တန်ဖိုးကြီးရှားပါး ဆေးဘက်ဝင် မြင်းခွာဂဏန်း (ဗီလား)

တန်ဖိုးကြီးရှားပါး ဆေးဘက်ဝင် မြင်းခွာဂဏန်း (ဗီလား)

ဗီလား

ပင်လယ်အခေါ်ဗီလားကောင်များမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၅၀ မီလီယံခန့် ဒိုင်နိုဆောသတ္တဝါများရှိစဥ်
အခါကတည်းကရှိခဲ့ကြသည်မှာ ယနေ့ထိ မျိုးသုန်းပျောက်ကွယ်မသွားသေးပေ။ကမ္ဘာပေါ်တွင် ဗီလားမျိုးစိတ်၄ မျိုး ရှိကြပါသည်။၄င်းတို့မှာ တောင်နှင့်အရှေ့တောင်အာရှတွင် တွေ့ရသော ဒီရေတောမြင်းခွာကဏန်း(Carcinoscorpius rotundicauda)၊ အမေရိကန်ပြည် ထောင်စု အတ္တလန္တိတ်ကမ်းရိုးတန်းနှင့် မက္ကဆီကို အရှေ့တောင်ပိုင်း တစ်လျောက် တွေ့ရှိရသည့် အမေရိကန်မြင်းခွာကဏန်း(Limulus polyphemus)၊တောင်နှင့် အရှေ့တောင်အာရှတွင်တွေ့ရသော အင်ဒို-ပစိဖိတ်၊အင်ဒိုနီးရှား-အိန္နိယ(သို့မဟုတ်)တောင်ပိုင်းမြင်းခွာကဏန်း(Tachypleus gigas)၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှတို့တွင်တွေ့ရသည့် ကျောရိုးမြင်းခွာကဏန်း (Tachypleus Triden-
tatus)တို့ ဖြစ်ကြသည်။ 

ဗီလားကို အင်္ဂလိပ်လို Horseshoe crab (မြင်းခွာဂဏန်း) ဟုအမည် တွင်ပြီး မြန်မာလို  ဗီလား(သို့) ကင်းဖို၊ ကင်းမ (သို့) ရေပိုးဟု ခေါ်ဆိုကြပါသည်။ ဗီလားကို ထိုင်းလို 'မိုင်ဒါး' ဟုခေါ်ကြပြီး ဗီလားဥကို 'ခိုင်မိုင်ဒါး' ဟုခေါ်ဆိုကြပါသည်။ ဗီလားများမှာ မြင်းခွာကဏန်း(Horseshoe crab)ဟု အမည်တွင်သော်လည်း ကဏန်းမျိုးနွယ်များ မဟုတ်ကြပေ။ သို့ သော်လည်း ကဏန်းတို့ကဲ့သို့ အခွံမာရေသတ္တဝါ (crustaceans) အုပ်စုတွင် 'ဗီလား' သည်လည်း ပါဝင်ပါသည်။

 ဗီလားများသည် နူးညံသော သဲ၊ရွံ့စေးများ၊ ရွှံ့စေးဆန်သောနေရာများနှင့် ကမ်းရိုးတန်းတစ်ဝိုက်၌ အဓိကနေထိုင်ကြပါသည်။၄င်းတို့သည် ဒီရေအတက်အကျရှိရာနေရာ (Intertidal Zone)တွင် သားပေါက်လေ့ရှိကြသည်။ဗီလား ကို အာရှတိုက်တစ်ခြမ်း၌စားသုံးကြပြီး ငါးစာအဖြစ်လည်း အသုံးပြုကြသည်။ဗီလားမျိုးစိတ်များအနက်မှ အရှေ့တောင်အာရှတွင်တွေ့ရှိရ သော ဒီရေတောမြင်းခွာကဏန်း၏ သိပ္ပံအမည်မှာ Carcinoscorpius rotundicauda ဟူ၍ဖြစ်ပါသည်။

ဗီလားတို့၏ သဘာဝ

ဗီလားများသည် ၄င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို မာကျော သောအရာများဖြင့်ကာကွယ်ထားကြပြီး နောက်ဆက်တွဲ ခြေထောက် ၆ စုံပါရှိပါသည်။ ပထမတစ်စုံမှာ အတော်လေးသေး၍ ပါးစပ်ရှေ့တွင်ရှိပြီး အစာစားသောက်ရန် အသုံးပြုသည်။ လမ်းလျှောက်ရာတွင် အသုံး ပြုသော ခြေထောက်၅ ချောင်းမှာ အများစုတွင် ကတ်ပြားပုံသဏ္ဍာန် ရှိကြပါသည်။

ဗီလားမျိုးစိတ် ၄ မျိုးတွင် ဒီရေတောမြင်းခွာကဏန်းသည် အသေးငယ်ဆုံးဖြစ်သည်။ဗီလားအမသည် အထီးထက်ပိုကြီးသည်။နွေဦးရာသီတွင် ဗီလားများသည် ပိုမိုနက်ရှိုင်း သော ရေတိမ်ဘက်၊ရွံ့မြေနေရာများသို့ ရွှေ့ပြောင်းသွားကြပြီး တစ်ကောင်တည်းနေလေ့မရှိပေ။နှစ်ကောင်(သို့မဟုတ်)အုပ်စုဖွဲ့၍ နေကြပါသည်။

မျိုးပွားခြင်း 

 ဗီလားများသည် အစုံစားသတ္တဝါအုပ်စုဝင်ဖြစ်ပြီး ခရုငယ်များ၊ပိုး ကောင်ငယ်များနှင့် အခြား Benthic ကျောရိုး များ၊ရေညှိများကို စားသုံးကြပါသည်။ တစ်ကောင်နှင့်တစ်ကောင်ထပ်လျက်မိတ်လိုက်ကြပြီး သန္ဓေအောင်သော အခါဥများကိုဥချရန်အတွက် သဲသောင်ပြင်များ၌ တွင်းများတူးထားကြပါသည်။ထို့နောက် ဥများကိုအသုတ်လိုက် ဥချထားကာ ပင်လယ်ဘက်သို့ ထွက်ခွာကြသည်။ဗီလားအမများသည် ဥတစ်ကြိမ်ဥလျှင် ဥပေါင်း ၆၀၀၀ မှ ၁၂၀၀ဝ၀ အကြား ဥချနိုင်သည်ဟု လေ့လာသိရှိရပါသည်။

ဗီလားများသည် ရေငန်ဒေသ၊ရေချိုရေငန်စပ်ဒေသများတွင် ရှင် သန်ကျက်စားကြပြီး အများအားဖြင့် ရေငန်ဒေသများတွင် ပိုမိုတွေ့ရှိရသည်။ကင်းဖို၊ ကင်းမ (ခေါ်) ဗီလားများမှာ အောက်ချင်းငှက်ဖို ငှက်မ၊ ကိန္နရီ ကိန္နရာ မောင်နှံကဲ့သို့ တူစုံ ယှဥ်တွဲပြီး သွားလာနေထိုင် ကျက် စားလေ့ရှိကြသည်။ တချို့က ဗီလားမောင်နှံကို ဖမ်းမိလျှင် အထီးကို ခွာပြီး ပင်လယ်ထဲပြန်ပစ်ချကြပါသည်။ထိုအခါမှာ အထီးက  အမကို ပင် လယ်ရေနောက်ကျိသွားအောင်ပြန်ရှာတတ်ကြပါသည်။ 

ဗီလားစျေးကွက်

ယခင်က ဗီလားဥများကိုသာ စားသုံးကုန်အဖြစ် ဈေးကွက်ရှိပြီး ယခုနောက်ပိုင်းတွင်မူ အသားရော ဥပါ လူကြိုက်များလာကြပါသည်။ ဗီလာများမှာ အထီးနှင့်အမ အမြဲတွဲနေသောကြောင့် အမကိုဖမ်းပြီး ရောင်းကြသည်။ အမအကောင် ၁၀၀ တွင် အထီးတစ်ကောင်ရှိခဲလှသည်။ အမပေါ၍ အထီးရှားပါသည်။ ဗီလားအမအခွံ၏ ပတ်လည်တွင် ဥများရှိနေသည့်အချိန်၌ စျေးကောင်းရ၍ ရေလုပ်သားများ ဝင်ငွေကောင်း ကြပါသည်။ ဗီလားဥကို ထိုင်းနိုင်ငံင့် သုပ်စားကြသည်။ ဗီလားကောင်များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝယ်ယူကြပြီး ဈေး ကောင်း ရရှိသော ရေသတ္တဝါလည်း ဖြစ်သည်။

အထီးမှာ အမထက် အလေးချိန်ပိုနည်းပြီး များသောအားဖြင့် အမသည် ဥများနှင့် လေးလေးပင်ပင်ရှိသောကြောင့် ကိုင်သည်နှင့် အထီးအမ ခွဲခြားနိုင်ကြပါသည်။ ဗီလားဥတစ်ကီလို (၆၀ ကျပ်သား)ရရန် ဗီလားအမ အကောင် ၃၀ ခန့်  ခွဲရပါသည်။ ဥမှာ သာကူစေ့အရွယ် အဝါရောင်ရှိပြီး ဆိမ့်သောအရသာရှိသည့် ဗီလားဥကို စားသုံးပါက အကြောအခြင်တက်ခြင်းကို  သက် သာစေသည်ဟု သိရသည်။

ဗီလားများ၏ ရှည်လျားပြီး ပါးလွှာချွန်ထက်နေသည့်အမြီးကြောင့် အန္တရာယ်ရှိသည့်ပင်လယ်ရေ သတ္တဝါ အဖြစ် မြင်ကြသော်လည်း အမှန်တကယ်တွင် ၄င်းတို့၏အမြီးသည် အဓိကအားဖြင့် သူတို့ပက်လက်လှန်သွားသော အချိန်တွင် တဖန်ပြန်မှောက်ကာနဂိုအနေအ ထားကို ရှိရန်အတွက်သာ  အသုံးပြု ၍ ရပါသည်။

 ငါးဖမ်းပိုက်ကြားတွင်ပါလာတတ်သော ဗီလားများမှာ အမြီးနှင့်ထိုးတတ်သည့်အတွက် ဖမ်းရခက်သည့် ရေသတ္တဝါလည်းဖြစ်သည်။ အနုမြူမီးချောင်းများဖြင့် ဗီလားများကို ထောင်ဖမ်းကြသည်ဟု သိရပါသည်။ အရွယ်အစားအမျိုးမျိုးရှိကြပြီး ဗီလားအနေတော်တစ်ကောင်လျှင် ၅၀၀၀-၆၀၀၀ ကျပ် ဝန်းကျင်ဈေးရှိကြသည်။ 

တန်ဖိုးကြီးရှားပါးသောဗီလားများ၏သွေး

ဗီလားများ၏သွေးမှာ အလွန်အဖိုးတန်လှပါသည်။ အရှားပါးဆုံးသွေးကို ပိုင်ဆိုင်ထားကြပြီး ၄င်းတို့၏သွေးမှာ အပြာရောင်(blue blood) ဖြစ်ပါသည်။ ဗီလား၏သွေးကို လူသားများ၏ သွေးနှင့် တိရစ္ဆာန်များ၏ သွေးထဲမှ ဗက်တီးရီးယားများကို ရှာဖွေစစ်ဆေးရာတွင် အသုံး ပြုသည့် ဗက်တီးရီးယားပိုးမွှားများသန့်စင်ဆေးထုတ်ရာတွင် ဗီလားသွေးကို အသုံးပြုကြသည်ဟုသိရပါသည်။

ယခုအခါ  ကိုဗစ်-၁၉ ကာကွယ် ဆေး များကိုစီမံရန် အသုံးပြုသော ပဋိပစ္စည်းများ၊ ဆေးထိုးအပ်နှင့် ဖန်ပုလင်းတိုင်ကို LAL ဟုအမည်တွင်သော ဗက်တီးရီးယားပိုးမွှားသန့်စင်ဆေးတစ်မျိုးနှင့် စမ်းသပ်ခဲ့ပါသည်။ LAL စမ်းသပ်မှုသည် ဗီလား(ခေါ်)မြင်းခွာကဏန်းများကို ရှာဖွေစု ဆောင်းပြီး ၄င်းတို့၏တောက်ပသော အပြာရောင်သွေးများကို ထုတ်ယူကြပါသည်။ဗီလား၏သွေးမှတဆင့် အောက်ဆီဂျင်ကိုသယ်ဆောင်ရန် Hemocyanin ကိုသုံးသည်။Hemocyanin တွင်ပါဝင်သောကြေးနီကြောင့် ၄င်းတို့၏သွေးမှာ အပြာရောင်ပြောင်း လဲသွားခြင်းဖြစ်သည်။ဗီလားကောင်များ၏သွေးထဲတွင် Amebocytes များ ပါဝင်ပါသည်။ ကျောရိုးရှိသတ္တဝါ များ၏ ရောဂါပိုးများကို ကာကွယ်ရန်အသုံး ပြုကြပါသည်။

 ဗီလားတစ်ကောင်လုံး အသုံးဝင်

မြန်မာ့ဆေးနည်းအယူအရ ဗီလားအမြီးကို သံပုရာသီးတွင် ထိုးပြီး  လူ့ခြေထောက်တွင်တဇတ်ဇတ်ထိုးခြင်းဖြင့်ကြွက်တက်ခြင်း၊၊ အကြော တက်ခြင်းကို ပျောက်ကင်းစေနိုင်သည်ဟု အဆိုရှိကြပါသည်။ ဗီလား၏ အခွံမာကိုလည်း မြင်း၊ နွားများ၏ခွာတွင် ကပ်ပြီး အသုံးပြုနိုင်ကြပါသည်။အိမ်အလှဆင်ပစ္စည်းများအပြင် ဗီလားကောင်ငယ်လေးများ၏အခွံများကိုလည်း အမှတ်တရပစ္စည်းအဖြစ် သော့ချိတ်များပြုလုပ်ကြသည်ကိုတွေ့ရှိရသည်။ 

အနောက်နိုင်ငံများတွင်  ဗီလားကို မကောင်းဆိုးဝါးများ အိမ်မှနှင်ထုတ်ပေးနိုင်သည့်  အကောင်တစ်မျိုးအဖြစ် အယူရှိကြပြီး အချို့အိမ်များတွင် မွေးထားကြကြောင်း သိရသည်။ ထို့အပြင်“ဗီလားတစ်ကောင်၊ကျွဲတစ်ထောင်”ဟူသော စာဆိုအရ ဗီလားတစ်ကောင်ကို နွားတင်းကုပ်၊ကျွဲတင်းကုပ်များတွင် ချိတ်ဆွဲထားခြင်းဖြင့် ကျွဲ၊နွားများ ရောဂါဘယ ကင်းဝေးစေပါသည်။

ကာကွယ်ထိန်းသိမ်းရန်လိုအပ်

ဗီလားများ စဥ်ဆက်မပြတ် ထောက် ပံ့နိုင်ရန်နှင့် ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း မလေးရှားနိုင်ငံ(Johor)တွင် မြင်းခွာကဏန်းများကို မွေးမြူပြီး ၂နှစ်လျှင်တစ်ကြိမ် သမုဒ္ဒရာထဲသို့ ပြန်လွှတ်ပေးခဲ့သည်။

 ဗီလားမွေးမြူရေးလုပ်ငန်းသည် ဝင်ငွေကောင်းသောလုပ်ငန်းတစ်ခုဖြစ်သည်။ဗီလား၏အရှည် ၆၀ စင်တီမီတာအထိရောက်သောအခါ သံ ခမောက်လုံးကြီးကဲ့သို့ အခွံများနှင့် Spikey tail များပါရှိကြ၍ ၄င်းတို့ကို ဂြိုလ်သားနှင့်တူသည်ဟုပြောဆိုကြသည်။ ဗီလားများမှာ လပြည့်နေ့နှင့် လကွယ်နေ့ဒီရေတက်ချိန်တွင် ကမ်းခြေပေါ်တက်၍ တစ်ကောင်နှင့်တစ်ကောင်ထပ်လျက် မိတ်လိုက်ကြပါသည်။Delaware Bay သည်နှစ်စဥ်မြင်းခွာကဏန်းထောင်ပေါင်းများစွာ စုဆောင်းသည့် အဓိကမိတ်လိုက်ရာနေရာဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များသည် မြင်းခွာကဏန်းမျိုးစိတ်များကိုထိန်းသိမ်းရန်အတွက် တောရိုင်းတိရစ္ဆာန် ဥပဒေအရ မျိုးသုဥ်းရန်အန္တရာယ်ရှိသော တံဆိပ်တပ်ရန် တောင်းဆိုနေကြပါသည်။မြင်းခွာကဏန်းကိုခြိမ်းခြောက်မှုများမှာ နေရင်းဒေသဆုံးရှုံးခြင်းနှင့် အလွန် အကျွံဖမ်းဆီးခြင်းကြောင့် မျိုးစိတ်များရှားပါးလာရခြင်း ဖြစ်ပါသည်။ 

စားသုံးပုံ

ဗီလား(ခေါ်)မြင်းခွာကဏန်းများကို အာရှနယ်မြေအများအပြားတွင် စားကောင်းသောက်ဖွယ်အဖြစ် တွေ့ရပါသ ည်။ဗီလားများမှာ အခြားစားသုံးနိုင်သော ပင်လယ်သတ္တဝါများနှင့် နှိုင်းယှဥ်လျှင် စျေးကြီးသော်လည်း စားရန်အသားအနည်းငယ်သာရှိသည်။ ပုံမှန်အားဖြင့် ဗီလားများကို စားသောက်ဆိုင်များတွင် မီးကင်ခြင်း၊ ပြုတ်ခြင်းပြုလုပ်၍ စားသောက် ကြပါသည်။ 

 နိဂုံးအနေဖြင့်-ဗီလားများ၏ ထူးဆန်းသောသွေးအပြာရောင် သွေးရည်ကြည်သည် ယနေ့ခေတ် ပေါ် ကိုဗစ်-၁၉ ကပ်ရောဂါကို
ကုသနိုင်မည့်ဆေးကို ထုတ်ဖော်ရာတွင်အသုံးဝင်သောကြောင့် ဗီလားများသည် လူ့အကျိုးပြုအခွံမာရေသတ္တဝါများ ဖြစ်ကြပါသည်။ထို့ပြင် ဗီလားများသည် ပြည်ပစျေးကွက်တွင်လည်း စျေးကောင်းရရှိနေပြီး  တစ်ကောင်လုံး အသုံးဝင်သော ရေနေသတ္တဝါဖြစ်ကြပါကြောင်း ဗီလားများ၏အကြောင်းကို လေ့လာမိသမျှ ရေးသားဖော်ပြလိုက်ရပါသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)