ရုရှားနိုင်ငံ၏ ဓာတ်မြေဩဇာတင်ပို့မှု ပထမ ၆ လအတွင်း ၈ ရာခိုင်နှုန်း တိုးမြင့်

ရုရှားနိုင်ငံမှ ကုမ္ပဏီများ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်အတွင်း ဓာတ်မြေ ဩဇာတင်ပို့မှုသည် ပမာဏအားဖြင့် တန်ချိန် ၂၂ ဒသမ ၇ သန်းအထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင် နှုန်း တိုးမြင့်လာခဲ့ကြောင်း ရုရှားဓာတ်မြေဩဇာ ထုတ်လုပ်သူများအသင်း (Russian Association of Fertilizer Producers- RAFP) မှ သတင်း ထုတ်ပြန်ထားသည်။
ရုရှားနိုင်ငံ၏ ဓာတ်သတ္တု ဓာတ်မြေသြဇာထုတ်လုပ်နိုင်မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၆၅ သန်းအထိ၊ ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မှုသည် တန်ချိန် ၄၄ သန်း အထိ၊ ၅ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌ Mr. Andrey Guryev က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းပမာဏ နှစ်ခုလုံးသည် စံချိန်အသစ် တင်နိုင်ဖွယ်ရှိသည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ဓာတ်မြေသြဇာထုတ်လုပ်နိုင်မှုသည် တန်ချိန် ၆၃ သန်း ရှိခဲ့ပြီး တင်ပို့နိုင်မှုသည် တန်ချိန် ၄၂ သန်းအထိ စံချိန်တင်မှတ်တမ်း ရရှိခဲ့သည်။
ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာ အဓိကတင်ပို့သောနိုင်ငံများမှာ ဘရာဇီး၊ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ တူကီယဲ၊ ပြင်သစ်၊ ဂျာမနီ၊ မလေးရှား စသည့်နိုင်ငံများဖြစ်ကြောင်း သိရသည်။
ခွန်မျိုးသူ
https://tass.ru/ekonomika/24516389