အိန္ဒိယအပေါ် အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအား အပြည့်အဝ ဆန့်ကျင်ဟု တရုတ်နိုင်ငံပြောကြား

အိန္ဒိယအပေါ် အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအား အပြည့်အဝ ဆန့်ကျင်ဟု တရုတ်နိုင်ငံပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမေရိကန်ပြည်ထောင်စု၏ အိန္ဒိယနိုင်ငံအပေါ် ၅၀ ရာခိုင်နှုန်းအထိ အကောက်ခွန်စည်းကြပ်မှုနှင့်ထပ်မံတိုးမြှင့်ရန် ခြိမ်းခြောက်မှုကို အပြည့် အဝဆန့်ကျင်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xu Feihong က ယခုလ ၂၁ ရက်တွင် ပြောကြား ခဲ့သည်။

Feihong က အကောက်ခွန်နှင့် ကုန်သွယ်ရေး "စစ်ပွဲများ" သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ကုန်သွယ်မှုစနစ်ကို ထိခိုက်ပျက်ပြားစေနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တရုတ်သံအမတ်ကြီး၏ ပြောကြားချက်သည် အိန္ဒိယ-တရုတ် ဆက်ဆံရေး တိုးတက် လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်၍ အရေးပါကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ယခုလ ၁၉ ရက်တွင် "တည်ငြိမ်သော၊ ပူးပေါင်းဆောင်ရွက်သော၊ အနာဂတ်ကိုမျှော် မှန်းသော" ဆက်ဆံရေးအတွက် အစီအမံများစွာကို ထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအမံများတွင် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးကို ပူးပေါင်းထိန်းသိမ်းခြင်း၊ နယ်စပ်ကုန်သွယ်မှုကို ပြန်လည်ဖွင့်လှစ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို မြှင့်တင်ခြင်းနှင့် တိုက်ရိုက်လေကြောင်း ဆက်သွယ်မှုများကို အမြန်ဆုံးပြန် လည်စတင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အာရှ၏ ဧရာမနိုင်ငံကြီးနှစ်ခု၏ "ပြည့်ဝသော" ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို အကောင် အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်သည့် အဆိုပါထုတ်ပြန်ကြေညာချက်များသည် သမ္မတ Donald Trump ၏ ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ မူဝါဒများကြောင့် အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ဆက်ဆံရေးတွင် တိုးပွားလာသော ကွဲလွဲမှုများအကြားတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ယခုသီတင်းပတ် အစောပိုင်းတွင် ဝန်ကြီးချုပ် Narendra Modi နှင့် တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး S. Jaishankar၊ အမျိုးသားလုံခြုံရေး အကြံပေး Ajit Doval တို့နှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့သည် အဆိုပါ အစီ အမံများကို နှစ်နိုင်ငံပူးတွဲစာတမ်းတစ်ခုတွင် ထည့်သွင်းဖော်ပြခဲ့ကြကြောင်း သိရသည်။

တရုတ်သံအမတ်ကြီးက IIC တွင် ကျင်းပသော အခမ်းအနားတစ်ခု၌ ပြောကြားရာတွင် ဝါရှင် တန်မှ နိုင်ငံအသီးသီးအပေါ် စည်းကြပ်ထားသည့် အကောက်ခွန်များကို ရည် ညွှန်းပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံအပေါ် ၅၀ ရာခိုင်နှုန်းအထိ အကောက်ခွန်များ စည်းကြပ်ခဲ့ပြီး ထပ်မံစည်းကြပ်ရန်ပင် ခြိမ်း ခြောက်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်း အား အပြည့်အဝ ဆန့်ကျင်သည်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပမည့် SCO Summit အကြောင်း ပြောကြားရာတွင် Feihong က တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း၍ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အကျိုးဖြစ်ထွန်းသော ရလဒ်များပါဝင်သည့် ထိပ်သီးအစည်းအ ဝေးကို ကျင်းပရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

“နဂါးနှင့် ဆင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှု” (Dragon-elephant tango) ၏ အခန်းသစ်တစ်ခုကို ကျွန်တော်တို့ အတူတကွဖွင့်လှစ်နိုင်ပါတယ်" ဟု ၎င်းက အခိုင်အမာပြောကြား ခဲ့သည်။

သို့ဖြစ်ရာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အနေဖြင့် အမေရိကန်၏ ကောက်ခွန်ဆိုင်ရာ ခြိမ်းခြောက် မှုကို တုံ့ပြန်ရန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်နှင့် ဆက် ဆံရေးပိုမိုခိုင်မာအားကောင်းစေရန် အတူတကွပူးပေါင်းဆောင်ရွက်သွားမည့် အလားအလာများရှိနေကြောင်း တင်ပြလိုက်ရပါသည်။

ကောင်းထွဋ်အောင်

Economic Times, China Fully Opposes it: Envoy Xu on US Tariffs, August 22, 2025.