ဆန်လုံလောက်စွာ ဝယ်ယူရရှိရေး ဆောင်ရွက်လျက် ရှိသော်လည်း ဂျပန်တွင် ဆန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေ

ဂျပန်အစိုးရအနေဖြင့် ပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံ့အရန်ဆန်များကို ထုတ်ရောင်းပေးခဲ့သော်လည်း ဆန်ဈေးနှုန်းမှာ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ပျမ်းမျှအားဖြင့် ၄,၂၃၃ ယန်း (အမေရိကန်ဒေါ်လာ ၃၀) အထိ မြင့်တက်ခဲ့ကြောင်းနှင့်ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း ၇-၅-၂၀၂၅ ရက်နေ့တွင် ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ၇-၅-၂ဝ၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် ဖော်ပြပါရှိသည်။
အဆိုပါ သတင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာအနေဖြင့် ဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်မည့် အစီအမံများကို ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သော်လည်း လက်ရှိတွင် ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများမှာ ၁၇ လ ဆက် တိုက် မြင့်တက်လျက် ရှိကြောင်း၊ ဧပြီ ၁၇ ရက်နေ့အထိ ရက်သတ္တ ၁ ပတ်တာကာလအတွင်း ဂျပန်နိုင်ငံတစ်ဝန်းလုံးရှိ စတိုးဆိုင်များတွင် ပျမ်းမျှဆန်ဈေးမှာ ၅ ကီလို ဂရမ် ၁ အိတ်လျှင် ၁၃ ယန်း မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ မတ်လမှ စတင်၍ အများဆုံးဖြစ်ခဲ့ကြောင်း ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်းဝန်ကြီး ဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
ယခင်နှစ်တွင် အပူချိန်မြင့်မားခဲ့မှုကြောင့် ဆန်အထွက်နှုန်းကျဆင်းခဲ့ခြင်းနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်မှုမြင့်မားကာ ဆန်စားသုံးမှုများပြားသဖြင့် ဆန်ဝယ်လို အားမှာ လတ်တလောတွင် များပြားလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဆန်လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် အရန်ဆန် တန်ချိန် ၃၁၂,၀၀၀ ကို ထုတ် ရောင်းပေးသွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
သူဇာဖြိုး