ရုရှားမှ ဖိလစ်ပိုင်သို့ ကြက်ဘဲသားထုတ်ကုန်များ တင်ပို့ခွင့် ပြန်လည်ရရှိ

ရုရှားမှ ဖိလစ်ပိုင်သို့ ကြက်ဘဲသားထုတ်ကုန်များ တင်ပို့ခွင့် ပြန်လည်ရရှိ

ရုရှားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ကြက်ဘဲသားနှင့် ၎င်း၏ ထုတ်ကုန်ပစ္စည်းများ တင်ပို့ခွင့် ပြန်လည်ရရှိကြောင်း ရုရှားတိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေး ကြီးကြပ်ကွပ်ကဲမှု ဖက်ဒရယ်အစိုးရဌာန (Rosselkhoznadzor)က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စတင်ချမှတ်ခဲ့သည့် ရုရှားကြက်ဘဲထုတ်ကုန်များ ပေးပို့မှုဆိုင်ရာတားမြစ်ချက်ကို ယခုလ (၂၀၂၅ ခုနှစ်၊ ဇူလိုင်) တွင် ရုပ်သိမ်းခဲ့ပြီး ရုရှားမှ ဖိလစ်ပိုင်သို့ ကြက်ဘဲသားနှင့် ယင်းထုတ်ကုန်ပစ္စည်းများ တင်ပို့ရန် နောက်ဆုံးပြင်ဆင်ထားသော တိရစ္ဆာန်ဆေးဘက်ဆိုင်ရာလက် မှတ်(veterinary certificate) အသစ်ကိုလည်း သဘောတူညီခဲ့ကြကြောင်း Rosselkhoznadzor ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားမှတ်ပုံတင်စာရင်း၌ အဆိုပါကုန်ပစ္စည်းများထုတ်လုပ်သည့် ရုရှားကုမ္ပဏီ/လုပ်ငန်း ၉ ခု ပါဝင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကြက်ဘဲသားထုတ်ကုန်များကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် တိရိစ္ဆာန်နှင့် ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ယင်းထုတ်ကုန် အမျိုးအစားများအား ထောက်ပံ့ပေးရန် လိုအပ်သောအခြေအနေများနှင့် ကိုက်ညီမှုရှိခြင်း၊ Rosselkhoznadzor ဌာနက ယင်းထုတ်ကုန်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သိုလှောင်ထားရှိခြင်းအတွက် လုပ်ငန်းများကိုစစ်ဆေးခြင်း၊ ထုတ်လုပ်သည့်လုပ်ငန်းများသည် ပြည်ပရှိ တာဝန်ရှိအာဏာပိုင်အဖွဲ့များထံမှ အသိအမှတ်ပြု လက်မှတ်ရရှိရန် လိုအပ်ပြီး သက်ဆိုင်ရာမှတ်ပုံတင်စာရင်းအတွင်း ပါဝင်ရန် လိုအပ်ခြင်း စသည့်အခြေအနေများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။

ထို့အပြင် ရုရှားမှ ဖိလစ်ပိုင်သို့ အမဲသားနှင့် အမဲသားထုတ်ကုန်များ တင်ပို့ခွင့်အတွက်လည်း တိရစ္ဆာန်ဆေးဘက်ဆိုင်ရာလက်မှတ်အသစ်ကို သဘောတူညီမှုရရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ရုရှားအမဲသားထုတ်လုပ်သည့် လုပ်ငန်း ၂ ခုသည် ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရန်အတွက် လက်မှတ်ရရှိထားသည်။

ခွန်မျိုးသူ

https://fsvps.gov.ru/news/rossija-soglasovala-vozmozhnost-jeksporta-mjasa-i-subproduktov-pticy-na-filippiny/