဓိက စိုက်ပျိုးသည်။ ပျိုးပင်၊ လုပ်အားခနှင့် အခြား သွင်းအားစုစရိတ်များ အပါအဝင် ငွေကျပ် ၁ ဒသမ ၅ သန်းခန့် ကုန်ကျသည်။ ၁ ဧကတွင် ငှက်ပျော ခိုင် ၈၀၀ ခန့် ထွက်သည်။
ပွဲစားများသည် ငှက်ပျောသီးဝယ်ရန် ခြံသို့လာရောက်ကြပြီး ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့များရှိ ဈေးဆိုင်များသို့ ရောင်းချကြသည်။
ငှက်ပျောပင်တစ်ခုလုံး (အရွက်၊ အညွန့်နှင့် အခွံ) သည် များစွာအသုံးဝင်ပြီး ဒေသခံများ အတွက် အကျိုးအမြတ်များသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း
သိရှိရသည်။
ဥမ္မာထွန်း
https://www.gnlm.com.mm/kyaukses-pheegyan-bananas-reach-yangon-mandalay-and-bago/