သဘာဝကပေး အစာနှင့်ဆေး၊ လေးညှင်း

သဘာဝကပေး အစာနှင့်ဆေး၊ လေးညှင်း

လေးညှင်း

လေးညှင်းပွင့်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ပရဆေးအဖြစ်လည်းကောင်း လူသိများကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ cloves ဟု ခေါ်ပြီး သိပ္ပံအမည်မှာ Syzygium aromaticum ဟု ခေါ်ဆိုကာ  မျိုးရင်း  Myrtaceae တွင်ပါဝင်၏။ လေးညှင်းပင်သည် အင်ဒိုနီးရှားနိုင်ငံ Moluccas သို့မဟုတ် Spice Islands တွင် မူလစတင် ဖြစ်ထွန်းပြီး အထူး သဖြင့် Ternate နှင့် Tidore ကဲ့သို့သော ကျွန်းများမှ စတင်ဖြစ်ထွန်းပေါက်ရောက်၏။ ထို့နောက် အရှေ့အိန္ဒိယကျွန်းစုများတွင် အပါအဝင်ဖြစ်သော မိုလက်ကာကျွန်းများ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သို့ တဆင့် ယူဆောင် စိုက်ပျိုးခဲ့ခြင်းဖြစ် ၏။ ဒတ်ချ်လူမျိုးတို့သည် အရှေ့အိန္ဒိယကျွန်းစုများကို ပေါ်တူဂီလူမျိုး များလက်ထဲမှ တိုက်ခိုက်သိမ်းယူလိုက်သောအခါ လေးညှင်းပွင့်အပါအဝင် ဟင်းခတ်အမွှေးအကြိုင်ပင်များကို အမ်ဗွိုင်နားကျွန်းတွင်  စိုက်ပျိုးခဲ့ကြ၏။ ပြင်သစ်လူမျိုးတို့ သည် လေးညှင်းပင်ကို အာဖရိကတိုက် အရှေ့ဘက်ရှိ ဇန်ဇီဗာကျွန်းနှင့် အနောက် အိန္ဒိယကျွန်းစုများတွင် ထပ်ဆင့်ယူဆောင်စိုက်ပျိုးခဲ့ကြ၏။ ယခုအခါတွင်မူ အပူပိုင်းရာသီဥတုရှိသည့် နိုင်ငံများတွင် စိုက် ပျိုးလာကြ၏။ သမိုင်းကြောင်းအရ ဤအဖိုးတန် ဟင်းခတ်အမွှေးအကြိုင် ဆေးဖက်ဝင်လေးညှင်းပွင့်သည် အာရှ တလွှားတွင် ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး “ဟန်”မင်းဆက် (ဘီစီ ၂၀၆ မှ အေဒီ ၂၂၀) အတွင်း တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် ရှေးခေတ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ပျံ့နှံ့သွားကာ ကိုလိုနီခေတ် ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်မှု၏ အဓိကမောင်းနှင်အားဖြစ်လာခဲ့၏။ ဥရောပအင်အားကြီးနိုင်ငံများသည် အကျိုးအမြတ်များသော ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် ယှဉ်ပြိုင်ခဲ့ကြသည့်အချိန်တွင် လေးညှင်းပွင့်နှင့်အတူ ဇာတိပ္ဖိုလ် nutmeg၊ သစ်ကြံပိုး cinnamon၊ ငရုတ် pepper တို့လည်းအတူ ပါဝင်ခဲ့၏။ 

လေးညှင်းပင်သည် အပူပိုင်းအမြဲစိမ်းပင်ဖြစ်ပြီး အမြင့်ပေ ၃ဝ မှ ၄ဝ အထိ ရှင်သန်ကြီးထွားနိုင်၏။ ပင် စည် အခေါက်မှာ မွဲပြာရောင်ရှိပြီး အကိုင်းအခက်များ တည့်မတ်စွာ ဘေးသို့ ဖြာထွက်၏။ အရွက်များမှာ ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်ရှိပြီး ရွက်ရင်းအနည်းငယ်ဝိုင်း၍ ရွက်ထိပ်ချွန်သွယ်ကာ ရွက်လွှဲထွက်၏။ အလျား  ၅-၆ လက်မ ထိရှည်၍ အနံ ၂ လက်မခန့် ကျယ်၏။ ရွက်ပြားမှာ သားရေကဲ့သို့ ပြောင်ချောပြီး အစက် အပြောက်ကလေးများရှိ၏။ အရွက်၏ အပေါ်မျက်နှာပြင်မှာ အစိမ်းရင့်ရောင်ရှိပြီး အောက်မျက်နှာပြင်မှာ အဝါဖျော့ရောင်ရှိကာ ရွက်ညှာတံ ပန်းရောင်ရှိ၏။ ပန်းပွင့်မှာ ၃ ပွင့် တစ်ခိုင်ဖြစ်၏။ တစ်ပင်တည်းတွင် အဖိုပွင့်၊ အမပွင့် သီးခြားစီရှိ၏။ ဆေးဖက်ဝင်အဖြစ် အဖိုပွင့်ကို သုံး၏။ အသီးမှာ အညိုရောင်ဖြစ်ပြီး ရှည်မျောမျောပုံ သဏ္ဌာန်ရှိကာ အစေ့ ၄-၆ စေ့ထိပါရှိ၏။

လေးညှင်းပွင့်ဆိုသည်မှာ ပန်းပွင့်ခါနီး အချိန်တွင်ခူးဆွတ်ပြီး အခြောက် ခံခြင်းမပြုမီ ပန်းပွင့်တစ်ပွင့်ဖြစ်၏။ ပန်းဖူးလေး၏ထိပ်ပိုင်းတွင် လုံးဝန်းသော ဝတ်ဆံမများစွာပါဝင်ပြီး ယင်း၏ ဘေးတွင် မပွင့်သေးသော ပွင့်ချပ်လေးခု ပါဝင်ကာ အောက်ပိုင်းတွင် ပွင့်ရိုးတံရှည်ဖြင့် ဖွဲ့စည်းထား၏။  ယင်းပန်းရောင်အဖူးလေး၏ လုံးဝန်းသော ထိပ်ပိုင်းအထိ ပန်းရင့်‌ရောင်သို့ ပြောင်းလဲလာသည့်အခါ ခူးဆွတ်ပြီး အခြောက်ခံရ၏။  လုပ်သားအင်အားများစွာ အသုံးပြုရသည့် လုပ်ငန်းမျိုး ဖြစ်သော်လည်း ရနံ့သင်းသော အဆီဂလင်းများ ကြွယ်ဝခြင်း၊ ထူးခြားပြီး စူးရှသောအနံ့နှင့် အရသာတို့ကို ပေးစွမ်းနိုင်ခြင်းကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ဆေးဖက်ဝင်အဖြစ်ပါ တန်ဖိုးထားစိုက်ပျိုးလာကြခြင်း ဖြစ်၏။

လေးညှင်းပွင့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတွင် အစာစွမ်းအင် ၆ ကယ်လိုရီခန့်သာ ပါဝင်ပြီး ကာဘိုဟိုက်ဒရိတ် (အများစုမှာ အမျှင်ဓာတ်) အနည်းငယ်၊ ပရိုတင်း (အဆီ) အနည်းငယ်နှင့် သကြားဓာတ်အနည်းငယ်တို့ပါဝင်၏။ သတ္တုဓာတ်များအနေဖြင့် သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်တို့ များစွာပါဝင်သည့်အပြင် ကြေးနီ၊ ဇင့်နှင့် ဆီလီနီယမ်တို့လည်း အနည်း ငယ်ပါဝင်၏။ ဗီတာမင်များအနေဖြင့်  ဗီတာမင်အေ (ဘီတာကယ်ရိုတင်း)၊ ဗီတာမင် ဘီ အုပ်စု (ရီဘို ဖလာဗင်၊ နိုင်ရာစင်နှင့် ဘီစစ်) နှင့်အတူ ဗီတာမင်စီ၊ အီး၊ ကေတို့ပါဝင်၏။ ထို့အပြင် ယူဂျီနောလ် (eugenol) ဟုခေါ်သည့် အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်၏။   

လေးညှင်းဆီသည် ယူဂျီနောလ်ကြွယ်ဝပြီး  အစွမ်းထက်သော ရနံ့မွှေးဆီတစ်မျိုးဖြစ်ပြီး ကိုက်ခဲနာ ကျင်မှုများကို သက်သာစေခြင်း (အထူးသဖြင့် သွားကိုက်ခြင်း၊ ခေါင်း ကိုက်ခြင်း)၊ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်နိုင်ခြင်း၊ မှိုရောဂါကိုဆန့်ကျင်နိုင်ခြင်း၊ ဓာတ်တိုးခြင်းကိုဆန့်ကျင်နိုင်ခြင်း၊  စိတ်ဖိစီးမှုကို သက်သာစေခြင်းနှင့်   ရနံ့မွှေးကုထုံးများတွင် အသုံးပြုခြင်း၊ ခံတွင်းသန့်စင်ဆေးအဖြစ် အသုံးပြုခြင်း၊ အစာမကြေခြင်း၊ ချောင်းဆိုးခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါ တို့အတွက် ရိုးရာတိုင်းရင်းဆေးပညာရပ်တွင် အသုံးပြုကြ၏။

  • မဂ္ဂနိစ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် လေးညှင်းပွင့်သည် ခန္ဓာကိုယ်၏ အရိုးများကြံ့ခိုင်မှုကို အားပေးခြင်း၊ ဟော်မုန်းများ မျှခြေအနေအထားရှိစေရန်ကူညီပေးသည့် အင်ဇိုင်းများကို  အထောက်အကူပြုပေးခြင်းနှင့် ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များကို ပျက်စီးစေတတ်သည့် ဖရီးရယ်ဒီကယ်များထွက်ရှိခြင်းတို့မှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။

  • လေးညှင်းပွင့်တွင်ပါဝင်သည့် ဗီတာမင်အေသည် ဘီတာကယ်ရိုတင်း၏ အရင်းအမြစ်တစ်ခုဖြစ်ပြီး  ရောင်ခြယ် ပစ္စည်း အညိုရောင်ကိုပေးစွမ်းနိုင်ပြီး ယင်းသည် မျက်လုံးများ၏ အမြင်အာရုံကျန်းမာခြင်းကို ကူညီပေးစွမ်းနိုင်၏။

  • လေးညှင်းပွင့်တွင် ကြွယ်ဝစွာပါဝင်သည့် ယူဂျီနောလ် (eugenol) ဟုခေါ်သည့် အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်းကြောင့် စိတ်ဖိစီးခြင်း၊ ကိုယ်တွင်းရောင်ရမ်းနာ ကျင်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းတို့ကို ဆန့်ကျင်ပေးနိုင်ခြင်းနှင့်အတူ  နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် အချို့သော ကင်ဆာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရာတွင် ကူညီပေးနိုင်စွမ်းရှိ၏။ ထို့အပြင် အသည်းခြောက်ခြင်းနှင့် အသည်းအဆီဖုံးခြင်း ရောဂါများဖြစ်ပွားနိုင်ချေကိုလည်း လျော့နည်းစေနိုင်စွမ်းရှိ၏။

  • အစာအိမ်နာအများစုသည် သင့်အစာအိမ်အတွင်းအလွှာကို ကာကွယ်ပေးသော အချွဲလွှာများ ပါးလွှာလာခြင်း ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ သုတေသနပြုချက်များအရ လေးညှင်းပွင့်ကို ပမာဏတစ်ခုသတ်မှတ်ပြီး နေ့စဥ် စားသုံးပေးခြင်းဖြင့်  အစာအိမ်နာကျင်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထား၏။

  • လေးညှင်းပင်၏ အရွက်နှင့်ပင်စည်တို့မှ ထုတ်ယူရရှိသည့်အဆီနှင့် လေးညှင်းဖူးပွင့်မှ ထုတ်ယူရရှိသည့် အဆီဟူ၍ ရှိပြီး ဖူးပွင့်မှထုတ်ယူရရှိသည့်အဆီသည် ပြင်းအားမြင့်ပြီးဆေးဖက်ဝင်အာနိသင်ပိုကောင်းပြီး ရနံ့အကောင်းဆုံးဖြစ်၏။ ဖူးပွင့်ဆီသည် အလွန်အစွမ်းထက်သည့်အတွက် အရေပြားအပေါ်ယံလိမ်းရန်အတွက်အသုံးပြုသည့်အခါ အုန်းဆီ သို့မဟုတ် ဂျိုဂျိုဘာဆီနှင့် ရောစပ်ပြီးမှသာ အသုံးပြုသင့်၏။

  • အိမ်တိုင်း၏စားဖိုဆောင်တွင် လေးညှင်းပွင့်ကို စွယ်စုံသုံးဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ်သာမက ကျန်းမာ ရေးအတွက် ရိုးရာကုထုံးနှင့် အိမ်တွင်းကုထုံးများအတွက်လည်း ဆေးဖက်ဝင်အဖြစ် အလွယ်တကူ အသုံးပြုကြ၏။ လေးညှင်းပွင့်ကို   အပွင့်ချည်းသီးသန့် ဝယ်ယူရရှိနိုင်သကဲ့သို့ လေးညှင်းမှုန့်ကိုလည်း ပရဆေးဆိုင်၊ စူပါမားကက်များ၊ ကွမ်းယာပစ္စည်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်၏။

  • လေးညှင်းပွင့်ကို ဟင်းခတ်အမွှေးအကြိုင် မာဆလာကြိတ်ရာတွင်လည်း ပါဝင်ပစ္စည်းတစ်မျိုးအနေဖြင့်ထည့်သွင်းကြ၏။ ချက်ပြုတ် မည့် ဟင်းလျာအမျိုးအစားအပေါ်မူတည်ပြီး ပါဝင်ပမာဏကို ချင့်ချိန်အသုံးပြုကြရ၏။

  • မြန်မာတို့၏ရိုးရာအလှူမင်္ဂလာပွဲများတွင် တည်ခင်းဧည့်ခံလေ့ရှိကြသည့် ပဲထမင်း၊ ထောပတ်ထမင်း၊ ဒန်ပေါက် ထမင်းနှင့် အသားဟင်းလျာများချက်ပြုတ်ရာတွင်လည်း လေးညှင်းပွင့်ကို မပါမဖြစ် ထည့်သွင်းချက်ပြုတ်ရ၏။

  • မြန်မာ့ရိုးရာယဥ်ကျေးမှုအရ အိမ်တိုင်းတွင် ကွမ်း၊ ဆေး၊ လက်ဖက်တည်ခင်းထားလေ့ရှိရာ ကွမ်းယာထဲတွင် လေးညှင်းပွင့်ကိုလည်း အဆာတစ်မျိုးအဖြစ် ထည့်သွင်းစားသုံးတတ်ကြ၏။

  • လေးညှင်းမှုန့်ကို အချိုပွဲအတွက် မုန့်များပြုလုပ်ရာတွင်လည်း ကောင်း၊ လေးညှင်းမှုန့်ရေနွေးကြမ်း ပြုလုပ် သောက်သုံးရာတွင်လည်း ကောင်း ထည့်သွင်းအသုံးပြုကြ၏။

သဘာ၀တရားမှပေးသည့် လက် ဆောင်မွန် လေးညှင်းပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထား ပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံအတွက် ဂေဟစနစ်‌ ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများကို ထိန်းသိမ်းရေးနှင့် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။     

ကြေးမုံငယ်