စားအုန်းဆီအကြွင်းအကျန်နှင့် အသုံးပြုပြီးဆီတင်ပို့မှုကို အင်ဒိုနီးရှား တားမြစ်

စားအုန်းဆီအကြွင်းအကျန်နှင့် အသုံးပြုပြီးဆီတင်ပို့မှုကို အင်ဒိုနီးရှား တားမြစ်

အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ဆီအုန်းကြိတ်ရည် (palm oil mill effluent)၊ အက်စစ်ပါဝင်မှုမြင့်သည့် စားအုန်းဆီအကြွင်း အကျန်နှင့် အသုံးပြုပြီးဆီ တင်ပို့မှုကို ကန့်သတ်သည့် လုပ်ထုံးလုပ် နည်းအသစ်ကို ထုတ်ပြန်ခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် အဆိုပါ လုပ်ထုံး လုပ်နည်းသည် ယခင်ထုတ်ပြန်ခဲ့သည့် ဆီအုန်းထုတ်ကုန်များတင်ပို့မှု လုပ်ထုံးလုပ်နည်းကို ထပ်မံပြင်ဆင်ခြင်းဖြစ်သည်။ 

ကုန်သွယ်ရေးဝန်ကြီး Budi Santoso က “မူဝါဒမှာ စားသုံးဆီလုပ်ငန်းအတွက် ကုန်ကြမ်းရရှိ မှုသေချာစေရေး၊ ဆီအုန်းမှထုတ်လုပ်သည့် ဇီဝဒီဇယ် (B40) အကောင်အ ထည်ဖော်မှုကို အထောက်အကူပြုနိုင်ရေးရည်ရွယ်ကြောင်း၊ သမ္မတ၏ တိုက်ရိုက်ညွှန်ကြားချက်အရ စားသုံးဆီထုတ်လုပ်မှုနှင့် B40 အကောင် အထည်ဖော်မှုတို့အတွက်စားအုန်း ဆီကြမ်း ကုန်ကြမ်းပစ္စည်း ရရှိစေရေးမှာ အဓိက ဦးစားပေးအချက်ဖြစ်ကြောင်း၊ ယခုထုတ်ပြန်သည့် မူဝါဒကို အကောင်အထည်ဖော်ရာ တွင် ပို့ကုန် အပေါ် သက်ရောက်မှုရှိနိုင်သော်လည်း ပြည်တွင်းလုပ်ငန်းများ၏ အကျိုးစီးပွားကို ဦးစားပေးရန် လိုအပ်ကြောင်း” ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

မူဝါဒအသစ်အရ အသုံးပြုပြီးစားအုန်းဆီနှင့် ဆီအုန်းအကြွင်းအကျန်များတင်ပို့မှုနှင့် စပ်လျဉ်း၍ ဝန်ကြီး ဌာနများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအကြား ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်။ ဆွေးနွေးမှုများတွင် ပို့ကုန်ခွင့်ပြုချက်ရယူရန် လိုအပ်သည့် ပို့ကုန်ခွဲတမ်း များ ရရှိခြင်း သို့မဟုတ် မရရှိခြင်းတို့ပါဝင်ကြောင်း၊  လုပ်ထုံး လုပ်နည်းအမှတ် ၂၆/၂၀၂၄ အရ ဆီအုန်း အကြွင်းအကျန်တင်ပို့ခွင့်နှင့် အသုံးပြုပြီး စားအုန်းဆီတင်ပို့ခွင့်ရရှိထားသည့် ပို့ကုန်လုပ်ငန်းရှင်များသည် သတ်မှတ်သက်တမ်းကာလကုန်ဆုံးသည်အထိ ဆက် လက်တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း” ဝန်ကြီး Budi Santoso က ပြောကြားခဲ့ပါသည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာအထိ ဆီအုန်းကြိတ်ရည်နှင့် အက်စစ်ပါဝင်မှုမြင့် သည့် စားအုန်းဆီအကြွင်းအကျန်တင်ပို့မှုမှာ တန်ချိန်ပေါင်း ၃ ဒသမ ၄၅ သန်းဖြစ်ပြီး အဆိုပါကာလအတွင်း စားအုန်းဆီကြမ်းတင်ပို့မှုမှာ တန်ချိန် ၂ ဒသမ ၇ သန်းသာရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဆီအုန်းကြိတ်ရည်နှင့် အက်စစ်ပါဝင်မှုမြင့်သည့်စားအုန်းဆီ အကြွင်းအကျန်တင်ပို့မှုမှာ တန်ချိန် ၄ ဒသမ ၈၇ သန်းဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်အတွင်း (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း) ဆီအုန်းကြိတ်ရည်နှင့် အက်စစ်ပါဝင်မှုမြင့်သည့် စားအုန်းဆီ အကြွင်းအကျန်တင်ပို့မှုမှာ ၂၀ ဒသမ ၇၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စားအုန်းဆီ ကြမ်းတင်ပို့မှုမှာ ပျမ်းမျှအားဖြင့် ၁၉ ဒသမ ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ 

“အချက်အလက်များအရ ဆီအုန်းကြိတ်ရည်နှင့် အက်စစ်ပါဝင်မှုမြင့်သည့် စားအုန်းဆီ အကြွင်းအကျန်တင်ပို့မှုသည် ပုံမှန်တင်ပို့နိုင်မှုပမာဏ ထက် ကျော်လွန်နေကြောင်း၊ ထိုသို့ဖြစ်ရခြင်း မှာ ပုံမှန်အရ စားအုန်းဆီကြမ်း ထုတ်လုပ်မှုမှရရှိလာသည်များသာမက စားအုန်းဆီကြမ်းများလည်း ရောနှောပါဝင်နေခြင်းဟု သုံးသပ်ရကြောင်း၊ တင်ပို့မှုများပြားလာခြင်းသည် ဆီအုန်းအခိုင်များမှ ဆီအုန်းကြိတ်ရည်နှင့် စားအုန်းဆီအကြွင်းအကျန်အဖြစ် တိုက်ရိုက်ပြုပြင်ထုတ်လုပ်ခြင်းကြောင့် ဖြစ် နိုင်ကြောင်း၊ အဆိုပါအခြေအနေအတိုင်း ဆက်လက်ဖြစ်ပွားပါက ပြည်တွင်းစက်မှုလုပ်ငန်းများ အတွက် ကုန်ကြမ်းအဖြစ် စားအုန်းဆီကြမ်းရရှိနိုင်မှုကိုထိခိုက်မည်ဖြစ်ကြောင်း” ဝန်ကြီး Budi Santoso က ပြောကြားခဲ့သည်။

သွယ်သွယ်ဆုတင်

Indonesian Palm Oil Association