“ငါး/ပုစွန်များခိုအောင်းရာ ဒီရေတောတို့၏ အကျိုးကျေးဇူးများ”

“ငါး/ပုစွန်များခိုအောင်းရာ ဒီရေတောတို့၏ အကျိုးကျေးဇူးများ”

mangrov

မြန်မာနိုင်ငံသည်   ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတော အများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း၊ ကမ်းရေတိမ်ပိုင်း၊ ကမ်းတက်မြေများနှင့် ပင်လယ်ဒီရေ ဝင်ရောက်သော မြစ်ချောင်း ကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသော တောများဖြစ်ပြီး လူနှင့်အခြားသက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးဆုံးရှုံးနေရသည့်  သယံဇာတများလည်း ဖြစ်သည်။ 

ဒီရေတောများရှိ အပင်များသည် တန်ဖိုးမရှိဟု သာမန်အားဖြင့် ထင်မြင်ရသော်လည်း ယင်းအပင်များ၏ ထူးခြားသော အမြစ်များနှင့် တစ်စုတစ်ဝေးတည်း ထူထပ်စွာပေါက်ရောက်မှုတို့ကြောင့် ဒီရေလှိုင်း များ၏  ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီး ကမ်းပြိုမှုကို  ကာကွယ်ပေးနိုင်သည်။ ဒီရေတောများ အတွင်း ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေသတ္တဝါများ ရှင်သန်ကျက်စားခြင်း၊ သားပေါက် မျိုးပွားခြင်းတို့ကြောင့် ငါး၊ပုစွန်စသော ရေထွက်သယံဇာတများကို တိုးပွားစေနိုင်ပြီး ပင်လယ်စာထုတ်လုပ်နိုင်မှုကို  ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ဒီရေ တောများသည် ကုန်းမြေပေါ်ရှိ မိုးသစ်တောပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ဆပို၍ စုပ်ယူနိုင်သည်။

သန္တာကျောက်တန်းနှင့် ပင်လယ်မြက်များကို ကာကွယ်ရန် အတွက် ရေသန့်ကို စစ်ထုတ်ပေးသည်။ သက်တမ်းရင့် ဒီရေတောပင်တစ်ပင်သည် လူ(၄)ဦးအတွက် လုံလောက်သော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည်။ ကမ္ဘာပေါ်၌ နေထိုင်သည့် သက်ရှိများအတွက် အအေးဓာတ်ပေးခြင်း၊ အရေးကြီးသောဂေဟစနစ်ကို ထောက်ပံ့ခြင်းတို့ ပြုလုပ်ပေးသည်။ ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် အားနည်းသော လူမှုပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။ ထို့ပြင် ဒီရေတောများသည် ပင်လယ်ထဲသို့ စီးသွားမည့် အညစ်အကြေး အနယ်အနှစ်များကို စစ်ယူထားသည့်နေရာများလည်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွင် အရေးပါသည့် ကာဗွန်ကိုအဓိကသိုလှောင်ထားရာနေရာ တစ်ခုလည်း ဖြစ်သည်။

ဒီရေတော၏အောက်ခြေတွင် ငါး၊ ပုစွန်၊ ကဏန်းနှင့် အခွံမာရေသတ္တဝါများ၊ နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများနေထိုင်ကြသကဲ့သို့ သစ်ပင်များပေါ်တွင်လည်း ကမ်းရိုးတန်းငှက်မျိုးစိတ်အများအပြားနှင့် ရွှေ့ပြောင်းနေထိုင်သော ငှက်မျိုးစိတ်များ ကောင်ရေ ထောင်နှင့်ချီ၍ ရှင်သန်နေထိုင်ကျက်စားလျက်ရှိရာ ဒီရေတောများသည် မုန်တိုင်း၊ ဒီရေလှိုင်း၊ ဆူနာမီစသည့် သဘာဝဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းကြီးများဖြစ်ကြပြီး ဇီဝမျိုးစုံမျိုးကွဲများ၏ အစိမ်းရောင်ကမ္ဘာငယ် များဟုလည်း ဆိုနိုင်သည်။ ဂေဟစနစ်ကို အထောက်အပံ့ပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ထူးခြားစွာပါဝင်လျက်ရှိသည်။ လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ်ရှိ ဒီရေတောဂေဟ စနစ်တို့သည် ထူးခြားထိရောက်လွန်းသော အကျိုးပြုမှုများကို ဆောင်ကြဉ်းပေးလျက် ရှိလေသည်။

သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု(၈၃)ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းရှိ ဒီရေ တောများ၊ ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများမှ (၅၀)ရာခိုင်နှုန်းသော မြင်သာ ထင်သာသည့် အကျိုးသက်ရောက်မှုကို ဒီရေတောများက ဆောင်ရွက်သည်။ ယင်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင် နေထိုင်သူတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကို ကာကွယ်ပေးနေသည်ဟု ဆိုလျှင်လည်း မမှားပေ။ဆူနာမီ၊ဆိုင်ကလုန်းနှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ် မဖြစ်ပေါ်စေရန် ဒီရေတောများက မားမား မတ်မတ်ကာကွယ်ပေးနေခြင်းဖြစ်လေသည်။

ဒီရေတောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် သွယ်ဝိုက်သောအကျိုးကျေးဇူးများဟု အခြေခံအားဖြင့်ခွဲခြားထားပါသည်။

လက်တွေ့မြင်တွေ့နိုင်သော အကျိုးကျေးဇူးများမှာ ဒီရေတောအပင်များမှတစ်ဆင့် အိမ်အသုံးအဆောင်ပစ္စည်းများကို အလွယ်တကူရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် သစ်၊ ထင်းမီးသွေး၊ အမိုးအကာစသည်တို့ဖြစ်သည်။သို့ရာတွင်ဒီရေတောပင်များကို ပြုန်းတီးနိုင် လောက်သည်အထိ အလွန်အကျွံ သုံးစွဲခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။ ဒီရေတောအပင်များမှတစ်ဆင့် စားသုံးရန် အသီးအရွက်များလည်း ရရှိနိုင်သည်။ ဥပမာ အားဖြင့် ငှက်ကြီးတောင်(မှိုဟင်း)၊ ကန့်ပလာ(ပျားဇီး)၊ ဓနိ(ဓနိရည်)၊ ဓနိဖူးခြောက် အစ ရှိသည်တို့ဖြစ်သည်။ ထိုအပြင်ဒီရေတောများမှာ ဆေးဖက်ဝင်အပင်များလည်းဖြစ်ပါသည်။  ခယာအရွက်၊  အဆိပ်တရာ၊ မိချောင်းကွမ်းဖတ်တို့မှာ တိုင်းရင်းဆေးအဖြစ်အသုံးပြုလျက် ရှိသော ဒီရေတောပင်များဖြစ်သည်။ ပျားရည်၊ ပျားဖယောင်းတို့အား ဒီရေတောပင်များမှ တစ်ဆင့် ရနိုင်သကဲ့သို့ စက်မှုလုပ်ငန်းသုံးပစ္စည်းများလည်းရရှိနိုင်သည်။ ဥပမာ- မဒမခေါက်၊ ဗြူးခေါက်တို့အား ဆိုးဆေးအဖြစ်အသုံးပြုနေကြသည်။ နောက်တစ်ချက်မှာ ဒီရေတောမှတစ်ဆင့် ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး အစရှိသည့် ရေနေသတ္တဝါအများအပြား ရှာဖွေတွေ့ရှိနိုင်ခြင်းဖြစ်၍ လူတို့၏ အစားအတွက်အထောက်အကူပြုမည်ဖြစ်သည်။ 

mangrove

လေပြင်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့ ရေလှိုင်း ဒဏ်နှင့် ကမ်းပါးပြိုရေတိုက်စားခြင်းတို့မှ ကာကွယ်ပေးခြင်းဖြင့် ဒီရေတောများသည် လူတို့၏ နေ့စဉ်ဘဝအတွက် အထောက်အကူပြုလျက်ရှိလေသည်။ ကာဗွန်ဒိုင်အောက် ဆိုက်ကို လေထဲမှစုပ်ယူပြီး အောက်ဆီဂျင်လွှတ်ထုတ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက် ဆိုက်ကို   မြေပေါ်သာမက  မြေအောက်တွင်   ပိုမိုစုပ်ယူထားနိုင်ခြင်းတို့မှာ    အဖိုးမဖြတ်နိုင်သော အထောက်အကူများဟုပင် ဆိုရမည်။ ဒီရေတောများသည် ရေသတ္တဝါတို့ အတွက် အဓိကအစာထုတ်လုပ်ပေးသည့်နေရာလည်း ဖြစ်ပြီး ပင်လယ်ရေသတ္တဝါတို့၏ ငယ်စဉ်ဘဝအဓိက ကြီးပြင်းရာ ဥချပေါက်ဖွားရာနေရာလည်းဖြစ်ပါသည်။ ဥပမာအားဖြင့် ကျားပုစွန်၊ ကကတစ်၊ ကဏန်းတို့သည် ဒီရေတောများတွင် ဥချပေါက်ဖွားလေ့ရှိသည်။ ဒီရေတောများသည် ကုန်းတွင်းပိုင်းသို့ မြေအောက်မှ ဆားအငန်ဓါတ်စိမ့်ဝင်မှုကို ကာကွယ်ပေးနေပြီး  ရေကိုလည်း သန့်စင်ပေးလေသည်။ ဒီရေတောများထူထပ်စွာရှိခြင်း အားဖြင့် သဘာဝခရီးသွားလုပ်ငန်းကဲ့သို့သော ဒေသခံများအတွက် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများကို ဖန်တီးပေးပြီး သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက် နိုင်ခြင်းဖြင့်လည်း အထောက်အကူပြုပေးနေသည်။

ဒီရေတောများ ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းများတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်း၍ လယ်မြေများအဖြစ် ပြောင်းလဲခြင်း၊ ပုစွန်ကန်/ငါးကန်များ တူးဖော်ခြင်း၊ ဆားကွင်းများ အဖြစ် ပြောင်းလဲခြင်း၊ မျောတိုင်များ ခုတ်ယူခြင်း၊ ထင်း၊ မီးသွေးထုတ်ယူခြင်းစသည်ဖြင့် အလွန်အကျွံ ထုတ်ယူခြင်းများကြောင့် ဖြစ်သည်ဟုဆိုသည်။ ဒီရေတောများသည် အထက်တွင် ဖော်ပြပြီးကဲ့သို့သော အရေးပါသည့်နေရာ တွင်ရှိနေသော်လည်း နိုင်ငံအများ အပြားတွင် ဒီရေတောများ ပြုန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။ ကုန်းမြေသစ်ပင်များထက်(၃)ဆပိုမြန်၍ ပျောက်ကွယ်နိုင်သည်ဟု ယူဆ ကြပါသည်။ ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေမှုကို ပြောင်းပြန်လှန်ရန် အချိန်တန်ပြီဟု ဆိုနိုင်ပါသည်။

ဒီရေတောများ၏ တန်ဖိုးနှင့် အရေးပါပုံတို့ကို ဒေသခံပြည်သူများနှင့် ဒီရေတောကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေကြသူများက ကောင်းစွာသိရှိနားလည်ကြသည့် အလျောက် ထိန်းသိမ်းစောင့်ရှောက်သွားလိုကြပြီး ပြင်ပမှလာရောက်၍ ခုတ်လှဲထုတ်ယူ မှုများ၊ အခြားစီးပွားရေးလုပ်ငန်းများအတွက် ခုတ်ထွင်ရှင်းလင်းမှုများကို ထိရောက်စွာ တားဆီးပေးစေ လိုကြသည်များ ရှိကြောင်းကိုလည်း သိရှိရသည်။ ယခုအခါသဘာဝ ဘေးအန္တရာယ်များ ကာကွယ်ရေးတွင် အရေးပါသော သဘာဝဒီရေတောများ မပျက်စီး မလျော့နည်းစေရန် ကာကွယ်ထိန်းသိမ်းပြီး ဒီရေတောပေါက်ရောက်ရာဒေသကြီးများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့ အပါအဝင်ဒေသများတွင် ဒီရေတောများကို စိုက်ပျိုးလျက်ရှိသည်။

ပင်လယ်နှင့် ကုန်းမြေတို့အကြား ကြားခံအဖြစ် ဆားငန်ရေတွင် ပေါက်ရောက် တတ်သည့် တစ်ခုတည်းသော ဒီရေတောပင်များသည် အနည်များကို သန့်စင်စေပြီး သန္တာကျောက်တန်းများ၊ ပင်လယ်မြက်များကို ကာကွယ်ပေးနေသည့်အပြင် ကာဗွန်ဒိုင် အောက်ဆိုက် လျော့ပါးစေရန် အမြင့်ဆုံးစွမ်းရည်ကို ထောက်ပံ့ပေးလျက်ရှိသည်။ထိုကဲ့သို့ အံ့အားသင့်စရာကောင်းသည့် အပင်များသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု ကိုလည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနေပြန်သောကြောင့် အကျိုးကျေးဇူးကြီးမား လှပါသည်။
သို့ဖြစ်ပါရာ ကမ်းရိုးတန်းဒေသများ ကမ်းပြိုမြေပြိုတိုက်စားခံရမှုမှ ကာကွယ်ရေး၊ ရေလှိုင်းဒဏ်နှင့် မုန်တိုင်းဒဏ်တို့မှ ကာကွယ်ရေး၊ ငါး၊ ပုစွန် ရေသယံဇာတများ  ပေါများစေမှုတွင် အရေးပါသည့် ဒီရေတောများ မပျက်စီးစေရန် ထိန်းသိမ်းရာတွင်လည်းကောင်း၊ ဒီရေတောများ ထပ်မံစိုက်ပျိုးရာတွင်လည်းကောင်း ဒေသခံပြည်သူများ၊ အစုအဖွဲ့များ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရပါမည့်အကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ရေးသားသူ-ဇော်ကြီး(ငါးဦးစီး)

Reference;
(1)www.wikipedia. com
(2)Worldview International Foundation