နေကြာသီးနှံ အထွက်တိုးရေးဆိုင်ရာ နည်းပညာ

နေကြာသီးနှံ အထွက်တိုးရေးဆိုင်ရာ နည်းပညာ

sunflower

နေကြာသည် စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုး ဖြစ်သည်။ နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်နိုင်သည်။ ယာမြေတွင် မိုးသီးနှံရိတ်သိမ်းအပြီးဖြစ်စေ၊ လယ်မြေတွင် စပါးရိတ်သိမ်းအပြီးဖြစ်စေ၊ ကိုင်းကျွန်းမြေများတွင်ဖြစ်စေ စိုက် ပျိုးနိုင်ပါသည်။ 

တောင်သူလယ်သမားတစ်ဦး၏ နေကြာသီးနှံအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မေးမြန်းမှုအပေါ်ဖြေကြားခဲ့မှုများကို စိုက်ပျိုးသုတ ပေးဝေမျှလိုက်ပါသည်။

မေး။ နေကြာသီးနှံအထွက်တိုးဖို့ ဘယ်လိုမျိုးတွေကို စိုက်ပျိုးရမှာလဲ သိချင်ပါတယ်။

ဖြေ။ အပင်ပေါက်ရာခိုင်နှုန်း  ၈၀)နှင့်အထက်ရှိတဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့ကို စိုက်ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားတဲ့ စိုက်ပျိုးသင့်တဲ့ မျိုးနှစ်မျိုးကို ပြောပြပါမယ်။

တစ်မျိုးက ရေဆင်းစပ်မျိုးနေကြာ−၁ ဖြစ်ပါတယ်။ သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိတဲ့မျိုးပါ။ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်ပါတယ်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေ ရှိပြီး ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။  နေကြာမှာ ကျရောက်တတ်တဲ့ နေကြာရွက်ခြောက်ရောဂါဒဏ်ကို အသင့်အတင့် ခံနိုင် ရည်ရှိပါတယ်။ အပွင့်အရွယ်အစားကြီးမားပြီး အချင်း  ၅ လက်မမှ ၉ လက်မ ရှိပါ တယ်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀  မှ ၉၀၀ ရှိပါတယ်။ အစေ့အရွယ် အစား ကြီးမားပြီး အစေ့ ၁၀၀၀ အလေးချိန်ဂရမ် ၄၅ မှ ၅၀ ရှိပါတယ်။ ဆီပါဝင်မှု ၄၈ မှ ၅၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပျားနဲ့ဖြစ်စေ၊ လူနဲ့ဖြစ်စေ၊ ဝတ်မှုန်ကူးပေးဖို့ မလိုအပ်ဘဲ တစ်ဧက အထွက်   ၅၅ တင်း မှ တင်း ၆၀ ထွက်နိုင်တဲ့မျိုး ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ဆင်းရွှေကြာ−၂ ဖြစ်ပါတယ်။ အထွက်ကောင်းမျိုး(Open Pollinated Variety)ဖြစ်ပါတယ်။ သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိသောမျိူး ဖြစ်ပါတယ်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေ  ရှိတယ်။  အပွင့်အချင်း ၅ လက်မ မှ ၇ လက်မ ရှိတယ်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၇၀၀ ရှိတယ်။ အစေ့ ၁၀၀၀ အလေးချိန်ဂရမ် ၄၂ မှ  ၄၅  ရှိတယ်။ ဆီထွက်ရာခိုင်နှုန်း ၄၅ မှ ၄၈  ရာခိုင်နှုန်း ရှိတယ်။ တစ်ဧကမှ အထွက်  ၂၅ တင်း မှ တင်း ၃၀ ထွက်နိုင်တဲ့မျိုး ဖြစ်ပြီး ဒေသမရွေးစိုက်ပျိုးဖြစ်ထွန်းပါတယ်။

မေး။ နေကြာသီးနှံအထွက်တိုးအောင်စိုက်ပျိုးနည်းစနစ်ကို ပြောပြပေးပါ။

ဖြေ။ မြေဆီသြဇာထက်သန်တဲ့ သဲနုန်းမြေစေး၊ နုန်းမြေနဲ့ သဲနုန်းမြေတို့မှာ ထယ်ရေး နက်နက် ထွန်ရေးညက်ညက်မြေပြုပြင်ပြီး တစ်ဧကတွင် အပင်ဦးရေ ၂၉၀၀၀ ရရှိအောင် တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မထားကာ၊ တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့နှုန်း၊ မျိုးစေ့ကို ၁ ဒသမ ၅ လက်မ မှ ၂ လက်မအနက်မှာ စိုက်ပျိုးရမှာ ဖြစ်ပါတယ်။

အကောင်းဆုံးစိုက်ပျိုးချိန်ကတော့ မိုးရာသီမှာ မေ မှ ဇွန်၊ မိုးနှောင်းရာသီမှာ စက်တင်ဘာမှ အောက် တိုဘာ၊ မိုးစပါးရိတ်သိမ်းအပြီးစိုက်ပျိုးရာမှာ မြေအစိုဓာတ် လုံ လောက်စွာရှိရင် နိုဝင်ဘာနှင့် ဒီဇင်ဘာမှာ စိုက်ပျိုးနိုင်ပါတယ်။ ဆည်ရေရရှိတဲ့ ဒေသတွေမှာလည်း မိုးကြိုသီးနှံအဖြစ် ဖေဖေါ်ဝါရီ၊ မတ်နှင့် ဧပြီတို့တွင် စိုက်ပျိုး နိုင်ပါတယ်၊

အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပြီး သားခွဲရန် ဖြစ်ပါတယ်။အပင်ယိုင်လဲမှုမဖြစ်စေရန် အဖူးဝင်ချိန်မှာ ဘောင်တင်ပေးသင့်ပါတယ်။

မေး။ လိုအပ်တဲ့အာဟာရအတွက် မြေသြဇာသုံးစွဲရေးနဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ။ နေကြာစိုက်ပျိုးရန် မြေမပြုပြင်မီ တစ်ဧကလျင် နွားချေး၊ ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေးများကို လှည်း ၅ မှ ၁၀ စီးနှုန်း ထည့်ပေးသင့်ပါတယ်။မြေပြုပြင်စဥ်မှာ ယူရီးယားမြေသြဇာ ၁၁၂ ပေါင်၊ တီစူပါမြေသြဇာ ၅၆ ပေါင်နဲ့ ပိုတက်ရှ်မြေသြဇာ ၅၆ ပေါင်နှုန်း ထည့်ပေးသင့်ပါတယ်။နေကြာအဖူးဝင်ချိန်မှာ တစ်ဧက လျှင် ယူရီးယား ၅၆ ပေါင်နှုန်း ထပ်မံထည့်ပေး သင့်ပါတယ်။

မေး။ နေကြာစိုက်ခင်းပေါင်းမြက်နဲ့ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလိုအပ်ချက်တွေကို လည်း ပြောပြပါဦး။

ဖြေ။ အပင်အညှောင့်ပေါက်ပြီး ၇ ရက်အတွင်း ကြားပေါင်းလိုက်ကိရိ ယာနဲ့ ပေါင်းမြက်ကို နှိမ်နင်းသင့်ပါတယ်။ အပင်ခြေနေရာ တစ်ဝိုက်ကိုတော့ လက်ပေါင်းလိုက်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းရမှာ ဖြစ်ပါတယ်။

နေကြာပင်ကို ဖြုတ်စိမ်း၊ ပျပိုး၊ ပိုးနဂါး၊ ရွက်စုံစားခူမွှေးရှည်၊ အပွင့်စားပိုး -စသည်ဖြင့် အင်းဆက်ပိုးများ ဖျက်ဆီးနိုင်ပါတယ်။ အပင်ငယ်စဉ်မှာ သင့်လျော်ရာ ပိုးသတ်ဆေးနဲ့ ဖျန်းပက်ကာကွယ်သင့်ပါတယ်။ နေကြာရင့်မှည့်ချိန်မှာ အပင်ရှိအစေ့ အဆန်များကို ငှက်နဲ့ ကြွက်ရန်မှ ကာကွယ်ဖို့လည်း လိုပါတယ်။

အပင်ငယ်စဥ်မှစတင်ပြီး ပင်ခြေပုပ်ရောဂါကျရောက်နိုင်ပါတယ်။ မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်စိုက်ပျိုးကာကွယ်ရန် ဖြစ်ပါတယ်။ နေကြာပင် ကြီးထွားမှုအဆင့်တိုင်းတွင်ကျရောက်တတ်တဲ့ ရွက်ခြောက်ရောဂါအတွက်တော့ ပေါင်းမြက်များကို သုတ်သင်ရှင်းလင်းခြင်း၊ ရောဂါကာကွယ်ဆေးအသုံးပြုပြီး ပြန့်ပွားမှုကို ထိန်းချုပ်ခြင်း၊ ရောဂါကျအပင်အကြွင်းအကျန်များကို မီးရှို့ပစ်ခြင်း၊ သီးနှံအလှည့်ကျ စိုက် ပျိုးခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်ရန် ဖြစ်ပါတယ်။

မေး။ နေကြာကို သီးထပ်၊ သီးညှပ်စိုက်ပျိုးရေးဆိုင်ရာတွေလည်း ရှင်းပြပါဦး။

ဖြေ။ မိုးဦးသီးနှံများဖြစ်တဲ့ နှမ်းလျင်၊ ပဲတီစိမ်း၊ မြေပဲစတဲ့ ယာသီးနှံတစ်မျိုးမျိုးကို ရိတ်သိမ်းပြီးချိန် မိုးနှောင်းရာသီမှာ နေကြာသီးနှံကို သီးထပ်စိုက်ပျိုးနိုင်ပါတယ်။မိုးစပါး ရိတ်သိမ်း အပြီးမှာလည်း ဆောင်းသီးနှံအနေနဲ့ဖြစ်စေ၊ မိုးကြိုသီးနှံအနေနဲ့ဖြစ်စေ၊ နေကြာ သီးနှံကို သီးထပ်စိုက်ပျိုးနိုင်ပါတယ်။

သီးညှပ်စိုက်ပျိုးခြင်းဆိုတာကတော့ နေကြာချည့်သီးသန့်စိုက်ပျိုးခြင်းမပြုဘဲ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ဂျုံ စတဲ့ ယာသီးနှံတစ်မျိုးမျိုးနဲ့ တစ်ချိန်တည်းတစ်ပြိုင်တည်း အတူ စိုက်ပျိုးခြင်းမျိုး ဖြစ်ပါတယ်။ အခြားသီးနှံကို ကြဲပက်စိုက်ပျိုးပြီး နေကြာကို အတန်းလိုက် စိုက်နိုင်တယ်။ အကောင်းဆုံးမှာ သီးနှံ နှစ်မျိုးလုံးကို အတန်းလိုက်စိုက်ပျိုးတာဖြစ်ပါ တယ်။ ဥပမာ-ပဲတီစိမ်းနဲ့ နေကြာ သီးညှပ်စိုက်မယ်ဆိုရင် ပဲတီစိမ်းအတန်း ၆ တန်းခြားတိုင်း နေကြာ ၂ တန်းစိုက်တာမျိုး ဖြစ်ပါတယ်။ ပဲတီစိမ်းလည်းရ နေကြာက စားသုံးဆီလည်း ရနိုင်လို့ တောင်သူအတွက် စီးပွားရေး အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်။

မေး။ နေကြာရိတ်သိမ်းနည်းစနစ်ကို သိချင်ပါတယ်။

ဖြေ။ နေကြာပွင့်နောက်ကျောဘက်အဝါရောင်သမ်းလာချိန် ရိတ်သိမ်းရန် ဖြစ်ပါတယ်။ ရိတ်သိမ်းပြီးနေကြာပွင့်တွေကို တစ်ပွင့်နဲ့တစ်ပွင့် မထပ်စေဘဲ ၂ - ၃ ရက် နေလှမ်း အစေ့ချွေရန် ဖြစ်ပါတယ်။ အစေ့တွင်းအစိုဓာတ် ၅ - ၆ ရာခိုင်နှုန်းထိရရှိရန် ၂ - ၃ ရက် နေလှမ်းပြီး လေလုံအောင် သိုလှောင်ရန် ဖြစ်ပါတယ်။

မေး။ နေကြာအထွက်တိုးဖို့ ဖြည့် စွက်ပြောလိုတာရှိရင် ထပ်ပြောပေးပါဦး။

ဖြေ။ စိုက်ပျိုးမြေမှာ နေကြာပန်းဖူးဝင်ချိန်မှ ပန်းပွင့်ချိန်ထိ ၃ ပတ်အတွင်း အစိုဓာတ် မလုံလောက်ရင် ပန်းပွင့်ကြီးထွားမှုကို ရပ်တန့်စေပြီး အထွက်ကို များစွာ ထိခိုက်စေနိုင်ပါ တယ်။ ဒါ့ကြောင့် အဖူး ၇၅ ရာခိုင် နှုန်း ဝင်ချိန်နဲ့ ပန်း ၇၅ ရာခိုင်နှုန်း ပွင့်ချိန်တို့မှာ ရေလိုအပ်မှုရှိပါက တစ်ကြိမ်စီ ရေပေးသွင်းနိုင်ရေး ဆောင် 
ရွက်ပါလို့ ပြောချင်ပါတယ်။ 

‌မောင်ဖူးဝေ(တောင်တွင်းကြီး)