သင်္ကြန်ပိတ်ရက် နောက်ပိုင်းကာလများတွင် ကုလားပဲဈေးနှုန်း ပြန်လည်မြင့်တက်လျက်ရှိ

ကုလားပဲဈေးကွက်အတွင်း ကုလားပဲအသစ်များ အဆမတန်ဝင်ရောက်မှုကြောင့် သင်္ကြန်ပိတ်ရက်မတိုင်မီ ကုလားပဲဈေးနှုန်းကျဆင်းခဲ့ပြီး ဧပြီ ၂၀ ရက်နောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း မန္တလေး လက်ကားအရောင်းဆိုင်စာရင်းများအရ သိရှိရသည်။
ဧပြီ ၂၀ ရက်တွင် ကုလားပဲ ၃ တင်းဝင်အိတ်တစ်အိတ်လျှင် ကျပ် ၂၃၂,၀၀၀ မှ ၂၅၇,၀၀၀ ကြား ပေါက်ဈေးရှိခဲ့ပြီး၊ လာမည့်ရာသီတွင် စိုက်ပျိုးရန်အတွက် မျိုးစေ့သိုလှောင် ထားသည့် ဆီစက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူများ၏ ဝယ်လိုအား မြင့်မားမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းလိုအား မြင့်တက်လာခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ၃ တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၇,၀၀၀ မှ ၃၁၅,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။
ပြည်တွင်းစားသုံးမှုမှာ ကုလားပဲကို မှီခိုအားထားနေသောကြောင့် လုပ်ငန်းရှင်များ၏ ဝယ်လိုအားနှင့် ဈေးနှုန်းအတက်အကျတို့ဆက်စပ်နေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရှိရပါသည်။
ကုလားပဲကို အောက်တိုဘာ မှ နိုဝင်ဘာအတွင်းစိုက်ပျိုးကြပြီး ဇန်နဝါရီမှ ဧပြီ အတွင်း ရိတ်သိမ်းကြသည်။ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးပါသည်။
မြန်မာနိုင်ငံသည် စပါး၊ ပြောင်း၊ ဝါ၊ ကြံ နှင့် ပဲမျိုးစုံကို အဓိကစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင်ပဲမျိုးစုံ သည် ဒုတိယအများဆုံးဖြစ်ပြီး စိုက်ပျိုးသီးနှံ ထွက်ကုန် စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းနှင့် စိုက်ပျိုးဧက၏ ၂၀ ရာခိုင်နှုန်းရှိပါသည်။ ၎င်းတို့အနက် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းမှာ ပဲစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းဖြစ်ပြီး ကုလားပဲ၊ ပဲပိစပ်၊ ပဲလွန်းဖြူ၊ ပဲထောပတ်နှင့် ပဲနီကြားအပါအဝင် အခြားပဲများကို မြန်မာနိုင်ငံတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ ကျောထောက်နောက်ခံဖြစ်ပြီး နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကို သိသိသာသာအကျိုးပြုသည်။
မြန်မာ့ပဲမျိုးစုံသည် စိုက်ပျိုးရေးထုတ်ကုန်များအနက်ဦးဆောင်ထုတ်ကုန် တစ်ခုဖြစ်ပြီး၊ မြန်မာ့ကုလားပဲသည် ပြည်တွင်းစားသုံးမှုဖူလုံရုံမက ပြည်ပဈေးကွက်သို့ပါအနည်းငယ် တင်ပို့ ရောင်းချနိုင်ခဲ့ပါသည်။ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေး နှစ် (ဧပြီ-မတ်) အတွင်း နိုင်ငံခြားကုန်သွယ်မှု မိတ်ဖက်များထံ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၇၈ သန်းတန်ဖိုးရှိ ကီလိုဂရမ် ၅၈၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၃၉ သန်း တန်ဖိုးရှိ ကုလားပဲ ကီလို ၁၈,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
အေးအေးခိုင်
Global New Light of Myanmar