သဘာဝကပေး အစာနှင့်ဆေး၊ မိုးနှံပင်

သဘာဝကပေး အစာနှင့်ဆေး၊ မိုးနှံပင်

Needle Bush

ငယ်စဥ်ကလေးဘဝက အရွက်ကိုလိပ်ပြီး “ပီပီ” မှုတ်တမ်းကစားခဲ့ကြသော မိုးနှံပင်ကို မိုးနံပင်ဟုလည်း ခေါ်ဆိုကြပြီး ယင်း၏ အင်္ဂလိပ်အမည်မှာ Bee-sting Bush ဟု  ခေါ်ဆိုကြသကဲ့သို့ Needle Bush, Stink Bush နှင့်  Four-thorns ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Azima tetracantha ဖြစ်ပြီး  မျိုးရင်း Salvadoraceae တွင် ပါဝင်၏။ 

မိုးနှံပင်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်  အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့အပါအဝင် အိန္ဒိယတိုက်ငယ်ကဲ့သို့သော‌ဒေသများ၊ အာဖရိကတိုက်ရှိနိုင်ငံများတွင်  သဘာဝအလျောက်ပေါက်ရောက်တတ်သော အပင်မျိုးဖြစ်၏။  ထိုမျှသာမက ဆိုမာလီယာနှင့် ယူဂန်ဒါမှ တောင်အာဖရိကနှင့် မဒါဂတ်စကာအထိ အာဖရိက၏ ဒေသအနှံ့တွင် တွေ့ရှိရသည့် အပင်မျိုးဖြစ်၏။

မိုးနှံပင်သည် အပူပိုင်းရာသီဥတုရှိသည့်ဒေသများတွင် မြေအမျိုးအစားမရွေး သဘာဝအတိုင်း ပေါက်နိုင်သော အပင်မျိုးဖြစ်၏။ မြန်မာနိုင်ငံတွင်လည်း အညာဒေသနှင့် မိုးနှံပင်သည် ခွဲခြားမရနိုင်ဆိုသည့်အတိုင်း အညာသူအညာသား များအတွက် မိုးနှံပင်မှာ အကျွမ်းတဝင်ရှိလှ၏။ ငယ်စဥ်အချိန်က မိုးနှံသီးကို မနှစ်သက်သော်လည်း သင်္ကြန်ချိန်ခါတွင် ရောဂါဘယကင်းစေရန်ဟူသော အယူအဆကြောင့် လည်းကောင်း၊ ကျောက်ရောဂါကို ကာကွယ်ပေးနိုင်သည်ဟူသော ယုံကြည်ချက်နှင့် အမေကျွေးသည့် မိုးနှံသီး ၉ လုံးကို တစ်ကြိမ်လျှင် ၃ လုံးနှုန်းဖြင့် တဆက်တည်း ၉ လုံးစားခဲ့ရသည် ဟူသော ဆရာကြီး ဦးသက်နိုင်ဦး၏ ဆောင်းပါးတွင် ဗဟုသုတမှတ်စရာ အဖြစ် ဖတ်ရှုခဲ့ဖူး၏။  စာရေးသူလည်း မိုးနှံရွက်နုဖူးညွန့်များကို အညာ ဒေသမှ ဆွေမျိုးများကြောင့်  ယင်း၏ ဆေးဖက်ဝင်ကြောင်း သိခဲ့ရပြီး အင်တာနက်မှ ရှာဖွေဖတ်ရင်း ယင်း၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်ပုံကို သိရှိခဲ့သမျှကို မျှဝေလိုက်ရခြင်းဖြစ်၏။

မိုးနှံပင်သည် ဆူးများပြီး လူတစ်ရပ်အမြင့်ခန့်ရှိသော ချုံပင်အမျိုး အစားဖြစ်၏။ အရွက်များမှာ မာကြော ပြောင်လက်နေပြီး ရွက်ဆိုင်ထွက်၏။ ကိုင်းဖြာသောအပင်မျိုးဖြစ်ပြီး မာကျောသောဆူးများစွာရှိ၏။ အလွန်သေးငယ်သော ရွက်စွယ်ပါရှိ၏။ ပန်းပွင့်များမှာ အလွန်သေးငယ်ပြီး လိင်မစုံဘဲ အဖိုပင် အမပင် သီးခြားစီရှိသည့်အတွက် နှစ်ပင်ပေါင်းလိင်စုံပင်ဟု ခေါ်၏။ အသီးမှာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး အစေ့ ၁ စေ့မှသည် ၃ စေ့ထိ ပါဝင်၏။ သင်္ကြန်ကာလတွင် အသီးများရင့်မှည့်လာပြီးနောက် အဖြူရောင်ဘယ်ရီသီးများဖြစ်လာကြ၏။

မိုးနှံရွက်များတွင် ပရိုတင်း၊ အပင်မှရရှိသော ဖက်တီးအက်စစ်ပါဝင်သည့် အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ် တို့နှင့်အတူ သတ္တုဓာတ်များဖြစ်သည့် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်၊ အိုင်းယွန်း၊ ဇင့်ခ်၊ ကော့ပါးနှင့် မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်၏။ ထို့အပြင် ကျန်းမာရေး အကျိုးကျေးဇူးများပေးစွမ်းနိုင်သော ဗီတာမင်စီ ascorbic acid နှင့်အတူ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်၏။ မိုးနှံစေ့ဆီတွင် oleic နှင့် linoleic acid အပါအဝင် ဖက်တီးအက်ဆစ်များပါရှိပြီး ယင်းကို စားသုံးနိုင်သောဆီဖြစ်နိုင်ကြောင်း အကြံပြုထား၏။ မိုးနှံရွက်တွင် polyphenols၊ flavonoids၊ saponins၊ terpenoids၊ alkaloids နှင့် glycosides အပါအဝင် ဇီဝဒြပ်ပေါင်းများစွာ ပါဝင်၏။

  • ရိုးရာတိုင်းရင်းဆေးပညာရပ်အရ မိုးနှံရွက်ကို  ဖြည့်စွက်စာအဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး ဒူလာရောဂါ၊ နာတာရှည်ဝမ်းလျှောခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့ အပါအဝင် အမျိုးမျိုးသောရောဂါများ အတွက် ဆေးဝါးအဖြစ် အသုံး ပြုခဲ့ကြ၏။ 

  • အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း၊ ကိုယ်လက်ဖောရောင်ခြင်း၊ အစာအိမ်၏ လုပ်ငန်းဆောင် တာများ မူမမှန်ခြင်းတို့အတွက် မိုးနှံ ပင်ကို ဆေးအဖြစ် အသုံးပြုကြ၏။

  • မိုးနှံရွက်ကို ဆီးလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို  အထောက်အကူကောင်းဖြစ်စေသည့် ဆေးအဖြစ် အသုံးပြုကြ၏။ 

  • မိုးနှံရွက်တွင် ဗီတာမင်စီကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာပါဝင်ခြင်းကြောင့် ဓာတ်တိုးဆန့်ကျင်မှု တိုက်ဖျက်နိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြု၏။

  • မိုးနှံရွက်တွင် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ရောင်ရမ်းခြင်းကို ဆန့်ကျင်နိုင်စွမ်းနှင့် ဆီးချိုရောဂါကို ဖြစ်နိုင်ခြေကို ဟန့်တားပေးနိုင်စွမ်းသော ဇီဝဒြပ်ပေါင်းများစွာပါဝင်သည့်အတွက် ဆေးဖက်ဝင်အဖြစ် အသုံးပြုကြ၏။ 

  • မိုးနှံပင်တွင် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိသည့်အတွက် မိုးနှံရွက်ကို ဆေးအဖြစ် အသုံးပြုကြ၏။ 

  • ချောင်းခြောက်ဆိုးနေသူများအတွက် မိုးနှံခေါက်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုကြ၏။ 

  • ပန်းနာရင်ကြပ်ခြင်း ဝေဒနာရှင်များအတွက် မိုးနှံရွက်ကြိတ်ရည်ကို ဆေးအဖြစ် အသုံးပြုကြ၏။

  • မိုးနှံပင်၏ အမြစ်များကို အဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြ၏။

  • သွားကိုက်ခြင်း၊ သွားဖုံးတွင် သွေးယိုစီးခြင်းတို့အတွက် မိုးနှံပင်မှရသော ပင်ရည်ကို တိုက်ရိုက်အသုံးပြုနိုင်၏။

  • နားကိုက်ခြင်းအတွက် မိုးနှံရွက်အရည်၊ မိုးနှံသီးမှည့်အရည်တို့ကို ဆေးအဖြစ် အသုံးပြုကြ၏။

  • အညာသူ အညာသားများနှင့် မိုးနှံပင်မှာ ခွဲခြားမရနိုင်သည့် အတွက် မိုးနှံဖူးညွန့်များကို စားလိုသည့်အချိန် အလွယ်တကူခူးဆွတ်စားသုံးလိုက်ရုံမျှသာ။ အောက်ပြည်ရွာနေသူများအတွက်လည်း အညာဒေသထွက်ကုန်များ ရောင်းချသည့် အွန်လိုင်းပေ့ချ်မှမှာယူဝယ်စားနိုင်၏။ 

  • မိုးနှံရွက်နုနှင့် အဖူးနုများကို ရေနွေးဖျောပြီး ငရုတ်သီးဆားထောင်း၊ ခရမ်းချဥ်သီးထောင်း၊ ခရမ်းချဥ်သီး ပန်ထွေဖျော်၊   ငရုတ်သီးချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။  

  • ရေနွေးဖျောပြီးသား မိုးနှံရွက်နုဖူးလေးများကို နှစ်သက်သလိုလှီးဖြတ်ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ပါးပါးလှီးထားသော ခရမ်းချဥ်သီးအနည်းငယ်၊ ဆား၊  ဟင်းခပ်မှုန့်အနည်းငယ်၊  ပဲကျက်မှုန့်၊ မြေပဲဆံလှော်ထောင်း၊ ကြက် သွန်နီဆီချက်၊ ငရုတ်သီးအလှော်ထောင်းတို့နှင့်အတူ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ ဆိမ့်သက်မွှေးအနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့်  မိုးနှံရွက်ဖူးသုပ်လေးကြောင့် ထမင်း၀ိုင်းအတွက် ဟင်းအမယ်တစ်မျိုးတိုးစေပြီး အလွန် ပင်ထမင်းမြိန်စေ၏။ 

  • အချို့ကလည်း မိုးနှံရွက်နုလေးများကို ချိုးဖြတ်သန့်စင်ပြီးနောက် ဒယ် အိုးပူပူတွင် ဆီအနည်းငယ်ထည့်၊ ဓားပြား ရိုက်ထားသော ကြက်သွန်ဖြူ ထည့် ဆီသတ်ပြီး ကြော်ချက်ချက်စားတတ်ကြ၏။

  • မိုးနှံရွက်နုလေးများကို အရည်သောက်ချက်ပြုတ်ပြီး နို့တိုက်မိခင်များကို တိုက်ကျွေးခြင်းဖြင့် နို့ရွှင်စေ၏။

  • အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ဘဲ၊ ဝက်၊နွားတို့ကိုလည်းလည်း တိရစ္ဆာန် အစာအဖြစ် ကျွေးမွေးတတ်ကြ၏။ 

  • အခြားသောနိုင်ငံများတွင်လည်း မိုးနှံရွက်များကိုအချဥ်တည်ခြင်း၊ သနပ်ပြုလုပ်ခြင်းဖြင့် စားသုံးလေ့ ရှိကြ၏။ 

  • လတ်ဆတ်သော အရွက်ဖျော်ရည်ကို ရေ၊ ပျားရည်နှင့် ရောစပ်ပြီး သောက်သုံးပေးခြင်းဖြင့် အအေးမိခြင်းကို သက်သာ စေရန်နှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းအပါ အဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ကို ရရှိစေနိုင်၏။ 

  • မိုးနှံစေ့များကို လှော်ပြီး စားသုံးနိုင်၏။

  • မိုးနှံပင်ကို တိရစ္ဆာန်အစားအစာအဖြစ်လည်း အသုံးပြုနိုင်သကဲ့သို့ အသီးကို ဝက်များကို ကျွေးနိုင်၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် မိုးနှံပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက် ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ အတွက် ဂေဟစနစ်‌ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများ ထိန်းသိမ်းရေးတို့ကို ရိုးရာယဥ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့်အညီ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။

ကြေးမုံငယ်