သဘာဝကပေး အစာနှင့်ဆေး "ဆေးဘက်ဝင်ညောင်ချဉ်ပင်"

နွေဦး၏ သဘာ၀တရားအလှကို ဖော်ကျူးပေးသည့်အထဲတွင် ညောင်ချဥ်ပင်လည်း အပါအ၀င်ဖြစ်၏။ မြန်မာ့လရာသီ တပေါင်းလတွင် ညောင်ချဥ်ပင်မှ ပန်းနီရောင်သွေးနှင့် လှပစွာ ဝေဖြာနေသည့် ညောင်ချဥ်ရွက်တို့ ဖူးပရစ်စီချိန်ဖြစ်၏။ ညောင်ချဥ်ပင်၏ အင်္ဂလိပ်အမည်မှာ White Fig ဟုလူသိများပြီး Mountain Fig, Banyan Fig, Green Fig, Mountain Fig, Strangler, Fig wood, Green Fig, Strangler Fig ဟုလည်း ခေါ်ဆိုကြ၏။ ညောင်ချဥ်ပင်၏ ရုက္ခဗေဒအမည်မှာ Ficus virens Ait., ဟုခေါ်ဆိုပြီး ညောင်ပင်၊ သဖန်းပင်တို့နှင့် မျိုးရင်းတူသည့် Moraceae တွင်ပါ၀င်၏။ ညောင်ချဥ်ပင်ကို အပူပိုင်းရာသီဥတုရှိသည့် ဒေသများတွင် အများဆုံးတွေ့ရ၏။ အရှေ့တောင် အာရှနိုင်ငံများ၊ ပါကစ္စတန်၊ အိန္ဒိယတို့တွင် စတင်တွေ့ရှိပြီး မလေးရှားမှ တဆင့် သြစတြေးလျနိုင်ငံ မြောက်ပိုင်းသို့ ပျံ့နှံ့ပေါက်ရောက်၏။
မြန်မာနိုင်ငံတွင် ညောင်ချဥ်ပင်ကို ပြည်နယ်နှင့်တိုင်းအများစု၊ အထူး သဖြင့် အညာဒေသ၏ နေရာအတော်များများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပေါက် ရောက်၏။ ညောင်ချဥ်ပင်သည် ရာသီအလိုက် အရွက်ကြွေတတ်သည့် နှစ်ရှည်ခံ အပင်ကြီးမျိုး ဖြစ်၏။ အမြင့်ပေ ၉၀ ခန့်အထိ ရှင်သန်ကြီးထွားပေါက်ရောက်တတ် ၏။ အပင်မှ ကိုင်းထောက် မြစ် များစွာ ထွက်၏။ ညောင်ချဥ်ပင်ကို ထိမိသည့်အခါ နို့စေးလေးများထွက်၏။ ညောင်ချဥ်ပင်၏ အခေါက်မှာ မီးခိုး ရောင်ဖြစ်၏။
ညောင်ချဥ်ရွက်များသည် ရွက်ထီးဖြစ်ပြီး ရွက်လွှဲထွက်၏။ ရွက်စွယ်မှာ ၁ ဒသမ ၅ စင်တီမီတာခန့်ရှိကာ ကြီးမားထင်ရှားပြီး ရွက်အိမ်ကဲ့သို့ ဖြစ်၏။ နွေဦးအစောပိုင်းကာလတွင် ပန်းနီစွက်သည့်ရွက်နုများ ဝေဖြာချိန်သည် ညောင်ချဥ်ပင်၏ မျက်စိပသာဒအဖြစ်ဆုံးအချိန်ဖြစ်၏။ ညောင်ချဥ်ရွက်ပုံသဏ္ဍာန်သည် ညောင်ရွက်နှင့် မတူဘဲ သွယ်လျသည့် ဘဲဥပုံကဲ့သို့ ဖြစ်၏။ အရွက်ကြောမှာ ၇ စုံမှ ၁၂ စုံအထိရှိပြီး အရွက်သားမှာ ပြောင်လက်၏။ ညောင်ချဥ်ရွက်နုလေးများတွင် အမျှင်ဓာတ် အရင်းအမြစ်ကောင်းများနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါ၀င်၏။
ညောင်ချဥ်ပန်းခိုင်မှာ အညှာမရှိဘဲ လုံး၀န်းသောပုံစံရှိပြီး သီးယောင်ပန်းခိုင် အမျိုးအစားဖြစ်၏။ အောက် ခြေမှ ပွင့်ခံရွက် ၃ ရွက်က ခံဆောင်ထား၏။ ပန်းခိုင်အတွင်းမှာ လိုဏ်ဖြစ်နေသည့်အတွက် ပန်းပွင့်များကို အပြင်ကနေ မမြင်ရပေ။ ပန်းခိုင်ရင့်မှည့်လာသည့်အခါ လုံး၀န်းသောအသီးလေး ဖြစ်လာ၏။ ညောင်ချဥ်ပန်းပွင့်များကို နကျယ် ကောင် (Fig wasp) မှ တစ်ဆင့် ၀တ်မှုန်ကူးကြ၏။ အသီးရင့်မှည့်လာသောအခါ ပန်းရောင်သန်းလာပြီးအသီးအတွင်း တွင် အစေ့များစွာပါ၀င်၏။ ညောင်ချဥ်သီးမှာ ၈ စင်တီမီတာခန့်အရှည်ရှိပြီး ၆ စင်တီမီတာခန့် အကျယ်ရှိ၏။
ညောင်ချဥ်ပင်၏ ပင်စည်၊ အသီးနှင့် ရွက်နုတို့တွင် ဖလေဗာနွိုက်၊ ဖီနိုလစ်၊ ဂလိုင်ကိုဆိုက်၊ ကာဘိုဟိုက်ဒရိတ်၊ တန်နင်၊ အမိုင်နိုအက်စစ်၊ ကာရိုတီနွိုက်၊ တာပင်နွိုက်နှင့် အယ်လ်ကာလွိုက် အစရှိသည့် အာဟာရဓာတ်များကြွယ်ဝစွာပါ၀င်၏။ ညောင်ချဥ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး
အရသာမှာ ချိုမြ၏။
ညောင်ချဥ်ပင်၏ အခေါက်၊ အရွက်၊ အစေးတို့တွင် ကိုယ်လက်ရောင်ရမ်းနာဆန့်ကျင်နိုင်စွမ်း၊ ကင် ဆာရောဂါကို ဆန့်ကျင်နိုင်စွမ်း၊ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်စွမ်း၊ မှိုရောဂါဖြစ်ပွားနိုင်ချေကို ဟန့်တားနိုင်စွမ်း၊ ဓာတ်တိုးခြင်း ကို ဆန့်ကျင်နိုင်စွမ်း၊ ဗိုင်းရပ်စ်ပိုးများကို ဆန့်ကျင်နိုင်စွမ်းတို့ရှိ၏။
ညောင်ချဥ်ရွက်ကို ဆီးချိုရောဂါ၊ အနာအုံဆေး၊ အဖြူဆင်းခြင်း၊ အနာ မီးနှင့် ထိခိုက်ဒဏ်ရာများအတွက် ဆေးဝါးအဖြစ်အသုံးပြုကြ၏။
အိန္ဒိယနိုင်ငံတွင် ညောင်ချဥ်ပင်၏ ပင်စည်နှင့် အခေါက်တို့ကို သွေးရောဂါအမျိုးမျိုး၊ လေသင် တုန်းဖြတ်ခြင်း၊ မူးနောက်ခြင်း၊ အဖျားအမျိုးမျိုးကြောင့် စိတ်ကယောင်ကတမ်းဖြစ်ခြင်းတို့အတွက်ဆေးအဖြစ် အသုံးပြုကြ၏။
ညောင်ချဥ်ပင်၏အခေါက်ကို ခံတွင်းထဲတွင် အပူဖုများပေါက်ခြင်း၊ ခံတွင်းသန့်စင်ဆေး၊ ပြည်တည်နာများကို ဆေးကြောခြင်း၊ သွေးရောဂါများ၊ အမျိုးသမီးများ လစဥ်ဓမ္မတာမှန်စေခြင်း၊ အဖြူဆင်းခြင်း၊ ဆီးချို ရောဂါ၊ သွေးအတွင်း ဂလူးကို့စ်ပမာဏကိုထိန်းညှိပေးနိုင်ပြီး အာရုံ ကြောစနစ်ပုံမှန်မဟုတ်ခြင်း၊ ယောနိလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ သားအိမ်ရောဂါများ၊ အပူလောင်နာများဖြစ်ခြင်း၊ စိတ်အာရုံခြောက်ချားခြင်း၊ ၀မ်းကိုက်ခြင်း၊ ဒူလာပါဒရက် ရောဂါ၊ အရိုးအက်ခြင်း၊ အရိုးကျိုးခြင်းတို့အတွက် ဆေးအဖြစ် အသုံး
ပြုကြ၏။
ညောင်ချဥ်သီးကို ဆီးချိုရောဂါ၊ အမျိုးသမီးများ ဓမ္မတာစက်ဝန်းပုံမှန်မဖြစ်ခြင်းတို့အတွက် ဆေးအဖြစ် အသုံးပြုကြ၏။
ညောင်ချဥ်သီး အမှည့်ကို စားသုံးနိုင်သကဲ့သို့ ယိုပြုလုပ်ပြီးလည်း စားသုံးနိုင်၏။
ယခုလို တပေါင်းလအချိန် သည် ညောင်ချဥ်ရွက်နုဖူးတို့ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၏။ ညောင်ချဥ်ပင်ပေါက်ရောက် သည့် ဒေသများတွင် ညောင်ချဥ်ရွက်နုဖူးများကို ဆွတ်ခူးနိုင်သလို အလွယ်တကူ ဝယ်ယူနိုင်ကြ၏။ ပြုတ်ပြီးသား ညောင်ချဥ်ရွက်များကို အွန်လိုင်းမှတစ်ဆင့်လည်း ဝယ်ယူနိုင်၏။ ညောင်ချဥ်ရွက်နုဖူးလေးများကို အဖန်ဓာတ်ကုန်သွား သည်အထိ သုံးကြိမ်ခန့်ပြုတ်ပြီးမှသာ ဟင်းလျာအဖြစ် နည်းမျိုးစုံ ချက်ပြုတ် စားသောက်ကြ၏။ ပြုတ်ပြီးသား အခါ တစ်ကြိမ် ထပ်ပြုတ်ပြီးမှသာ စားသုံးရန် ပြင်ဆင်သင့်၏။
ပြုတ်ပြီးသားညောင်ချဥ်ဖူးကို အထားခံရန်အတွက် ရေစစ်သည်အထိ လက်နှစ်ဖက်အားကို အသုံးပြုပြီး ညှစ်ကာ အလုံးလေးများလုံးပေးပြီး အင်ဖက်၊ငှက်ပျောဖက်တို့နှင့် ထုပ် ပိုး သိမ်းဆည်းထားသင့်၏။
ညောင်ချဥ်ရွက်နုဖူးပြုတ်ကို ပဲပုပ်ရေဖျော်၊ ခရမ်းချဥ်သီးငပိချက်၊ ငံပြာရည်ကြော်၊ ငပိရည်ကျိုဖျော်တို့နှင့် တွဲကာ တို့စရာအဖြစ် စားသုံးကြ၏။
ညောင်ချဥ်ရွက်နုဖူးပြုတ်ကို ပါးပါးလှီးကာ မညက်တညက်လေးထောင်းထားပါ။ ကြက်သွန်နီပါးပါးလှီး၊ မြေပဲလှော်ထောင်း၊ ပုစွန် ခြောက်ထောင်း၊ ပဲကျက်မှုန့်၊ ကြက် သွန်နီဆီချက်တို့နှင့်အတူ ဆား၊ ဟင်းခတ်မှုန့်၊ နှမ်းလှော်တို့နှင့်အတူ ရောသုပ်ပါ။ ငရုတ်သီးစိမ်း၊ ကြက် သွန်ဖြူကိုက်၊ ရေနွေးပူပူလေးတစ်ကျိုက်နှင့် တွဲဖက်စားလျှင်ဖြင့် ခံတွင်းကို ပွင့်စေ၏။ အဆာပြေစာအဖြစ် ထမင်းဖြူနှင့်လည်း တွဲဖက်စားသုံးနိုင်၏။ အမျှင်ဓာတ်ကြွယ်၀ သည့်အတွက် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အဆင်ပြေသလို ၀မ်းချုပ်တတ်သူ တို့အတွက် သဘာဝဆေးတစ်လက် ဖြစ်စေ၏။
ညောင်ချဥ်ဖူးပြုတ်ကို ကြက်သွန် ဖြူ ဓားပြားရိုက်ကာ ဆီပူထဲ ထည့်ပြီး ပုစွန်အစို၊ ပုစွန်ခြောက် နှစ်သက်ရာနှင့် တွဲဖက်ကြော်စားနိုင်၏။
နှစ်သက်ရာ ငါး၊ ပုစွန်တို့ကို ဆီသတ်ပြီး ရေနွေးထည့်ကာ ပွက်ပွက်ဆူလာလျှင် ညောင်ချဥ်ဖူးပြုတ်ထည့်ပြီး ဆူအောင်တည်၊ အရသာပြန်ညှိ၊ ငရုတ်သီးစိမ်းလေး ခွဲပြီးအုပ် အလွန်အရသာရှိလှသည့် သောက်ဆမ်းစားလို့ ကောင်းလှသည့် ညောင်ချဥ်ဖူးဟင်းလေးတစ်ခွက်ရ၏။
ညောင်ချဥ်ဖူးကို ၀က်နံရိုး၊ ခရမ်းချဥ်သီး ပဲပုပ်တို့နှင့်တွဲကာ ရှမ်းရိုးရာဟင်းတစ်ခွက် ချက်စားနိုင်၏။
ညောင်ချဥ်ရွက်နုဖူးကို ရာသီကုန်ချိန်စားနိုင်ရန်နှင့် လက်ဆောင်ပေးနိုင်ရန်အတွက် အရွက်နုဖူးလေးများကို ရေနွေးငွေ့နှင့် ပေါင်းပြီး နေလှန်းပြီး သိမ်းထားနိုင်၏။
အိန္ဒိယနိုင်ငံတွင် ညောင်ချဥ်ပင်သည် ရှားပါးပင်ဖြစ်သည့်အတွက် ပင်စည်နှင့် ကိုင်းထောက်မြစ်များကို ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပရိဘောဂပစ္စည်းပြုလုပ်ခြင်းနှင့် လောင်စာထင်းအဖြစ် အသုံးပြုခြင်းများ မပြုရန် တားမြစ်ထားကြ၏။ ညောင်ချဥ်ပင်၏ပင်စည်ကို အဆောက်အဦဆောက်လုပ်ရာတွင် အသုံးပြုမိပါက ကံဆိုးခြင်းများ နှင့် ကြုံကြိုက်စေနိုင်သည်ဟု ယုံကြည်
ကြ၏။
ညောင်ချဥ်ပင်၏ အကာသားနှင့် အနှစ်သားတို့သည် ဝါဖျော့ညိုရောင်ရှိပြီး အနည်းငယ်ကြမ်းပြီး တာရှည်မခံ သည့်အတွက် အထပ်သားများပြုလုပ်ခြင်း၊ တစ်ခါသုံးတူများ ပြု လုပ်ခြင်း၊ ထုပ်ပိုးပစ္စည်းများ ပြုလုပ်ခြင်း၊ သစ်သားဖိနပ်(ခုံဖိနပ်)ပြုလုပ်ခြင်း၊ မှန်ပုံကွက်ဖော်ခြင်း၊ ပုံသွင်းရာတွင် အသုံးပြုခြင်းနှင့် အလှတန်ဆာများပြုလုပ်ရာတွင် အသုံးပြု
ရန် သင့်လျော်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှ ပေးသည့် လက်ဆောင်မွန် ညောင်ချဥ်ပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိ
နိုင်မည်ဖြစ်၏။
ကြေးမုံငယ်