ထိန်းသိမ်းစောင့်ရှောက်သင့်သော ရှားပါးမျိုးစိတ်ဝင် ရေနဂါး

ရေနဂါး (Seahorse) ကို ပင်လယ်မြင်း (သို့မဟုတ်) ရေနဂါးဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းဒေသ ပင်လယ်ရေတိမ်များတွင် တွေ့ရတတ်ပါသည်။ မြန်မာအခေါ် ရေနဂါးကို ပင်လယ်ရေနွေးစီးကြောင်းများရှိရာဒေသများတွင် အတွေ့ရများပါသည်။ မြန်မာနိုင်ငံတွင် မွန်၊ တနင်္သာရီကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ တွေ့ရတတ်သည်။
ရေနဂါးမှာ ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေထဲတွင်သာ နေကြသည်။ ပါးဟပ်နှင့်အသက်ရှူပြီး ဗိုက်ထဲတွင် စည်ဖောင်းများ ရှိကြပါသည်။ သို့သော် ၎င်းတို့၏ အမြီးက ရေကိုယက်ပြီးကူးခတ်နိုင်သည့် ဆူးတောင်မဟုတ်ပေ။ တစ်ခုခုကို ရစ်ပတ်ပြီး ဆုပ်ကိုင်ထားနိုင်သော မျောက်အမြီးလို အမြီးမျိုး ဖြစ်ပါသည်။ ရေနဂါးသည် မျိုးကွဲများစွာရှိကြပြီး ထူးခြားချက်မှာ ငါးမျိုးစိတ်ဖြစ်သော်ငြား ၎င်းတို့တွင် အကြေးခွံ မပါရှိပေ။ ပါးလွှာသော အရေခွံတစ်မျိုးထဲသာရှိသည်။ အခြားငါးများကဲ့သို့ အလျားလိုက်ရေမကူးပဲ ဒေါင်လိုက်မတ်တက်ကြီး ရေကူးနိုင်သည်။ ရေသတ္တဝါများထဲတွင် တစ်မျိုးတည်းသော ဒေါင်လိုက် (မတ်တတ်) ကူးခပ်သော သတ္တဝါဖြစ်သည်။ ထို့ပြင် အနှေးဆုံးကူးခပ်နိုင်သော ရေသတ္တဝါလည်း ဖြစ်သည်။ တစ်နာရီလျှင် ၅ ပေ (၁ ဒသမ ၅ မီတာ) သာ ရွေ့လျား၏။ ၎င်းတို့၏ အမြီးများသည် ကူးခပ်ရွေးလျားရန်နှင့် အစားအသောက်စားသောက်ရန် အသုံးပြုကြသည်။

ရေနဂါးဟူသော ငါးလေးများသည် “ဒေါင်” လိုက်သာ ရေထဲတွင် ရပ်တည်နေပြီး ၎င်းတို့၏ ကိုယ်ခန္ဓာ ပုံးပန်းသဏ္ဌန်သည် “န”ငယ်ပုံ တွန့်ကွေးနေသောကြောင့် အစာဖမ်းယူရာတွင် နငယ်ပုံ ဆန့်ထုတ်နိုင်သည့်အတွက် မထင်မှတ်သော အကွာအဝေးမှ ပိုးမွှားသတ္တဝါလေးများကိုပါ လှမ်း၍ ဖမ်းယူစားသောက်နိုင်သော ရေနဂါးတို့သည် ပင်လယ်ရေမှော်ပင်များကိုလည်း ၎င်းတို့၏ အမြီးနှင့် ဖမ်းဆွဲထားပြီး ၎င်းအပင်များတွင် နားနေလေ့ရှိသည်ဟု သိပ္ပံပညာရှင်များ၏ သုတေသနစာတမ်းများက ဆိုထားပါသည်။
ရေနဂါးတို့သည် ခန္ဓာကိုယ်အရွယ်အစားအားဖြင့် 1.5 cm မှ 3.5 cm (၀ ဒသမ ၆ လက်မမှ ၁ ဒသမ ၄ လက်မ) ထိ ရှိကြပါသည်။ မျိုးစိတ် ၄၅ ခုရှိပြီး genus (မျိုးစု) – Hippocampus တွင် ပါဝင်ပါသည်။ ရေနဂါး (Seahorse) များ၏ မျက်လုံးနှစ်ဖက်မှာ တစ်ဖက်တစ်နေရာစီ ခွဲပြီး ကြည့်လို့ရပါသည်။ ထို့ကြောင့် ညာဘက်မျက်လုံးနှင့် အစာရှာနေစဉ် ကျန်သည့်ဘယ်ဘက်မျက်လုံးတစ်ဖက်နှင့် ရန်သူကို မျက်ခြေမပြတ် စောင့်ကြည့်နေနိုင်ကြသည်။
ရေနဂါး၏ပုံစံမှာ အတော်ထူးခြားလှပါသည်။ ရေသတ္တဝါဖြစ်သော်ညား ခေါင်းပိုင်းချည်း ကွက်ပြီးကြည့်လျှင် ကုန်းနေသတ္တဝါ “မြင်း” နှင့် အတော်တူပါသည်။ အရွယ်အစားမျိုးစုံရှိကြပြီး တချို့မှာ လက်မဝက် (၁/၂) အရွယ်လောက်သာ ရှိကြပြီး အချို့အကောင်များမှာ ၁၄ လက်မလောက်ထိ ကြီးထွားကြပါသည်။
ရေနဂါးများသည် ပုံသဏ္ဌာန်အားဖြင့် လှပသည့်အပြင် ချစ်စဖွယ်အလေ့အထတစ်ခုမှာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာတစ်ခုပင် ဖြစ်သည်။ ရေနဂါး အထီးရော။ အစ်မပါ ၎င်းတို့၏ လက်တွဲဖော် တကောင်ကောင်ကို ရွေးချယ်ပြီးပါက နောက်ထပ်ဘယ်ရေနဂါးနှင့်မျှ ထပ်မတွဲကြတော့ပေ။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ်နေထိုင်ကြခြင်းဖြစ်သည်။ ရေနဂါးများသည် ကဗျာဆန်သောချစ်ခြင်းကို ပုံဖော်သော ရေနေသတ္တဝါလေးများ ဖြစ်ပါသည်။ လူသားတို့သည့် လက်မထပ်ခင် ချိန်းတွေ့ပြီး ချစ်ခြင်းကို တစ်ဆင့်ချင်း တည်ဆောက်ကြသကဲ့သို့ ရွေးချယ်ထားသော ရေနဂါးအချင်းချင်းသည်လည်း မိတ်မလိုက်ခင်တွင် နေ့တိုင်း ၎င်းတို့၏ အမြီးတစ်ခုနှင့်တစ်ခုကို တွယ်ချိတ်ပြီး တစ်ကိုယ်လုံး လှည့်ပတ်ကကြရင်း ၎င်းတို့၏ ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ကြပါသည်။ ထိုကဲ့သို့ နေ့တိုင်းကကြရင်း ၎င်းတို့၏ ချစ်ခြင်း သံယောဇဉ်များ ခိုင်မာသွားပြီလို့ သေချာသောအချိန်တွင် မိတ်လိုက်ခြင်းကို စတင်ပြုလုပ်ကြပါသည်။

ရေနဂါးများ၏ ဗိုက်တွင် အပေါက်ပါတာ အထီးဟုသိရပြီး အထီးမှာ ကလေးမွေးရလို့ ဗိုက်တွင် အပေါက်ပါသည်ဟု သိရသည်။ ရေနဂါးများ မိတ်လိုက်သော အချိန်တွင် အမသည် ၎င်း၏ ဥပို့ပြွန်ကနေတစ်ဆင့် အထီး၏ ဗိုက်ပေါ်က ဥဝပ်ပေးမည့် ဝမ်းဗိုက်အိတ် (Pouch) ထဲသို့ ဥများကို သွင်းထည့်ပေးလိုက်ပါသည်။ ပြီးနောက် အထီးသည် ဥများကို သန္ဓေအောင်စေရန် ၎င်း၏ ဥဝပ်အိတ်ကပ်လေးထဲသို့ အဖိုမျိုးပွားရည်များကို လွှတ်ထုတ်လိုက်ပါသည်။ ဝမ်းဗိုက်ပူနေသော ရေနဂါးများသည် အဖိုများသာ ဖြစ်ပါသည်။ အဖိုများသည် ရေနဂါးလေးများ အကောင်ပေါက်သည်အထိ ပြုစုစောင့်ရှောက်ကြရသည်။ အဆိုပါပုံစံဖြင့် ရေနဂါးအထီးလေးများသည် ကိုယ်ဝန်ဆောင်သောဖြစ်စဉ်ကို အမကိုယ်စား နွေးထွေးစွာ လုပ်ဆောင်ပေးကြပါသည်။ ရေနဂါးအထီးမှာ ၂ ပတ်မှ ၄ ပတ်အကြာ သန္ဓေသားကို လွယ်ထားရသည်။ ၂ ပတ်/ ၄ပတ်အကြာတွင် အောင်မြင်သော ဥများသည် ရင့်မှည့်လာကြပြီး အထီးမှာ ခန္ဓာကိုယ်ကို ကွေးချည်ဆန့်ချည်လုပ်ပြီဂ ရေနဂါးလေးများကို တစ်ကောင်ချင်း မွေးထုတ်ရပါသည်။ ရေနဂါးမျိုးပေါ်မူတည်ပြီး တချို့လည်း တစ်ကြိမ်မွေးလျှင် ပုံမှန်အားဖြင့် အကောင် ၁၀၀ - ၂၀၀ ဝန်းကျင် မွေးပါသည်။ အနည်းဆုံး ၅ ကောင်မှ အများဆုံး ကောင်ရေ ၁၅၀၀ လောက်ထိ မွေးတတ်ကြပါသည်။
ရေနဂါးလေးများသည် ပင်လယ်မြက်ပင်ဖြစ်စေ၊ သန္တာကျောက်ဆောင်ဖြစ်စေ တစ်ခုခုကို အမြီးနှင့်ဆုပ်ကိုင်ထားပြီး ရေစီးကြောင်းတွင် မျောပါလာသော ရေမှော်ပင်၊ ရေပိုးမွှားလေးများကို ဖမ်းစားတတ်ကြသည်။ ရေနဂါးတစ်ကောင်သည် တစ်နေ့ကို ရေငန်ပုစွန်ဆိတ် (၃၀၀၀) ကျော်ခန့် စားနိုင်ကြသည်။ ငါးသားပေါက်နှင့် အခွံမာ ရေသတ္တဝါငယ်လေးများကိုလည်း စားကြသည်။ သို့သော် ရေနဂါးများမှာ အစာအများကြီး စားလို့ မဖြစ်ချေ။ ၎င်းတို့တွင် အစာအိမ်မရှိသလို သွားလည်းမရှိကြပေ။ ပါးစပ်ကစားလိုက်သောအစာမှာ အောက်ကနေ အချိန်တိုအတွင်း ပြန်ထွက်သွားပါသည်။
ရေနဂါးတို့၏ သဘာဝတွင် ရေနဂါးစုံတွဲသည် အမြဲတတွဲတွဲနေလေ့ရှိပြီး နေရာဒေသတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့သည့်အခါတွင်လည်း တစ်ကောင်နှင့်တစ်ကောင် အမြီးချင်းချိတ်၍ သွားလာတတ်ကြပါသည်။ ထို့ကြောင့်လည်း ရေနဂါးအရုပ်လေးများကို ချစ်ခြင်း၏ သင်္ကေတအဖြစ် နိုင်ငံတော်တော်များများတွင် လက်ဆောင်ပစ္စည်းအဖြစ် ပေးလေ့ရှိကြပါသည်။
ယခုနောက်ပိုင်းတွင် ရေနဂါးများကို ဖမ်းဆီးသတ်ဖြတ်မှုများ၊ ရေထုညစ်ညမ်းမှုများကြောင့် ရေနဂါးများ တဖြည်းဖြည်း ရှားပါးလာနေပြီ ဖြစ်သည်။ လေ့လာမှုများအရ အဆိုပါရေနဂါးများသည် တစ်နှစ်လျှင် အကောင်ရေ သန်း ၁၅၀ ခန့် ပေါက်ဖွားခဲ့သော်လည်း တရားမဝင်ဖမ်းဆီးသူများြ၏ လက်ချက်ကြောင့် အဆိုပါ ပမာဏ၏ ထက်ဝက်ခန့်မှာ လျော့ကျခဲ့ရကြောင်း၊ ယင်းသတ္တဝါများ၏ ကောင်ရေမှာ ယခုကဲ့သို့ ကျဆင်းနေမည်ဆိုပါက ၂၀၄၅ ခုနှစ်အရောက်တွင် ရေနဂါးများမှာ လုံးဝပျောက်ကွယ်သွားနိုင်ဖွယ်ရှိကြောင်း Save Our Seahorse အမည်ရှိ အသင်းကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ ရေနဂါးများမှာ ရှားပါးရေနေသတ္တဝါစာရင်းတွင် ပါဝင်နေသဖြင့် ဖမ်းဆီးခြင်း၊ ရောင်းဝယ်စုဆောင်းခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ရေသတ္တဝါလည်း ဖြစ်ပါသည်။
သို့ပါသောကြောင့် ရှားပါးရေနေသတ္တဝါစာရင်းတွင် ပါဝင်နေသော ရေနဂါးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရေနေသယံဇာတမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်သင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)