အပူလှိုင်းအခြေအနေကြောင့် တောင်ကိုရီးယားတွင် မုန်ညှင်းဖြူထုပ် ဈေးနှုန်းများ ၇၀ ရာနှုန်းမြင့်တက်

တောင်ကိုရီးယားနိုင်ငံသည် လက်ရှိဖြစ်ပေါ်နေသော အပူလှိုင်းအခြေအနေများကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်မှုကိုရင်ဆိုင်နေရပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် မုန်ညှင်းဖြူထုတ်ဈေးနှုန်းများ ၇၀ ရာနှုန်းနီးပါး မြင့်တက်လာခဲ့ပါသည်။ ကင်ချီပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော မုန်ညှင်းဖြူတစ်ထုပ်၏ လက်လီဈေးနှုန်းသည် ကြာ သပတေးနေ့တွင် ၉၃၃၇ ဝမ် (ဒေါ် လာ-၇ ဒသမ ၀၂)ရှိကြောင်း ကိုရီးယား လယ်ယာ၊ သားငါးနှင့် အစားအစာကုန်သွယ်မှုမှတ်တမ်းအရ သိရှိရပါ သည်။ အဆိုပါဈေးနှုန်းသည် လွန်ခဲ့သော ၃ နှစ် ပျမ်းမျှဈေးနှုန်းထက် ၃၂ ဒသမ ၇ ရာနှုန်းနှင့် ယခင်နှစ် ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ၆၉ ဒသမ ၅ ရာနှုန်းမြင့်တက်လာကြောင်း တွေ့ရှိရပါသည်။
ကိုရီးယားနိုင်ငံ၏ ပူပြင်းခြောက်သွေ့သောရာသီကာလကြာမြင့်သည့် အခြေအနေများသည် အရည်အသွေးကောင်းသော ဟင်းသီးဟင်းရွက်များကိုရှားပါးစေပြီး စိုက်ပျိုးရေးထွက်ကုန်များ၏ ပျမ်းမျှဈေးနှုန်းကိုမြင့်တက်လာစေပါသည်။ ယခုဖြစ်ပေါ်နေသောအခြေအနေကို အပူနှင့်ငွေကြေး ဖောင်းပွမှုကြောင့် ဖြစ်သောအကျိုးသက်ရောက်မှုဟု သတ်မှတ်ကြသည်။
လယ်ယာထွက်ကုန်နှင့် ရေထွက် ပစ္စည်းများအတွက် အစိုးရ၏ ဈေးလျော့ပေးသည့် အစီအစဉ်ပြီးဆုံးသည့် ချုဆော့ပိတ်ရက်နောက်ပိုင်းတွင် မုန်ညှင်းဖြူထုပ်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁၈ ရက်နေ့ အရောင်းမြှင့်တင်ရေးကာလအတွင်း ဝယ်လိုအား မြင့်တက်မှုကြောင့် စက်တင်ဘာ ၆ ရက်နေ့တွင် မုန်ညှင်းဖြူတစ်ထုပ်လျှင် ၇၀၀၀ ဝမ် ဖြစ်ပြီး၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ၈၀၀၀ ဝမ်အထိ မြင့်တက်လာခဲ့သည်။
အခြားဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပါသည်။ ကြာသပတေးနေ့တွင် မုန်လာဥနီဈေးနှုန်းများသည် ယခင်နှစ်ထက် ၆၅ ဒသမ ၄ ရာနှုန်းမြင့်တက်ခဲ့ကြောင်း၊ မုန်လာဥနီတစ်ဥ လျှင် ၃၈၂၆ ဝမ်ရှိကြောင်းသိရှိရပါသည်။ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သော ဟင်းနုနွယ်ရွက် ၁၀၀ ဂရမ်၏ လက်လီဈေးနှုန်းမှာ ၃၇၂၈ ဝမ်ဖြစ်ပြီး ယခင်နှစ်ထက် ၄၈ ဒသမ ၅ ရာနှုန်း မြင့်တက်ခဲ့ ပါသည်။ ဆလပ်ရွက်(အနီ)နှင့် သခွားသီး ဈေး နှုန်းများလည်းမြင့်တက်ခဲ့ရာ ဆလပ်ရွက် (အနီ) ၁၀၀ ဂရမ်လျှင်၂၁၂၂ ဝမ် ဖြစ်ပြီး ယခင်နှစ်ထက် ၂၂ ဒသမ ၆ ရာနှုန်းမြင့်တက်ခဲ့ကြောင်း၊ သခွားသီး ၁၀ လုံး လျှင် ၁၃,၅၄၀ ဝမ်ဖြစ်ပြီး ယခင်နှစ်ထက် ၁၇ ဒသမ ၁ ရာနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။ ချွန်းယန်း ငရုတ်သီး ၁၀၀ ဂရမ်လျှင် ၁၈၂၉ ဝမ်ဖြင့်ရောင်းချလျှက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၈ ဒသမ ၈ ရာနှုန်း မြင့်တက်လာကြောင်းသိရှိရပါသည်။
လင်းလဲ့ရည်အောင်
Source: https://www.freshplaza.com/asia/article/9660876/cabbage-prices-in-south-korea-surge-70-percent-amid-heat-wave/