ကနေဒါက အင်ဒို-ပစိဖိတ်ဒေသတွင် စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာရုံး ဖွင့်လှစ်

ကနေဒါအစိုးရသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အင်ဒို-ပစိဖိတ် စိုက်ပျိုးရေးနှင့် လယ်ယာစားနပ်ရိက္ခာရုံးအသစ် (IPAAO)ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါရုံးတွင် IPAAO ၏ အမှုဆောင်ဒါရိုက်တာအဖြစ် Diedrah Kelley အားခန့်အပ်ခဲ့သည်။
Kelly သည် နိုင်ငံရပ်ခြားတွင် တာဝန်များစွာ ထမ်းဆောင်ခဲ့မှုအပါအဝင် ကနေဒါ ကမ္ဘာလုံးဆိုင်ရာဌာနတွင်ပါ တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် နိုင်ငံတကာ အတွေ့အကြုံ အနှစ် (၂၀) နီးပါးရှိသည်။
IPAAO သည် ကနေဒါနိုင်ငံရှိ စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာအဖွဲ့(AAFC) နှင့် ကနေဒါအစားအစာ စစ်ဆေးရေး အေဂျင်စီ (CFIA) တို့အကြား ပူးတွဲလုပ်ဆောင်မှု တစ်ခုဖြစ်ပြီး ရေရှည်တွင် နှစ်ဖက်ကတိပြုထားသောဆက်ဆံရေး ပိုမို အားကောင်းလာစေရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေး၊ ကနေဒါပို့ကုန်လုပ်ငန်းရှင်များ အား စီးပွားရေး အခွင့်အလမ်းသစ်များ ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်နှင့် ကနေဒါကို ဒေသတွင်း ဦးစားပေး တင်သွင်းသူအဖြစ် ရပ်တည်နိုင်အောင် ကူညီပေးခြင်းတို့ ပါဝင်ပါသည်။
မိတ်ဖက်များနှင့် ကုန်သွယ်မှုအပြန်အလှန်ဆက်ဆံရေးများ တိုးချဲ့ခြင်းသည် ကနေဒါ အစိုးရအတွက် ထိပ်တန်းဦးစားပေး ဖြစ်ပြီး IPAAO ကို တည်ထောင်ခြင်းသည် ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း (AAFC) က ပြောကြား ခဲ့ပါသည်။
CFIA နှင့် AAFC အဖွဲ့အစည်းနှစ်ခုလုံးမှ IPAAO ၏ အရင်းအမြစ်များကို လယ်ယာကုန်သွယ်မှုဆိုင်ရာ ပြဿနာများ နှင့် အခွင့်အလမ်းများကို ထိတွေ့ဆက်ဆံခြင်း၊ မြှင့်တင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဒေသဆိုင်ရာ ချဉ်းကပ်မှုတစ်ရပ်အနေဖြင့် လုပ်ဆောင်မည်လည်း ဖြစ်သည်။
IPAAO အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ရေရှည်တည်တံ့နိုင်ရေးတွင် ကတိကဝတ်ပြုထားသည့် မိတ်ဖက်အနေဖြင့် ကနေဒါ၏ ဒေသတွင်း အရေးပါသော အခန်းကဏ္ဍကို မြှင့်တင်ပေးမည်ဖြစ်သည်။
"အင်ဒို-ပစိဖိတ်ဒေသသည် ကနေဒါနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလားအလာ များစွာရှိနေပြီး မနီလာတွင် အင်ဒို-ပစိဖိတ် စိုက်ပျိုးရေးနှင့် လယ်ယာစားနပ်ရိက္ခာရုံးအသစ် တည်ထောင်ခြင်းသည် ဒေသတွင်းတွင် ကျွန်ုပ်တို့၏ ကတိကဝတ် ပြုထားမှုသင်္ကေတတစ်ရပ် ဖြစ်သည်" ဟု စိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာဆိုင်ရာ ကနေဒါဝန်ကြီး Lawrence MacAulay က ပြောကြားခဲ့ကြောင်း သိရသည်။
ဖုန်းမြတ်ဝင်းမောင်မောင်