ဘုန်းကြီးဂဏန်း၏ သဘာဝနှင့် ကျန်းမာရေးကောင်းကျိုး

ဘုန်းကြီးဂဏန်း၏ သဘာဝနှင့် ကျန်းမာရေးကောင်းကျိုး

crab

ကဏန်း (Crab) များသည် စီးပွားရေးအရအရေးပါသော နိုင်ငံခြားရေထွက်ပို့ကုန်တစ်မျိုးဖြစ်သည်။

ကဏန်းမျိုးစိတ်များတွင်ရွံ့ကဏန်း၊သဲကဏန်း၊ဘုန်းကြီး ကဏန်း၊လယ်ကဏန်း စသဖြင့် အမျိုးမျိုးရှိကြသည်။

ကဏန်းမျိုးစိတ်များသည် ကမ္ဘာ့သမုဒ္ဒရာရေပြင် ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင် နေထိုင်လေ့ရှိကြပြီး ကမ္ဘာအနှံ့အပြားတွင် ကဏန်းမျိုးစိတ်ပေါင်း ၆၇၀၀ ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း ၉၃ စုခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ကဏန်းမျိုးစိတ်များသည် ခြေထောက် ၁၀ ချောင်းပါသော အခွံမာရေသတ္တဝါ (decapods crustaceans)များဖြစ်ကြသည်။

ဘုန်းကြီးကဏန်း၏ သဘာဝ

ဘုန်းကြီးကဏန်းသည် အခွံမာရေသတ္တဝါဖြစ်သည်နှင့်အညီ ထူးခြားစွာခြေထောက်  ၁၀ချောင်း ပါရှိသည်ကို တွေ့ရသည်။ ယင်းတို့အနက် ၈ ချောင်းကိုသာ လမ်းလျှောက် သွားလာရန်အသုံးချ၍ ကဏန်းလက်မ ခေါ် ကြီးမားသန်စွမ်းသည့် ပထမအစုံကိုမူ လက်သဖွယ် အသုံးချသည်။ ထိုလက်မကြီးများသည် ကဏန်းအတွက် အကာအကွယ် လက်နက်လည်း ဖြစ်၏။ 

ဘုန်းကြီးကဏန်း၏ ကျောကုန်းမှာ အံ့ဖွယ်ကောင်းလောက်အောင် မာကျောသော အခွံထူဖြစ်၍ ယင်း အခွံကြီးက ၄င်း၏ ကိုယ်ခန္ဓာကို ကာကွယ်ထားသည်။ ကိုယ်အရှေ့ပိုင်းတွင် ရင်အုပ်ကာသံချပ်သဖွယ် အကာအကွယ်ပါရှိ၍ ခြေထောက် ၁၀ ချောင်းစလုံးမှာလည်း မာကျော သော အခွံများဖြင့် အသီးသီးဖုံးအုပ်လျက်ရှိပေသည်။ 

ဘုန်းကြီးကဏန်းသည် ရန်သူကို လက်မဖြင့် မြဲမြံစွာ ညှပ်တတ်သောကြောင့် ယင်းတို့ကို သတိနှင့် ကိုင်တွယ်ရသည်။ ကဏန်း၏ မျက်လုံးများတွင် အညှာတံပါရှိ၍ ယင်းတို့သည် ဝင်လိုက်ထွက်လိုက် လုပ်တတ်ပြီး ၄င်း၏ ပါးစပ်မှာလည်း အလွန်အံ့ဩဖွယ်ကောင်းသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းတွင် စမ်းသပ်ရန်၊ ကိုက်ဖဲ့ရန်နှင့် အစာကို ဝါးချေရန် အင်္ဂါအစိတ်အပိုင်းများ ပေါင်းစပ်ပါဝင်သောကြောင့် ဖြစ်၏။

ဘုန်းကြီးကဏန်း၏ ခန္ဓာဗေဒအချက်အလက်များ 

မြိတ်ဒေသအခေါ်အရ “ဘုန်းကြီးကဏန်း” ဟု လူသိများသောကဏန်း နီကို အင်္ဂလိပ်လို “Spanner Crab or Frog Crab” ဟု ခေါ်ဆိုကြပါသည်။ သိပ္ပံအမည်မှာ “Ranina ranina” ဖြစ်သည်။ 

ဘုန်းကြီးကဏန်း၏ကျောခွံ (carapace)မှာ အရှေ့ဘက်တွင် ကျယ်ပြန့်ပြီး နီညိုရောင်ရှိကာ အဖြူရောင်အစက်အပျောက် အနည်းငယ်ပါရှိကြသည်။ ထူးခြားချက်မှာ ဘုန်းကြီးကဏန်းများသည် ညဘက်တွင်သာ ပင်လယ်ရေအောက်ကြမ်း ပြင်မှာ သွားလာကျက်စားတတ်ကြပြီး သွားလာသည့်အခါ ဘေးတိုက်  မသွားဘဲ အတည့်အတိုင်းသွားသည့် မျိုးစိတ်ဖြစ်သည်။ နေ့ဘက်တွင်မူ ကဏန်းနီများမှာ သဲထဲတွင် နစ်မြုပ်ပြီးနေတတ်သော သဘာဝရှိကြသည်။ 

ဘုန်းကြီးကဏန်းမျိုးစိတ်များမှာ အရွယ်အစားအားဖြင့် 150 mm (၅ ဒသမ ၉ လက်မ) ထိ ကြီးထွားနိုင်ကြပြီး အလေးချိန်အားဖြင့် 900 gm (၂ ပေါင်) ထိ ရှိကြပါသည်။  အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသများတွင် ဘုန်းကြီးကဏန်းမျိုးစိတ်များကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအပါ အဝင် အရှေ့တောင်အာရှရှိ ကမ်းရိုး တန်းဒေသများတွင်လည်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ကဏန်းနီ(ခေါ်) ဘုန်းကြီးကဏန်းကို တနင်္သာရီတိုင်းဘက်တွင် ပိုမိုတွေ့ရပြီး မြိတ်ကျွန်းစုမှ ရေမိုင် ၁၀၀ ကျော်ဝေးသော ပင်လယ်ရေပြင်တွင် သံမြှုံးများကို ရေအောက်ကြမ်းပြင်သို့ချ၍ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးမှုကြာမြင့်ချိန် သည် လှေတစ်ခေါက်ထွက်လျှင် ပင်လယ်ပြင်တွင် ၂ ပတ်ခန့် ကြာမြင့်သည်ဟု ကဏန်းနီဖမ်းသော ရေ လုပ်သားများ ပြောပြချက်အရ သိရပါသည်။

ပြည်ပတင်ပို့မှု

ပင်လယ်ပြင်မှ ဖမ်းဆီးရမိလာသောဘုန်းကြီးကဏန်းများကို ကုမ္ပဏီနှင့် အအေးခန်းစက်ရုံများက ဝယ်ယူကြပြီး အေးခဲပြုပြင်၍ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ ထိုင်း စသည့်နိုင်ငံများသို့တင်ပို့ရောင်းချကြကြောင်း သိရပါသည်။ 

ရေထွက်ပစ္စည်းစျေးကွက်အတွင်း ဘုန်းကြီးကဏန်းကို Spanner Crab ဟုခေါ်ဆိုကြပြီး ပြည်ပစျေးကွက်သို့ အများဆုံးတင်ပို့ရသည့် ရေထွက်ကုန် ပစ္စည်းများတွင် ဘုန်းကြီးကဏန်းသည်လည်း တစ်ခုပါဝင်ကြောင်း စျေးကွက်အတွင်းမှ သိရပါသည်။

ဘုန်းကြီးကဏန်းစားဖွယ်စုံ

ဘုန်းကြီးကဏန်း(ခေါ်)ကဏန်းနီ၏ကိုယ်ထည်မှာ အချို့တွင် လူကြီးလက်ဖဝါးစာ အရွယ်လောက်ရှိကြပြီး တချို့မှာ လူမျက်နှာအရွယ်ခန့်ထိ အရွယ်အစားမျိုးစုံရှိကြပါသည်။ ဘုန်းကြီးကဏန်း၏ အသားသည် အလွန်ချိုသောကြောင့် လူကြိုက်များကြသည်။

ကဏန်းနီ ခေါ်  ဘုန်းကြီးကဏန်းကို ပေါင်းစား၊ ကင်စား၊ ကဏန်းမဆလာချက်၊ ကဏန်းချဥ်စပ်၊ကဏန်းထမင်းကြော်၊ ကဏန်းကော်ကြော်၊ အသားထွင်းပြီး ကြက်ဥနဲ့ကြော်စား၊ ပြုတ်ပြီး အချဥ်ရည်ဖြင့်တို့စား စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

ဘုန်းကြီးကဏန်းစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ
  1. ဘုန်းကြီးကဏန်းတစ်ကောင်တွင် အသားနည်းနည်းသာပါသော် လည်း အသားဓာတ်(Protein)များ ကြွယ်ဝလှသည်။ ထိုအသားဓါတ်မှာ အရည်အသွေးမြင့်မားပြီး အမဲသား၊ ဆိတ်သားတို့ကဲ့သို့ အကြောများ     မပါဝင်သဖြင့် အစာကြေလွယ်ပြီး အသက်အရွယ်မရွေး စားသုံးနိုင် သည်။ 

  2. ဘုန်းကြီးကဏန်းတွင် ဗီတာမင်ဓာတ်(Vitamin) နှင့် သတ္တုဓာတ် (Mineral)များစွာပါဝင်ပြီး အဆီဓာတ်နည်းကာ Omega- 3 ပါဝင်ပါသည်။ ပါဝင်သည့် Omega- 3 သည် အသီးနှံနှင့် ဆီများတွင် ပါဝင်တတ်သည့် သာမန် Omega- 3 မဟုတ်ဘဲ Long-chain Omega- 3 ဖြစ်သောကြောင့် ကျန်းမာရေးကို အထောက်အကူပြုပြီးစိတ်လှုပ်ရှားမှုပြင်းခြင်းကို တားဆီးပေးခြင်း၊ ကဏန်း ၁၀၀  ဂရမ်တွင် တစ်နေ့တာလိုအပ်သည့် Omega- 3 သုံးပုံတစ်ပုံ ပါဝင်သည်ဟု သိရပါသည်။ 

  3. ဘုန်းကြီးကဏန်းတွင် Selenium ဓာတ်ပါဝင်ပြီး Selenium ဓာတ်မှာ ခန္ဓာကိုယ်ခုခံအားစနစ်တွင် အရေးပါသည့်နေရာမှ ပါဝင်ပြီး ဆဲလ်၊ တစ်သျူးများ ထိခိုက်ခြင်းမှ အကာ အကွယ်ပေးပါသည်။ ကဏန်းတွင်ပါဝင်သည့် Selenium ပမာဏမှာ အမဲသားတွင်ပါဝင်တာထက် ၁၂ ဆပိုများသည်ဟု သိရပါသည်။ 

  4. ဘုန်းကြီးကဏန်းတွင် ဗီတာမင် ဘီ-တူး လည်းပါဝင်သောကြောင့် သွေးနီဥများ ထုတ်လွှတ်ဖို့အတွက် အရေးပါပြီး အရေပြား၊ မျက်လုံးနှင့် အာရုံကြောများအတွက် လိုအပ်သည့် သက်စောင့်ဓာတ်တစ်မျိုးလည်းဖြစ် ပါသည်။ 

  5. ဘုန်းကြီးကဏန်းတွင် ကြေးနီ (Copper) ဓာတ်နှင့် ဖော့စ်ဖရိတ်စ်ဓာတ် (Phosphate) လည်း ပါဝင်ပြီး ကြေးနီးဓါတ်မှာ သွေးနီဥဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါပြီး ဖော့စ်ဖရိတ်စ်ဓာတ်မှာ ကျောက်ကပ်လုပ်ငန်းစဥ်၊ နှလုံးကြွက်သားနှင့် အစာခြေစနစ်အတွက် များများလို အပ်သည့်ဓာတ်တစ်မျိုးဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်- 

အခွံမာရေနေသတ္တဝါ ဘုန်းကြီးကဏန်းများမှာ လူသားတို့အတွက် ကျန်းမာရေးအထောက်အကူလည်းပြု၊အရသာလည်း ထူးခြားကောင်းမွန်၊ ပြည်တွင်း တွင်သာမက ပြည်ပဈေးကွက်ထိပါ တင်ပို့နေရပြီး နှစ်စဥ် နိုင်ငံခြားဝင်ငွေရရှိစေသော ရေထွက်ကုန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)