မတ်ပဲအထွက်တိုးရေးဆိုင်ရာ နည်းပညာ

မတ်ပဲအထွက်တိုးရေးဆိုင်ရာ နည်းပညာ

မတ်ပဲ

ပဲမျိုးစုံသီးနှံများတွင် မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးရန်နှင့် အဓိက ပြည်ပတင်ပို့ရောင်းချရန် စိုက်ပျိုးသော အရေးကြီးသည့် ဆောင်းသီးနှံတစ်ခု ဖြစ်ပါသည်။ မတ်ပဲကို အောက်မြန်မာပြည်တွင် စပါးရိတ်သိမ်းပြီး သီးထပ်သီးနှံအဖြစ်လည်းကောင်း၊ မြစ်ရေကျချိန်တွင် ကိုင်းကျွန်းများ၌လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ 

မတ်ပဲသည် နိုင်ငံတကာဝယ်လိုအားများသည့်သီးနှံဖြစ်သဖြင့်  တောင်သူလယ်သမားတစ်ဦး၏ မတ်ပဲသီးနှံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မေးမြန်းမှုအပေါ်ဖြေကြားခဲ့မှုများကို အခြားတောင်သူလယ်သမားများ အသိပညာဗဟုသုတရရန်အလို့ငှာ စိုက်ပျိုးသုတ ပေးဝေမျှလိုက်ပါသည်။

မေး။ မတ်ပဲသီးနှံအထွက်တိုးဖို့ ဘယ်လိုမျိုးတွေကို စိုက်ပျိုးရမှာလဲ သိချင်ပါတယ်။

ဖြေ။ အပင်ပေါက်ရာခိုင်နှုန်း ၈၀ နဲ့အထက်ရှိတဲ့မျိုးကို စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားတဲ့ အထွက်ကောင်းမျိုး ၅ မျိုးကို ပြောပြပါမယ်။ 

  • ပထမတစ်မျိုးက ရေဆင်းမတ်ပဲ-၂ ဖြစ်ပါတယ်။ အသက် ၇၀ ရက်မှ ရက် ၇၅ ဖြင့် ရိတ်သိမ်းနိုင်တယ်။ ပျမ်းမျှတစ်ပင်ပါ သီးတောင့် ၃၅ မှ ၄၀ ရှိပြီး တစ်တောင့် တွင် အစေ့ ၄ မှ ၆ စေ့ရှိတယ်။ အစေ့ ၁၀၀ အလေးချိန် မှာ ၅ ဂရမ် ရှိကာ အစေ့ အရောင်မှာ အနက်မွဲမွဲအရောင် ရှိပါတယ်။ အသက်လျင်ပြီး စပါးရိတ်သိမ်းအပြီးသီးထပ်စိုက်သောဒေသများနဲ့ မြေတွင်းအစိုဓာတ်နည်းသောမြေ များမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ရေမြေရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် ၂၅ မှ ၃၀ တင်းထိ ထွက်နိုင်ပါတယ်။

  • ဒုတိယတစ်မျိုးက ရေဆင်းမတ်ပဲ-၄ ဖြစ်ပါတယ်။ အသက် ၆၅ ရက်မှ ရက် ၇၀ ဖြင့် ရိတ်သိမ်းနိုင်တယ်။ ပျမ်းမျှတစ်ပင်ပါ သီးတောင့် ၃၀ မှ ၃၅ ဖြစ်ကာ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိတယ်။ အစေ့ ၁၀၀ အလေးချိန် မှာ ၄ ဒသမ ၅ ဂရမ်ဖြစ်ပြီး အစေ့အရောင်မှာ အနက်ရောင်မွဲမွဲ ရှိပါတယ်။ မိုးရာသီမှာလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သောမျိုး ဖြစ်ပါတယ်။ ရေမြေရာသီဥတု အခြေအနေပေးပါက တစ်ဧကလျှင် ၂၀ မှ ၂၅ တင်းထိ ထွက်နိုင်ပါတယ်။

  • တတိယတစ်မျိုးက ရေဆင်းမတ်ပဲ-၅ ဖြစ်ပါတယ်။ သက်တမ်းမှာ ၁၀၀ ရက်မှ ရက် ၁၁၀ ရှိပြီး ပျမ်းမျှတစ်ပင်တွင် သီးတောင့် ၂၀ မှ ၃၀ သီးနိုင််တယ်။ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိကာ အစေ့ ၁၀၀ အလေးချိန်မှာ ၆ ဒသမ ၂ ဂရမ်ရှိတယ်။ အစေ့အရောင်မှာ အနက်ရောင်ဖြစ်ပြီး ချက်အရောင်မှာ ဖြူဝါရောင် ရှိပါတယ်။ စပါးအပြီးသီးထပ်စိုက်ပျိုးနိုင်ပါတယ်။ တစ်ဧကအထွက်နှုန်းမှာ ၂၀ မှ ၂၅ တင်းဖြစ်ပါတယ်။

  • စတုတ္ထတစ်မျိုးက ရေဆင်းမတ်ပဲ-၇ ဖြစ်ပါတယ်။ အသက်် ၈၀ မှ ၈၅ ရက် ဖြင့် ရိတ်သိမ်းနိုင်တယ်။ ပျမ်းမျှတစ်ပင်ပါသီးတောင့် ၃၀ မှ ၄၀ ရှိပြီး တစ်တောင့်တွင် အစေ့ ၅ မှ ၆ စေ့ရှိကာ အစေ့ ၁၀၀ အလေးချိန်မှာ ၅ ဒသမ ၅ ဂရမ်ရှိပါတယ်။ အစေ့အရောင်မှာ အနက်ရောင်တောက်ပြောင်ပါတယ်။ အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အထွက်မြင့်မားသောမျိုးဖြစ်ကာ ရာသီမရွေးစိုက်ပျိုးနိုင်သော မျိုး ဖြစ်ပါတယ်။ရေမြေရာသီဥတု အခြေအနေပေးပါက တစ်ဧကလျှင် ၂၅ မှ ၃၀ တင်းထိ ထွက်နိုင်ပါတယ်။

  • ပဥ္စမတစ်မျိုးက ပုလဲထွန်း ဖြစ်ပါတယ်။သက်တမ်းမှာ ၁၁၀ ရက်မှ ရက် ၁၂၀ ရှိပြီး ပျမ်းမျှတစ်ပင်တွင် သီးတောင့် ၂၀ မှ ၂၅ သီးနိုင််တယ်။ တစ်တောင့်တွင် အစေ့ ၄ မှ ၆ စေ့ရှိကာ အစေ့ ၁၀၀ အလေး ချိန်မှာ ၇ ဂရမ်ရှိတယ်။ အစေ့အရောင်မှာ အနက်ရောင်ဖြစ်ပြီး ချက်အရောင်မှာ အဖြူရောင် ဖြစ်ပါတယ်။ စပါးအပြီးသီးထပ်စိုက်ပျိုးနိုင်တဲ့မျိုး ဖြစ်တယ်။ တစ်ဧကအထွက်နှုန်းမှာ ၂၀ မှ ၂၅ တင်းဖြစ်ပါတယ်။

မေး။ မတ်ပဲသီးနှံအထွက်တိုးအောင်စိုက်ပျိုးနည်းစနစ်ကို ပြောပြပေးပါ။

‌ဖြေ။ မတ်ပဲကို မြေသားနုပြီး ရေမဝပ်တဲ့ စနယ်မြေစေးမျိုးမှာ စိုက်ပျိုးသင့်ပါတယ်။ စပါးပြီးလယ်မြေနှင့် မြစ်ရေကျပြီး နုန်းသမမြေတို့မှာလည်း စိုက်ပျိုးနိုင်ပါတယ်။  တစ်ဧကမှာ သိမ်းပင်ဦးရေ ၁၃၀,၀၀၀ ရရှိအောင် ကြဲပက်၍ဖြစ်စေ၊ တန်းကြား တစ်ပေ၊ ပင်ကြား ၄ လက်မနဲ့ အတန်းလိုက်ဖြစ်စေ၊ ယာသီးထပ်အတွက် စက်တင်ဘာမှ အောက်တိုဘာလကုန်အထိ၊ လယ်သီးထပ်အတွက် နိုဝင်ဘာမှ ဒီဇင်ဘာဒုတိယပတ် အတွင်း အပြီး စိုက်သင့်ပါတယ်။

မေး။ လိုအပ်တဲ့အာဟာရအတွက် မြေသြဇာသုံးစွဲရေးနဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ။ မြေပြင်ချိန်မှာ ကောင်းစွာဆွေးမြေ့တဲ့ နွားချေး (သို့မဟုတ်) သဘာဝမြေဆွေးများကို ထည့်သင့်ပါတယ်။  နိုက်ထရိုဂျင်အာဟာရ ရရှိစေဖို့ မျိုးစေ့ကို မတ်ပဲဆိုင်ရာပဲမြစ်ဖုမြေသြဇာနဲ့ လူးနယ် စိုက်ပျိုးရန် ဖြစ်ပါတယ်။

မေး။ မတ်ပဲစိုက်ခင်းပေါင်းမြက်နဲ့ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလိုအပ်ချက်တွေကို လည်း ပြောပြပါဦး။

ဖြေ။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ မြေတွင်းအောင်းပိုးနဲ့ ပင်စည်ထိုးယင်ကိုကာကွယ်ရန် မြေတွင် သင့်တော်ရာ ပိုးသတ်ဆေးထည့်သွင်းခြင်း၊ စိမ့်ပျံ့အာနိသင်ရှိသောပိုးသတ်‌ဆေးဖျန်းကာကွယ်ခြင်း၊ ပျနှင့် သီးလုံးဖေါက်ပိုးကျရောက်ပါက ပိုးသတ်ဆေးဖျန်း ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။ယင်ဖြူကျရောက်ပါက အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သဖြင့် ပိုးသတ်ဆေး ဖျန်းနှိမ်နင်းရန် ဖြစ်ပါတယ်။

မေး။ မတ်ပဲသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးရေးဆိုင်ရာတွေလည်း ရှင်းပြပါဦး။

ဖြေ။ မတ်ပဲသီးနှံကို နေကြာနှင့် သီးညှပ် စိုက်ပျိုးနိုင်ပါတယ်။  မတ်ပဲသီးနှံကို စပါးအပြီးစိုက်ပျိုးကာ စပါး-မတ်ပဲသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါတယ်။ မတ်ပဲအပြီး နွေစပါးကို ဆက်လက်စိုက်ပျိုးကာ စပါး-မတ်ပဲ-နွေစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါတယ်။

မေး။    မတ်ပဲရိတ်သိမ်းခြင်းနည်းစနစ်ကိုလည်း သိချင်ပါတယ်။

ဖြေ။ စိုက်ကွက်အတွင်းရှိ မတ်ပဲသီးတောင့်များ မျိုးအလိုက် အစိမ်းရောင်မှ အညိုရောင် သို့မဟုတ် အနက်ရောင်သို့ ၇၅ ရာခိုင်နှုန်းအထိ အရောင်ပြောင်းချိန်မှာ ရိတ်သိမ်းရန် ဖြစ်ပါတယ်။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှမ်းပြီး ချွေလှေ့သန့်စင်ပါ။ နေလှမ်းပြီး အစိုဓာတ် ၈ မှ ၉ ရာခိုင်နှုန်း ရှိချိန်တွင် သိုလှောင်ရန် ဖြစ်ပါတယ်။

မေး။ မတ်ပဲအထွက်တိုးဖို့ ဖြည့်စွက်ပြောလိုတာရှိရင် ထပ်ပြောပေးပါဦး။

ဖြေ။ မတ်ပဲသီးနှံဟာ မြေတွင်းအစိုဓာတ်ကို အဓိကအားထားစိုက်ပျိုးလေ့ရှိတာကြောင့် ပန်းပွင့်ချိန်မှာ မြေအစိုဓာတ်လုံလောက်စွာရှိနေအောင် စိုက်ပျိုးတဲ့မြေရွေးချယ်မှုမှန်ကန်ဖို့နဲ့ စိုက်ပျိုးချိန်မှန်ကန်ဖို့ အလေး ထားဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။

မောင်ဖူးဝေ(တောင်တွင်းကြီး)