ရုရှားသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရူဘယ်ဖြင့် ရောင်းချပြီး အခြား ၄၀ ရာခိုင်နှုန်းခန့်ကို ယွမ်ဖြင့် ရောင်းချလျက်ရှိ

ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ၈၀ ရာခိုင်နှုန်း ခန့်ကို ရူဘယ်နှင့် ယွမ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုရှားနှင့် တရုတ်ငွေကြေးများ သုံးစွဲမှုသည် တွက်ချက်မှု၏ ၄၀ ရာခိုင်နှုန်းစီရှိကြောင်း၊ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေ သုံးစွဲမှုကို အနည်းဆုံးသို့ လျှော့ချလိုက်ကြောင်း ရုရှား ဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ရလဒ်များအပေါ် အခြေခံ၍ တရုတ်နိုင်ငံနှင့် ငွေပေးချေမှု ၉၀ ရာခိုင်နှုန်းကျော် သည် နိုင်ငံသုံးငွေကြေးများဖြစ်သည့် ရူဘယ်နှင့် တရုတ်ယွမ်တို့ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပို့ကုန်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရူဘယ်ဖြင့် လည်းကောင်း၊ အခြား ၄၀ ရာ ခိုင်နှုန်းခန့်ကို တရုတ်ယွမ်ဖြင့် လည်းကောင်း၊ ကျန် ၂၀ ရာခိုင်နှုန်းသည် အခြားငွေကြေးများဖြင့် လည်းကောင်း ရောင်းချကြောင်း ဒုတိယဝန်ကြီးချုပ် ပြောကြားခဲ့သည်။
နိုင်ငံအများအပြားသည် နိုင်ငံသုံးငွေကြေးများဖြင့် စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်လာ ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်လာကြောင်း၊ ၎င်းသည် အနောက်နိုင်ငံများ၏ တင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများနှင့် အဓိကဆက်စပ်လျက်ရှိကြောင်း၊ ၎င်းသည် ဒေါ်လာနှင့် ယူရိုသုံးစွဲမှုကို အမှန်တကယ် လျော့ကျသွားကာ အဆိုပါ လမ်းကြောင်းသည် ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း Mr. Novak က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရုရှားသည် မိတ်ဆွေနိုင်ငံများသို့ ရေနံတင်ပို့မှုကို ၈၆ ရာခိုင်နှုန်းအထိ၊ ရေနံ ထွက်ကုန်ပစ္စည်းများတင်ပို့မှုကို ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း၊ ပိတ်ဆို့အရေးယူမှုများ စတင်ပြီးနောက် ဥရောပနိုင်ငံများသို့ ရေနံတင်ပို့မှုမှာ ၄-၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ ရုရှား၏ ရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများ တင်ပို့မှုအများစုသည် တရုတ်နှင့် အိန္ဒိယသို့ ရောက်ရှိခဲ့ ပြီး ပေကျင်း၏ ဝေစုသည် ၄၅-၅၀ ရာခိုင်နှုန်းအထိနှင့် နယူးဒေလီ၏ ဝေစုသည် ၄၀ ရာခိုင်နှုန်းအထိ မြှင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။
ခွန်မျိုးသူ
Source : https://www.kommersant.ru/doc/6581855