သဘာဝကပေး အစာနှင့်ဆေး ၊ ကန်စွန်းရိုးနီ

ယခုလိုရာသီ မိုးရွာတစ်လှည့်၊ နေသာတစ်လှည့် ရာသီဥတုဆိုလျှင် လမ်းဘေးဝဲယာတစ်လျှောက် ရေစပ်စပ်ရှိရာ နေရာတိုင်းမှာ ခရမ်းနီရောင် ခပ်ပွပွ ရိုးတံလေးတွေမှာ အစိမ်းရောင်တွင် ခရမ်းရောင်အနားကွပ်ထားသည့် ကန်စွန်းရိုးနီ ရွက်ညွန့်လေးများက ကော့ညွတ်ဝေဖြာနေလိုက်တာ၊ ကန်စွန်းရိုးကို လက်လေးနှင့် ချိုးပြီး ခူးဆွတ်လိုက်လျှင် ထွက်ပေါ်လာသည့် တဖောက်ဖောက် အသံလေးက စည်းချက်လိုက်နေသလိုပင်။
တစ်နှစ်ပတ်လုံး အလွယ်တကူခူးဆွတ်စားသုံးမကုန်နိုင်သော၊ ဆေးဖက်အလွန်ဝင်သော ကန်စွန်းရိုးနီ၏ အင်္ဂလိပ်အမည်မှာ water spinach, kangkong ဟု ခေါ်ဆိုကြသကဲ့သို့ swamp morning glory ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Ipomoea aquatica Forsk ဟု ခေါ်ဆိုပြီး ကန်စွန်းမျိုးရင်းဝင်ဖြစ်သည့် Convo-lvulaceae တွင် ပါဝင်၏။
ကန်စွန်းရိုးနီသည် အရှေ့တောင်အာရှေဒေသ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်တို့တွင် မူလစတင် ပေါက်ရောက်ဖြစ်ထွန်း၏။ အာရှ၊ အာဖရိကနှင့် အနောက်တောင်ပိုင်းရှိ ပစိဖိတ်ကျွန်းစုများ၊ သြစတြေးလျမြောက်ပိုင်းတို့တွင်လည်းတွေ့ရှိရ၏။ ယခုနောက်ပိုင်းတွင် အရှေ့ တောင်အာရှတိုက်၏ အပူပိုင်းဒေသများ၊ အထူးသဖြင့် အရှေ့အာရှနှင့် အိန္ဒိယ တိုက်ငယ်များတွင် တွင်ကျယ်စွာ စိုက်ပျိုးလာကြ၏။
ကန်စွန်းရိုးနီပင်သည် တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံ ရေလျှောက်ပင်မျိုးဖြစ်၏။ ပင်စည်အရိုးမှာ အနီရောင် အပွဖြစ်သည့်အတွက် ကန်စွန်း ရိုးနီဟု ခေါ်ဆိုကြ၏။ အပင်၏အဆစ်များမှာ အခေါင်းပိတ်ဖြစ်ပြီး ယင်းမှ အမြစ်များ ထွက်၏။ အရွက်မှာ ၃ - ၆ လက်မခန့်အရှည်ရှိပြီး သုံးထောင့်ပုံဖြစ်ကာ ရွက်လွှဲထွက်၏။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းမှာ မြားသွားပုံသဏ္ဍာန် ရှိ၏။ ရွက်ညှာရှည်ပြီး ရွက်နားညီ၏။ ရွက်ပြားချောပြီး ပါးလွှာ၏။ အရွက်နားမှာ ခရမ်းရောင် သမ်း၏။ ပန်းပွင့်မှာ တစ်ပွင့်တည်းပွင့်တတ်ပြီး ခရမ်းဖျော့ရောင်ခေါင်းလောင်းပုံသဏ္ဍာန်ဖြစ်၏။ အသီးမှာ အချင်း လက်မဝက်ခန့်ရှိပြီး လုံးဝိုင်း၏။ အသီးရင့်မှည့်သည့်အခါ အက်ကွဲပြီး အစေ့ ၂ - ၄ စေ့ရှိပြီး ပိုးသားကဲ့သို့ အမွှေးများရှိ၏။
ကန်စွန်းရိုးနီသည် အာဟာရဓာတ်ကြွယ်ဝစွာပါဝင်သော ဟင်းရွက်တစ်မျိုး ဖြစ်သည်။ သန့်ရှင်းလတ်ဆတ်သော ကန်စွန်းရိုးနီ ၁၀၀ ဂရမ်တွင် အစာစွမ်းအင် ၃၀ ကယ်လိုရီနှင့်အတူ အစိုဓာတ် ၉၀ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပရိုတင်း ၂ ဒဿမ ၉၀ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၁ ဒဿမ ၄၈ ရာခိုင်နှုန်း၊ အဆီဓာတ် သုည ဒဿမ ၁၆ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၃ ဒဿမ ၇၀ ရာခိုင်နှုန်းတို့ပါဝင်၏။ ထို့အပြင် သတ္တုဓာတ်များအနေဖြင့် ပိုတက်စီယမ်နှင့် သံဓာတ်တို့မြင့်မားစွာ ပါဝင်ခြင်းနှင့်အတူ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် ဖော့စ် ဖရပ်စ်တို့ အသင့်အတင့်ပါဝင်၏။ ထို့မျှသာမက ဆိုဒီယမ်၊ ကော့ပါး၊ မဂ္ဂနိစ်နှင့် ဇင့်ခ်တို့လည်း ပါဝင်၏။ ထိုမျှသာမက ကန်စွန်းရိုးနီတွင် ဗီတာမင် အေနှင့် စီတို့ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် ဘီ1၊ ဘီ2၊ ဘီ6၊ ဘီ12 တို့ အသင့်အတင့်ပါဝင်၏။ ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ပေးစွမ်းနိုင်သည့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများရှိသည့် ဖလေဗာနွိုက်နှင့် ဖီနောလ်တို့လည်း ကြွယ်ဝ စွာပါဝင်၏။
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင် ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ကန်စွန်းရိုး နီကို လိပ်ခေါင်းရောဂါ၊ နှာခေါင်းသွေးလျှံခြင်းနှင့် သွေးဖိအား မြင့်တက်ခြင်းရောဂါတို့အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည့် ကန်စွန်းရိုးနီတွင် အဏုဇီဝပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်း၊ သံကောင်၊ တုပ်ကောင်များကို တိုက်ဖျက်နိုင်စွမ်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းဖော ဝမ်းရောင်ဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းမှ ဆန့်ကျင်နိုင်ခြင်း၊ အဖျားရောဂါများ၊ အသည်းရောင် အသားဝါအပါအဝင် အသည်း နှင့် ဆက်စပ်သည့်ရောဂါများမှ ကာကွယ်နိုင်ခြင်း၊ လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ အရေပြားရောဂါများ ဖြစ်သည့် ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အနီပိမ့်များထွက်ခြင်းတို့ကို သက်သာစေနိုင်ခြင်း၊ အာရုံကြောအားနည်း ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်နိုင်ချေကို ဟန့်တားနိုင်စွမ်း၊ သတ္တုဆိပ်၊ ခဲဆိပ်သင့်မှုတို့မှ လျှော့ချပေးနိုင် စွမ်းနှင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေမှ ကာကွယ်ပေးနိုင်စွမ်းတို့ရှိ၏။
ပိုတက်စီယမ်အရင်းအမြစ်ကောင်းဖြစ်သည့် ကန်စွန်းရိုးနီသည် သွေးဖိအားကို မျှခြေအနေအထားရှိအောင် ထိန်းထား ပေးနိုင်၏။
ကန်စွန်းရိုးနီတွင် သံဓာတ်ကြွယ်ဝစွာပါဝင်သည့်အတွက် သံဓာတ်ချို့တဲ့ ခြင်းကြောင့်ခံစားရတတ်သည့် သွေး အားနည်းရောဂါ ဖြစ်ပွားခြင်းမှ ဟန့်တားပေးနိုင်စွမ်းရှိ၏။
အရိုးနှင့် သွားများကြံ့ခိုင်ကျန်းမာ ရေးအတွက် ကယ်လ်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် ကန်စွန်းရိုးနီကို ပုံမှန်စားသုံး ပေးသင့်၏။
ကန်စွန်းရိုးနီတွင်ပါဝင်သည့် ဗီတာ မင်စီသည် စွမ်းအားမြင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကိုယ်ခံစွမ်းအား စနစ်ကို အထောက်အပံ့ဖြစ်စေ၏။
အမြင်အာရုံများကောင်းမွန်စေရန်နှင့် ကိုယ်ခံစွမ်းအားစနစ်၏ လုပ်ငန်း ဆောင်တာများအတွက် ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်သည့် ကန်စွန်းရိုးနီက အထောက်အပံ့ကောင်းဖြစ်စေ၏။
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့် ကန်စွန်းရိုးနီသည် အစာခြေစနစ်၏ လုပ်ငန်းဆောင်တာကို အထောက် အကူပြု၏။
ဗီတာမင် အေ၊ စီ၊ အီး၊ ဘီကွန်ပ လက်စ်နှင့် သံဓာတ်တို့ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ဆံကေသာနှင့် ဦးရေပြားကျန်းမာ ရေးအတွက်လည်း အထောက်အပံ့ကောင်းများ ရရှိစေနိုင်၏။
မြန်မာ့ဆေးကျမ်းများအလိုအရ ကန်စွန်းရိုးနီသည် အေး၏၊ နို့ရည်ကိုဖြစ်စေ၏၊ ရေ၌ဖြစ်သောပိုးများကို ပယ်တတ် ၏။ လေ၊ သလိပ်ကို ဖြစ်စေ၏၊ အဆိပ်ကိုပြေစေ၏၊ အရွက်ရည်သည် မီးလောင်နာ၊ ဆီးနှင့်ပတ်သက်သော ရောဂါနှင့် အပူ လောင်ခြင်းတို့ကို ပျောက်ကင်းစေ၏။
ကန်စွန်းရိုးနီသည် ရေစပ်စပ်ရှိသည့် နေရာများ၊ ရေမြောင်းရေကန်များ၊ စပါးခင်းများအကြားတွင် အလေ့ကျ ပေါက်တတ်သကဲ့သို့ အိမ်ခြံဝင်းထဲတွင်လည်း စိုက်ပျိုးထားနိုင်၏။ ယခုလိုမိုးရာသီတွင် အညွန့်လေးများ၊ အရွက်နုလေး များ ဝေဖြာနေကြ၏။ စားချင်သည့်အချိန် အလွယ်တကူ ဆွတ်ခူးလိုက်ရုံပင်။
ကန်စွန်းရိုးနီ၏ အညွန့်၊ အရွက်နုလေးများကို အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ၊ မန်ကျည်းမှည့်နှင့် ပြုတ်ပြီးဖြစ်စေ ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ခရမ်း ချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေ ဖျော်၊ ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။
မန်ကျည်းမှည့်နှင့် ပြုတ်ပြီးသား ကန်စွန်းရိုးနီညွန့်လေးများကို နှစ်သက်သလို လှီးဖြတ်ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ ငရုတ်သီးအလှော်ထောင်းတို့နှင့် သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်သည့်အပြင် အိမ်ရှင်မတို့ ထမင်းဝိုင်းအတွက် ဟင်းတစ်မယ်တိုးစေ၏။
ကန်စွန်းရိုးနီကို မန်ကျည်းသီးမှည့်၊ မုန့်လုပ်ထန်းလျက်တို့နှင့် ရောပြီး ရေဖြင့်ပြုတ်ကာ အဖတ်ကိုဆယ်ပြီး တို့စရာ အဖြစ်လည်းကောင်း၊ အသုပ် အဖြစ်လည်းကောင်း လုပ်စားနိုင်၏။ ပြုတ်ရည်ကို စစ်ပြီး ဆေးအဖြစ် သောက်သုံးနိုင်၏။ သွေးသားသန့်စင်ခြင်း၊ ကိုယ်ခန္ဓာအတွင်းမှ အပူများကို ကျစေခြင်း၊ ကိုယ်တွင်းအဆိပ်ပြေစေခြင်း၊ အသားအရေကြည် လင်စေခြင်းနှင့် ဆံကေသာကျန်းမာစေခြင်း အစရှိသည့် အကျိုးကျေးဇူးကောင်းများကိုလည်း ရရှိစေနိုင်၏။
ကန်စွန်းရိုးနီကို ငါး/ပုစွန်/ပုစွန်ခြောက် စသဖြင့် နှစ်သက်ရာ ဟင်းခပ်လေးနှင့် ချဥ်ရည်ဟင်းချက်၊ ငရုတ်သီး ဆားထောင်းလေးနှင့် ထမင်းမြိန်စေ၏။
ကန်စွန်းရိုးနီကို ပါးပါးလှီးထားသောမျှစ်ချိုနု၊ ဇရစ်ရိုးနှင့်အတူ နှစ်သက်ရာ ကင်ပွန်း/မန်ကျည်း/ ချဥ်ပေါင်ရွက်တို့နှင့်အတူ ရောပြီး ဟင်းလှော်/ စပ်ချဥ်ချက်/ ကြော်ခြင်း စသဖြင့်လည်း ချက်တတ်ကြ၏။
ယနေ့ခေတ်ကာလ လူနေမှုစနစ်တိုးတက်ပြောင်းလဲလာခြင်း၊ စက်မှုထွန်းကားလာခြင်းတို့ကြောင့် စက်ရုံ အလုပ်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်း ကျင်များ၊ ဂေဟစနစ်များ တဖြည်း ဖြည်းချင်း ယိုယွင်းပျက်စီးလာကြ၏။ ဆေးရုံဆေးခန်းများမှ စွန့်ပစ်ရေဆိုးများ၊ အလုပ်ရုံစက်ရုံများမှ ထွက်ရှိသည့် ရေဆိုးရေညစ် များကြောင့် ရေထုညစ်ညမ်းမှုဖြစ်လာ၏။ ကန်စွန်းရိုးနီသည် ရေထုညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်ခြင်းအပြင် သဘာဝ တွင်းထွက်ဖြစ်သည့် ခဲနှင့် ခရိုမီယမ်ကဲ့သို့သော သတ္တုများကို စုဆောင်းနိုင်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဥ်အတွက် ရည်ရွယ်စိုက်ပျိုး လာကြ၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ကန်စွန်းရိုးနီပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ်သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ၏ ဂေဟစနစ်ကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများထွန်းကားရေးတို့ကို ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် အညီ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။
ကြေးမုံငယ်