ရမည်းသင်းမှ စပျစ်သီးများ ရန်ကုန်သို့ အဓိကပို့ဆောင်

ရမည်းသင်းမြို့နယ်၌ စိုက်ပျိုးထွက်ရှိသော စပျစ်သီးများကို ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးမှာယူထားကြောင်း သိရသည်။
လက်ရှိ မုတ်သုံရာသီတွင် ခူးဆွတ်ပြီးဖြစ်သည့် ရမည်းသင်းစပျစ်သီးများကို ရန်ကုန်၊ မော်လမြိုင်နှင့် မန္တလေးမြို့များသို့ တင်ပို့လျက်ရှိသော်လည်း ရန်ကုန်မြို့မှ အဓိကမှာယူသည့် နေရာဖြစ်သည်။ သို့သော် လည်း မုတ်သုံရာသီတွင်ထွက်ရှိသည့် စပျစ်သီးများသည် အခြားရာသီတွင် ထွက်ရှိသည့် စပျစ်သီးများကဲ့သို့ ဈေးနှုန်းအားဖြင့် တည်ငြိမ်မှုမရှိကြောင်း တွေ့ရှိရသည်။ ပြီးခဲ့သည့် နွေရာသီက စပျစ်စိုက် တောင်သူများ အမြတ်အစွန်းများစွာရခဲ့သည့် စပျစ်သီးအထွက်များသော ရာသီဖြစ်ခဲ့ကြောင်းသိရသည်။
စပျစ်သီးများ ဖေဖော်ဝါရီလမှ မေလအထိ ထွက်ရှိပါသည်။ နွေရာသီစပျစ်သီးမှာ ဈေးနှုန်းကောင်းမွန်ပြီး အရောင်းအဝယ်လည်း ကောင်းမွန်သည်။
“ဒါပေမယ့် မိုးရာသီစပျစ်ဈေးက သိပ်မကောင်းဘူး”ဟု ရမည်းသင်းမြို့နယ်မှ စပျစ်စိုက်တောင်သူ ကိုအောင်ကိုဝင်းက ပြောသည်။
ရမည်းသင်းမြို့နယ်တွင် စပျစ်စိုက်ခင်းများ အများအပြားရှိပြီး စပျစ်သီးများကို တစ်နိုင်ငံလုံးအနှံ့သို့ တင်ပို့လျက်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရန် စပျစ်သီး ပွဲစားများ ရမည်းသင်း၌ အများအပြားရှိကြောင်း သိရှိရသည်။
ရမည်းသင်းမြို့နယ်တွင် စပျစ်စိုက်ခင်းများကို သဲကျွန်း၊ အနောက်အုတ်ဖို၊ လယ်သာနှင့် ကုလားမြောင်ကျေးရွာအုပ်စုတို့တွင် တိုးချဲ့စိုက်ပျိုး ခဲ့ပြီး ၂၀၁၃ ခုနှစ် စာရင်းဇယားများအရ ရမည်းသင်းမြို့နယ်တွင် စပျစ်စိုက်ဧက စုစုပေါင်း ၅၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.gnlm.com.mm/235850-2/