စားတော်ပဲ အကောက်ခွန်မဲ့ တင်သွင်းခွင့် သက်တမ်းတိုးခြင်းသည် အိန္ဒိယပြည်သူတို့၏ အသက်မွေးမှုနှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံရေးကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်

အိန္ဒိယနိုင်ငံအစိုးရက မကြာသေးမီက စားတော်ပဲ (Yellow Pea) ၏ အကောက်ခွန်မဲ့ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ခြင်းသည် အိန္ဒိယပြည်သူ တို့၏ စားသုံးဆီကဏ္ဍတွင် တွေ့ကြုံခဲ့ရသည့် ဆိုးရွားသော အခြေအနေကို ထပ်မံဖြစ်ပေါ်စေနိုင်ပြီး အိန္ဒိယ တောင်သူသန်းပေါင်းများစွာ၏ အသက်မွေး ဝမ်းကျောင်းနှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးကို ထိခိုက်စေနိုင်ကြောင်း ဆောင်းပါးရှင် TR Kandasamy က ယခုလ ၁ ရက်နေ့က Hindu Businessline ၌ သုံးသပ်ရေးသားဖော်ပြထားသည်။
လက်ရှိတွင် သုညရာခိုင်နှုန်း အခွန်ဖြင့် တင်သွင်းလျက်ရှိသော စားတော်ပဲများသည် အိန္ဒိယ နိုင်ငံ၏ ရိုးရာပဲမျိုးများဖြစ်သည့် ကုလားပဲ (Chana) နှင့် ပဲစင်းငုံ (Tur)တို့ကို တွန်းတွန်းတိုက်တိုက် ဖြင့် အစားထိုးနေရာယူလျက်ရှိကြောင်း၊ အဆိုပါ တင်သွင်းလာသော စားတော်ပဲများ၏ ဆိပ်ကမ်း အရောက် ကုန်ကျစရိတ်မှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျင် ရူပီး ၃၅၀၀ သာရှိပြီး ၎င်းသည် အိန္ဒိယနိုင်ငံရှိ ပဲအများစု၏ ကြမ်းခင်းဈေး (Minimum Support Price- MSP) ၏ တစ်ဝက်မျှပင်မရှိ သဖြင့် အိန္ဒိယတောင်သူများ၏ ထွက်ကုန်များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိစေဘဲ စီးပွားရေးအရ တွက်ခြေ မကိုက်ဖြစ်စေကြောင်း ဖော်ပြထားသည်။ စက်တင်ဘာလတွင် ကနေဒါနိုင်ငံမှ စားတော်ပဲသစ်များ ရောက်ရှိလာမည်ဟု မျှော်မှန်းထားသဖြင့် ဈေးနှုန်းများ ယခုထက် ပိုမိုကျဆင်းနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။
ပြည်ပမှ အကောက်ခွန်မဲ့ စားတော်ပဲများ ဆက်လက်ဝင်ရောက်မှုသည် တောင်သူများ၏ ပြည်တွင်းပဲထုတ်လုပ်မှုကို မလွဲမသွေ ထိခိုက်ပျက်စီးစေမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ပင် ပြန်မရ နိုင်သော တောင်သူများသည် ပဲစိုက်ပျိုးခြင်းကို စွန့်လွှတ်ကြမည်ဖြစ်ပြီး ၎င်းသည် ကိုယ့်အားကိုယ် ကိုးနိုင်မှုတွင် ဆိုးရွားသော ကျဆင်းမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်ပမှ တင်သွင်းမှုအပေါ် အလွန်အကျွံမှီခိုခြင်းသည် သမားရိုးကျ စီးပွားရေးကျဆင်းမှုထက် ပိုမိုကြီးမားသော အန္တရာယ်ကို ဆောင်ကြဉ်းလာကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အဖြစ် အပျက်များက ပြသခဲ့သည့်အတိုင်း စားနပ်ရိက္ခာဖူလုံရေးသည် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးဆုံးဖြစ်ကြောင်း ဆောင်းပါး ရှင်က ဖော်ပြထားသည်။
စားတော်ပဲအပေါ် ကုလားပဲ၏ ကြမ်းခင်းဈေး (MSP) နှင့် ညီမျှအောင် သိသာထင်ရှားသော သွင်းကုန် ခွန် ချမှတ်ဆောင်ရွက်ခြင်းသည် ကာကွယ်ရေးဆိုင်ရာ အစီအမံတစ်ခုမျှသာမဟုတ် စိုက်ပျိုး ရေးဆိုင်ရာ စီးပွားရေးအခြေအနေကို ကာကွယ်ရန်၊ တောင်သူများကို စွမ်းပကားမြှင့်တင်ရန်နှင့် ပြင်ပ အားနည်းချက်များမှ နိုင်ငံ၏ ခံနိုင်ရည်ရှိမှုကို သေချာစေရန်အတွက် မဟာဗျူဟာမြောက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ် ကြောင်း အစိုးရအား အကြံပြုပြောကြားခဲ့သည်။
မကြာသေးမီက အိန္ဒိယဗဟိုအစိုးရသည် စားသုံးဆီအပေါ် တင်သွင်းခွန်ကို ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရုံသာမက စားတော်ပဲအတွက် အကောက်ခွန်မဲ့ တင်သွင်းခွင့်ကာလကို လည်း သက်တမ်းတိုးမြှင့်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု၏ အကျိုးဆက်များ ကို ပြည်သူတို့ ခံစားနေရပြီး၊ ဟင်းသီးဟင်းရွက်ဆီသုံးစွဲမှု၏ ၆၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းမှု များဖြင့် ဖြည့်ဆည်းနေရသဖြင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်စေကြောင်း၊ ၁၉၉၀ ခုနှစ်မတိုင်မီက စားသုံးဆီတင်သွင်းမှုကို ကန့်သတ် ထားရှိခဲ့ရာ ပြည်တွင်းထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကိုသာ အစိုးရက တင်သွင်းကာ ပြည်တွင်း၌ ရောင်းချခဲ့ကြောင်း၊ ဆောင်းပါးရှင်က လက်ရှိ စားတော်ပဲတင်သွင်းမှု မူဝါဒကို စားသုံးဆီတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်ခဲ့ရသလို ထိခိုက်မှုရှိလာနိုင်သည့် အခြေအနေကို နှိုင်းယှဉ်ဝေဖန်သုံးသပ်ထားကြောင်း တွေ့ရှိရသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, y, July 1, 2025.