မြေကြီးက ရွှေသီးစေရန်၊ မြေဆီလွှာအာ်ဟာရကြွယ်ဝဖို့ ကြိုးပမ်းလုပ်ဆောင်ကြစို့

မြေကြီးက ရွှေသီးစေရန်၊ မြေဆီလွှာအာ်ဟာရကြွယ်ဝဖို့ ကြိုးပမ်းလုပ်ဆောင်ကြစို့

land

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် လယ်ယာမြေများအားလုံး သည် မြေဆီဩဇာထက်သန်ပြီး အာဟာရဓာတ်ကြွယ်ဝနေရမည်ဖြစ်ပါသည်။ စိုက်ပျိုးမြေဆီလွှာသည် အပင်များရှင်သန်ကြီးထွားမှုအတွက် အဓိက မရှိမဖြစ် လိုအပ်သော ရေနှင့်အပင်အာဟာရ ဓာတ်များကို ပေးဆောင်သည့် သတ္တုဓာတ်၊ မြေဆွေးဓာတ်၊ ရေ၊ လေတို့ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ အပေါ်ယံဆုံးအလွှာပါးလေးဖြစ်ပါသည်။ မြေဆီလွှာသည် ရေကို ထိန်း ညှိပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိလာသော အန္တရာယ်ရှိ စေနိုင်သည့် ဓာတ်ကြွင်းများနှင့် လေထုညစ်ညမ်းမှုများကို လျှော့ချပေးနိုင်ခြင်းနှင့် စစ်ထုတ်ပေး နိုင်ခြင်း၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ်နှင့် အခြားအာဟာရဓာတ်များစွာကို မြေဆီလွှာထဲတွင် သိမ်းဆည်းပေးနိုင်ခြင်းစသည့် အရေးပါသော လုပ်ဆောင် မှုများကိုလည်း ဆောင်ရွက်ပေးသည်။ ထို့ကြောင့် သက်ရှိဂေဟစနစ်တွင် အပင်များ၊ လူသားများနှင့်တိရိစ္ဆာန်များ ရေရှည် တည်တံ့နေစေရန်အတွက် မြေဆီလွှာ၏အရည်အသွေးနှင့် အာဟာရကို ကောင်းမွန်စေရေး ထိန်းသိမ်းထားရန် အထူးလိုအပ်ပါသည်။

လျင်မြန်စွာတိုးတက်လာသော လူဦးရေအတွက် စားရေရိက္ခာလုံလောက်စွာ ထောက်ပံ့နိုင်ရန် မြေဆီလွှာကိုအနားမပေးဘဲ စိုက်ပျိုးလာခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေ ဩဇာအစရှိသော ဓာတုသွင်းအားစုများကို လိုအပ်သည်ထက် ပိုမို၍ အလွန်အကျွံသုံးစွဲမိခြင်း တို့ကြောင့်မြေဆီလွှာအရည်အသွေးနှင့်အာဟာရဓာတ်စွမ်းအားကျဆင်းလျက်ရှိပါ သည်။ မြေဆီလွှာ ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် မြေဆီလွှာအဆင့် အတန်း ကျဆင်းလာခြင်းများကို အချိန်မနှောင်းမီ ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ အပင်အာဟာရဓာတ်ဆိုင်ရာ ဘက်စုံစီမံမှု နည်းစနစ်များကို လိုက်နာကျင့်သုံးရန် လိုအပ်လာပါသည်။

ဘက်စုံအပင်အဟာရဓာတ်ဆိုင်ရာကြွယ်ဝရေး

သီးနှံအထွက်နှုန်းတိုးစေရန် တောင်သူအများစုသည် ဓာတ်မြေဩဇာ များကိုသာ အားပြု ထည့်သွင်းအသုံးပြုလေ့ရှိပြီး မြေဆီလွှာကျန်းမာရေးအတွက် မြေဆီလွှာကို ပြုပြင်ထိန်းသိမ်းမှု များလွန်စွာအားနည်းနေပါသေးသည်။ ဓာတ်မြေဩဇာဆိုသည်မှာ အပင်အတွက် ၎င်းဓာတ်မြေဩဇာတွင် ပါဝင်သည့် အာဟာရဓာတ်ကိုသာ ပေးနိုင်စွမ်းရှိပြီး အသုံးပြုသည့် နှုန်းထားမှန်ကန်ခြင်းမရှိပါက ကောင်းကျိုးထက်ဆိုးကျိုးများစွာဖြစ်စေနိုင်သည့်အပြင် ရေရှည်တွင် မြေနှင့်ရေ သယံဇာတများကို ထိခိုက်ပျက်စီးစေပါသည်။ ဘက်စုံအပင်အာဟာရဓာတ်ဆိုင်ရာ စီမံမှုဆို သည်မှာ မြေဆီလွှာ၏ အရည်အသွေးနှင့်အပင်အာဟာရဓာတ်ပံ့ပိုးမှုများကို အကောင်းမွန်ဆုံး ထိန်းသိမ်းနိုင်ရန် အပင်အာဟာရအရင်းအမြစ်အမျိုးမျိုးကို ပေါင်းစပ်၍ မှန်ကန်ကောင်းမွန်စွာ ဆောင်ရွက်သောနည်းစနစ်များကို ဆိုလိုပါသည်။ အဓိကအားဖြင့် မြေဆီလွှာ ၏ အရည်အသွေးများဖြစ်သော လေဝင်လေထွက်ကောင်းမွန်မှု၊ ဖွဲ့စည်းတည်ဆောက်မှု၊ အပင်အာဟာရဓာတ် အမျိုးမျိုးနှင့်ရေထိန်းသိမ်းနိုင်မှုများကိုမြှင့်တင်ပေးနိုင်သည့်အပြင်လေထုထဲသို့ ဖန်လုံအိမ်ဓာတ် ငွေ့ထုတ်လွှတ်မှုကိုလည်း လျော့ချပေးနိုင်ပါသည်။ ဘက်စုံအာဟာရဓာတ်ကြယ်ဝစေရန် ဆောင်ရွက်ရာတွင် (၁) လိုအပ်သည့်ပမာဏကိုသာ သုံးစွဲခြင်း၊ (၂) ပြန်၍ အသုံးပြုခြင်းနှင့်၊ (၃) ပြန်လည်ပြုပြင်၍ အသုံးပြုခြင်းဟူသော နည်းလမ်းသုံးသွယ်ဖြင့် ချဉ်းကပ်ဆောင်ရွက်နိုင်ပါ သည်။

လိုအပ်သည့်ပမာဏအားသုံးစွဲခြင်း

ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးဦးစီးဌာနမှ အတည်ပြုထောက်ခံ သော ပမာဏကိုသာ ထည့်သွင်းပြီး လွန်ကဲစွာသုံးစွဲခြင်းကိုလျော့ချသွားသင့်ပါသည်။ ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်းဖြင့်မြေဆီလွှာ၏ ဖွဲ့စည်းပုံနှင့် မြေဆီလွှာ အာဟာရဓာတ်ပမာဏ မညီမျှမှုကို ဖြစ်ပေါ်စေရုံ  သာမက မြေဆီလွှာ၏ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့်အရည်အသွေးကိုပါ ထိခိုက်စေ နိုင်ပါသည်။ အကျိုးဆက်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် အကျိုးအမြတ်များ ကျဆင်းသွားကာ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ဓာတ်မြေဩဇာ အသုံးပြုရာတွင် လိုအပ်သည့် အတိုင်း အဆထည့်သွင်း၍ လွန်ကဲသည့်ပမာဏကို လျှော့ချနိုင်ရန် မြေဆွေးများ၊ သီးနှံအကြွင်းအကျန်များ၊ သဘာဝမြေဆွေးများ၊ ကောင်းမွန်စွာ ဆွေးမြေ့နေ သောနွားချေး၊ ကြက်ချေးကဲ့သို့သော တိရိစ္ဆာန်အညစ်အကြေးများနှင့် ဇီဝမြေဩဇာများကို တွဲဖက်အသုံးပြုုခြင်းဖြင့် မြေဆီလွှာ၏ကျန်းမာရေးကို မြှင့်တင်နိုင်ပြီး သီးနှံအထွက်နှုန်းကို ပိုမို တိုးတက်စေနိုင်ပါသည်။ 

ထို့အပြင် အခြားသောစိုက်ပျိုးရေးစနစ်များဖြစ်သော သီးလှည့်စိုက်ပျိုးခြင်းနှင့် ပိုက်ဆံလျှော်၊ ညံပင်ကဲ့သို့သော သစ်စိမ်းမြေဩဇာများ ပြုလုပ်သုံးစွဲခြင်း၊ မြေဖုံးပင်များစိုက်ပျိုးခြင်း အစရှိသော အလေ့အကျင့်ကောင်း များကိုလည်း လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ အပင်မှ အမှန်တကယ်လိုအပ်သောအာဟာရဓာတ်များကို ညီမျှစွာထည့်သွင်းနိုင်ရန်အတွက် မြေဆီ လွှာ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သင့်ပါသည်။ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၊ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစမ်းသပ်နိုင်သဖြင့် တောင်သူများအနေဖြင့် မြေနမူနာများနှင့် အပင်နမူနာများရယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများကို 
အလေ့အကျင့်ကောင်းတစ်ခုအဖြစ် မဖြစ်မနေဆောင်ရွက်စေလိုပါသည်။

မှားယွင်းသည့် စိုက်ပျိုးရေးနည်းစနစ်များဖြစ်သော ရွှေ့ ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ မြေယာပြုပြင်ရန် ရိုးပြတ်များအားမီးရှို့ခြင်း၊ ရိတ်သိမ်း ခြွေလှေ့ စက်အသုံးပြုမှုများလာသဖြင့် ကောက်ရိုးများအား အလွယ်တကူမီးရှို့ခြင်း၊ အပင်အကြွင်းအကျန်များအားမီးရှို့ခြင်း အစရှိသောလုပ်ဆောင်ချက် များကြောင့်ထွက်ရှိလာသောမီးခိုးမြူငွေ့များအားလျော့ချရန်လည်းအထူး လိုအပ်လျက်ရှိပါသည်။

အဆိုပါမီးခိုးမြူငွေ့များသည် အနီးပတ်ဝန်းကျင်တွင်နေထိုင်သည့်လူသားတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်ပျက်စီးစေရုံသာမက သက်ရှိတိရိစ္ဆာန်များနှင့်အပင်များအပေါ်တွင်လည်း အလွန်အန္တရာယ် ဖြစ်စေနိုင်ပါသည်။

မီးရှို့ခြင်းကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိခိုက်စေနိုင်ရုံ   သာမက မီးရှို့ထားသော စိုက်ခင်းမှထွက်ရှိလာသော လယ်ယာထွက်ကုန်များကို အခြားနိုင်ငံများက ဝယ်ယူမည်မဟုတ်သည့်အတွက် သီးနှံဈေးကွက်ဝယ်လို အားများ ကျဆင်းသွားနိုင်သောကြောင့် သီးနှံစိုက်ပျိုးရာ၌ မီးရှို့မှုလျှော့ချရေးလုပ်ငန်းများကိုပါ တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေလိုပါသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်သွားစေရန် နည်းလမ်းဖြစ်သော နှစ်ရှည်သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးခြင့်း၊ တောင်စောင်း စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းစသည်ဖြင့် စိုက်ပျိုးရေး နည်းစနစ်များအား ပြောင်းလဲကျင့်သုံးရန် လိုအပ်ပါသည်။

လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိသော အပင်အကြွင်းအကျန်များအား သဘာဝမြေဆွေး ပြုလုပ်ခြင်း၊ ရိုးပြတ်များအား ထယ်မှောက်၍ ဆွေးမြေ့စေခြင်း၊ နောက်သီးနှံများ၏ အပင်ခြေ တွင် အပင်အကြွင်းအကျန်များအား မြေဖုံးပေးခြင်းနှင့် ထွန်ယက်မှုကို တတ်နိုင်သမျှ လျော့နည်းစေခြင်း အစရှိသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်ပါသည်။

ထိုကဲ့သို့ပြုမူဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်ကို လျော့ချနိုင် ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း များစွာအထောက်အကူပြုစေနိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာထိုင်း နယ်နမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေ ရှင်းဆောင်ရွက်ရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးဆောင်ရွက်လျှက်ရှိသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းသိမ်းရေးဆိုင်ရာ ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက် ရှိ
ပါသည်။ 

ပြန်၍အသုံးပြုခြင်း

ဒုတိယနည်းလမ်းဖြစ်သော ပြန်၍အသုံးပြုခြင်းတွင် စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိလာ သော တိရိစ္ဆာန်အညစ်အကြေး စွန့်ပစ်ပစ္စည်းများ၊ ပဲရိုး၊ ပဲမှော်၊ ကောက်ရိုးအစရှိသော သီးနှံ အကြွင်းအကျန်များအား စိုက်ခင်းအတွင်း ပြန်လည်ထည့်သွင်းအသုံးပြုခြင်း၊ ကောက်ရိုးများ ကို အသုံးပြု၍ မှိုစိုက်ပျိုးခြင်း၊ တီမွေးမြူခြင်းစသည်တို့အပြင် မြေဖုံးပစ္စည်းများအဖြစ် အသုံးပြု ခြင်းစသည့် နည်းလမ်းများလည်းပါဝင်ပါသည်။

လယ်ယာထွက်ပစ္စည်းများအပြင် စိုက်ခင်းများအတွင်းသို့ ရေသွင်းရာမှ စီးဆင်းလာ သည့်ပိုလျှံရေများ၊ ရေထုတ်မြောင်းများအတွင်းရှိ ပိုလျှံရေများကို ပြန်လည်အသုံးပြုခြင်းဖြင့် ရေကိုအကျိုးရှိထိရောက်စွာအသုံးပြုလာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အညာဒေသကဲ့သို့သော ပူပြင်းခြောက်သွေ့၍ ရေရှားပါးသော အရပ်များ၌ ရေစုကန်၊ ရေစုကျင်းများ တူးဖော်၍ မိုးရေကို စနစ်တကျစုဆောင်းခြင်းဖြင့် မြေဆီလွှာတိုက်စားခြင်းများကို လျော့ကျစေပြီး ရေအရင်းအမြစ် များကို ထိန်းသိမ်းနိုင်မည်ဖြစ်ရုံသာမက အဆိုပါရေများကို ဖြည့်စွက်ရေအဖြစ် ပြန်လည်အသုံး ပြုခြင်းဖြင့် သီးနှံများ အထွက်တိုးလာနိုင်ပါသည်။

တောင်သူများအနေဖြင့် ဖော်ပြပါနည်းလမ်းများကို လုပ်ဆောင်ပါက မိမိတို့၏ စိုက်ပျိုးမြေတွင် မြေဆီဩဇာကြွယ်ဝကောင်းမွန်စေပြီး အကျိုးပြုအဏုဇီဝသက်ရှိများ၏ ရှင်သန်ပေါက်ပွားမှုကို မြှင့်တင်ပေးနိုင်ပါသည်။ သီးနှံအကြွင်းအကျန်များကို ကောက်ရိုးမှိုများစိုက်ပျိုးခြင်း၊ တီကျစ်မြေဩဇာများထုတ်လုပ်ခြင်းအားဖြင့်လည်း တစ်ဖက်တစ်လမ်းမှ တောင်သူဝင်ငွေ ရရှိ နိုင်ပါသည်။

ပြန်လည်ပြုပြင်၍ အသုံးပြုခြင်း

တတိယနည်းလမ်းအနေဖြင့် သီးနှံအကြွင်းအကျန်များကို ပုံစံပြောင်းပြုပြင်ပြီး ပြန်လည် အသုံးပြုခြင်းဖြစ်ပါသည်။ စပါးခွံ၊ ကောက်ရိုးအစရှိသည်တို့ကို အသုံးပြု၍ ဇီဝမီးသွေး၊ ဇီဝအုတ်ခဲများ၊ အီးအမ်ဘိုကာရှီမြေဆွေး၊ သဘာဝမြေဩဇာများအဖြစ် ပြန်လည်ပြုလုပ်အသုံးပြုခြင်းဖြင့် မြေဆီလွှာဆုံးရှုံးမှုကို သက်သာစေသည့်အပြင် အပိုဝင်ငွေရရှိနိုင်ခြင်းအစရှိသည့် အကျိုး ကျေးဇူးများကို ရရှိနိုင်ပါသည်။

ထို့ပြင် အိမ်မွေးတိရိစ္ဆာန်စွန့်ပစ်အညစ်အကြေးများကို ဇီဝဓာတ်ငွေ့ များထုတ်လုပ်သုံးစွဲခြင်းပြုလုပ်ပြီး ဘေးထွက်ပစ္စည်းများကို စိုက်ခင်းများသို့ ပြန်လည်ထည့်သွင်းခြင်းများဖြင့် မြေ ဆီလွှာ၏ အရည်အသွေးကို တိုးတက်စေရုံသာမက လျှပ်စစ်မီးရရှိခြင်းဖြင့် ကျေးလက်ဒေသ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး၊ လူမူရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း အထောက်အပံ့ပေး နိုင်ပါသည်။ 

ရေရှည်တည်တံ့စေရန် 

စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် လက်ရှိကာလာတွင်သာမက ရေရှည်တွင် မိမိတို့၏ အနာဂတ်မျိုးဆက်များ စားရေးရိက္ခာဖူလုံရေးအတွက်ပါ မျှော်မှန်းပြီး မြေဆီလွှာကျန်းမာရေး နှင့်ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ လိုအပ်ပါသည်။

အချုပ်ဆိုရသော် လျှော့ချခြင်း၊ ပြန်၍အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်၍ အသုံးပြုခြင်း ဟူသော နည်းလမ်းသုံးသွယ်ကိုအခြေခံသော မြေဆီ လွှာအာဟာရဓာတ်ကြွယ်ဝရေး နည်းစနစ်များကို အသုံးပြုလုပ်ဆောင်ခြင်းဖြင့် စိုက်ပျိုးသမျှ အောင်မြင်စွာထုတ်လုပ်ရောင်းချနိုင်ပြီး “မြေကြီးမှရွှေသီးစေရန် လုပ်ဆောင်ကြပါစို့”ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

သန္တာညီ(Land Use)