သဘာဝကပေး အစာနှင့်ဆေး ၊ ခံသီးပင်

သဘာဝကပေး အစာနှင့်ဆေး ၊ ခံသီးပင်

ခံသီးပင်

စာရေးသူ အခြေခံပညာကျောင်းသူဘဝတုန်းက ခေတ်စားခဲ့သည့် အသီးခိုင်လေး။ အသီးဆိုပေသည့် ပန်းခိုင်လေးလို စည်းနှောင်ပြီး တမြတ်တနိုးပေးကြတာ။ ကျောင်းသားကျောင်း သူများက ဆရာမများကို ပေးတတ်ကြသလို မိန်းကလေးသူငယ်ချင်းတွေကိုလည်း ပေးကြလေ့ရှိ၏။ အသီးခိုင်လေးထဲတွင် အဖြူရောင်၊ ခရင်မ်ရောင်၊ ပန်းရောင်၊ အနီရောင်မှသည် ခရမ်းရင့်ရောင်လေးအထိ ရောင်စုံလေးမို့ ပန်းလေးများသဖွယ် လှပနေကြ၏။ ထိုအသီးခိုင် လေးများကို ထိုစဥ်အချိန်က အင်္ဂလိပ် မရမ်းသီးဟုသာ သိခဲ့ရပြီး ဆရာမများရော ကျောင်းသူများတို့၏ ဆံကေသာထက်တွင် ပန်းခိုင်လေးအဖြစ် ပန်ဆင်ခဲ့ကြသလို ရင်ထိုးလေးအဖြစ်လည်း အလှဆင်ခဲ့ကြ၏။ ညနေ အိမ်ပြန်ရောက်လျှင် ထိုအသီးခိုင်လေးမှ အသီးလေးတွေကို ဖြုတ်၊ ငါးပိဖုတ်၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းမီးဖုတ်၊ ပုစွန် ခြောက် လေးနှင့်အတူ ထည့်ထောင်းပြီးခံသီးထောင်းလုပ်ခဲ့ကြ၏။ ငရုတ်ဆုံထဲကပ်နေသော ခံသီးထောင်းထဲကို ထမင်းလေး ထည့်ထောင်းပြီး ခံသီးထောင်းထမင်းဆုပ် လုပ်ပြီး စားခဲ့ကြတာ... ဘာနှင့်မျှလဲလှယ်ယူ၍ ပြန်မရနိုင်သော ငယ်ဘဝ၏ အောက်မေ့ဖွယ်ရာ အမှတ်တရ တစ်စွန်းတစ....

ခံသီးပင်ကို တောခံသီးပင်ဟု လူသိများပြီး တရုတ်မရမ်းသီး၊ အင်္ဂလိပ်မရမ်းသီးဟုလည်း ခေါ်ဆိုကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Carandas plum   ဟု ခေါ်ဆိုကြသကဲ့သို့  Bengal currant, Christ's thorn နှင့် Karonda cherry  ဟုလည်း ခေါ်ကြ၏။ ရုက္ခဗေဒအမည်မှာ Carissa carandas L. ဟုလည်း ခေါ်ဆိုကာ  မျိုးရင်း Apocynaceae တွင် ပါဝင်၏။  ခံသီးပင်သည် အိန္ဒိယရှိ ဟိမဝန္တာတောင်တန်းများအနီးမှ စတင်ဖြစ်ထွန်းလာသည်ဟု ယူဆရပြီး အမြင့် မီတာ ၃၀၀ မှ ၁၈၀၀ ကြားတွင် ပေါက်ရောက်သည်ကို တွေ့ရှိနိုင်၏။ ထိုမှတစ်ဖန် တောင်အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ နီပေါလ်၊ သီရိလင်္ကာနှင့် မလေးရှားတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အများစု ပေါက်ရောက်သည်ကို တွေ့ရှိရ၏။ ခံသီးပင်သည် ဩစတေးလျနှင့် တောင်အာဖရိကတို့အထိလည်း ပျံ့နှံ့ပေါက်ရောက်၏။ ယခုနောက်ပိုင်း တွင် ခံသီးပင်ကို စားသုံးရန်နှင့် ဆေးဖက်ဝင်အဖြစ် အသုံးပြုရန် စိုက်ပျိုးလာကြ၏။

ခံသီးပင်သည် မာကျောပြီး အဆူးများရှိသော အမြဲစိမ်းလန်းပြီး ပန်းပွင့်သောချုံပင်မျိုးဖြစ်ပြီး အမြင့် ၅ မီတာ အထိ ကြီးထွားနိုင်၏။ အရွက်များမှာ အလျား ၇ စင်တီမီတာနှင့် အကျယ် ၄ စင်တီမီတာအထိ ရှည် လျားပြီး အဝိုင်းပုံသဏ္ဍာန်ရှိပြီး ထိပ် ဖျားနှင့် အောက်ပိုင်းတို့တွင် အညိုရောင်ဖြစ်ပြီး အနည်းငယ် ချွန်၏။ ပင်စည်များတွင် သေးငယ်ပြီး ၅ စင်တီမီတာခန့် ရှည်သော ဆူးများရှိ၏။ အကိုင်းအခက်များကို ချိုးမိလျှင် အဖြူရောင်အစေးများထွက်၏။ ပန်း ပွင့်များမှာ အဖြူရောင် သို့မဟုတ် အဝါရောင်ရှိပြီး  အချင်း ၃ - ၅ စင်တီမီတာရှိ၏။ ဘဲဥပုံသဏ္ဍာန်အသီးလေးများမှာ တစ်ခိုင်လျှင် ၃ မှ ၁၀ လုံးအထိ ရှိပြီး အဖြူရောင်၊ ခရင်မ်ရောင်၊ ပန်းနုရောင် ဖြစ်ပြီး မှည့်လာသောအခါတွင် အနီရောင်မှ ခရမ်း ရောင်သို့ ပြောင်းလဲသွား၏။ အသီးတစ်လုံးတွင် အစေ့ ၃ -၄ စေ့အထိရှိ၏။

ခံသီးသည် အာဟာရဓာတ်ကြွယ်ဝသော အသီးတစ်မျိုးဖြစ်၏။ အထူးသဖြင့် သံဓာတ်၊ ဗီတာမင်စီနှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်၏။ ထို့အပြင် ဗီတာ မင်အေ၊ ဗီတာမင်ကေနှင့် ဖောလစ်အက်စစ်တို့ မြင့်မားစွာပါဝင်ပြီး ကယ်လ် စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်နှင့် အခြားသော သတ္တုဓာတ်များစွာလည်း ပါဝင်၏။ ခံသီးအမှည့်တွင် ကြေလွယ် အမျှင်ဓာတ်များစွာ ပါ ဝင်၏။ အာဟာရဓာတ်စုံလင်စွာပါဝင်သည့် ခံသီးသည် အာဟာရချို့တဲ့မှုကို ဖြည့်ဆည်း ပေးနိုင်၏။ ခံသီးသည် သံဓာတ်အရင်းအမြစ်ကောင်းဖြစ်ပြီး သွေးကင်ဆာဖြစ်ပွားနိုင်ချေကို ကာကွယ်ဟန့်တားပေးနိုင် စွမ်းရှိ၏။  သွေးအားနည်းရောဂါအတွက် အထောက်အကူဖြစ်နိုင်ချေရှိ၏။ ထို့အပြင် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် အဆီဓာတ်တို့ ပါ၀င်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ အဏုဇီဝပိုးများကိုတိုက်ဖျက်နိုင်စွမ်းနှင့် ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်း ဂုဏ်သတ္တိများရှိ၏။ 

  • ဗီတာမင်စီကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကိုယ်ခံစွမ်းအားစနစ်ကောင်း မွန်ကြံ့ခိုင်စေရန် ကူညီပေးသည့်အပြင် သံဓာတ်စုပ်ယူနိုင်စွမ်းအတွက်လည်း အထောက်အကူပြုပေး၏။

  • ခံသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သော anthocyanins မြင့်မားစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များပျက်စီးခြင်း မဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်၏။ 

  • ခံသီးတွင်ပါဝင်သည့် ကာဗိုဟိုက်ဒရိတ်သည် ခန္ဓာကိုယ်၏ ပင်မစွမ်းအင် အရင်းအမြစ်ကောင်းဖြစ်စေ၏။

  • ပရိုတင်းဓာတ်ပါဝင်သည့် ခံသီးသည် ခန္ဓာကိုယ်တည်ဆောက်ခြင်းနှင့် တစ်သျှူးများကြံ့ခိုင်ကျန်းမာခြင်းတို့အတွက် အထောက်အကူကောင်းဖြစ်စေ၏။

  • ခံသီးတွင်ပါဝင်သည့် အဆီတစ်မျိုးဖြစ်သည့် polyunsaturated fatty acids သည် ခန္ဓာကိုယ်၏ အမျိုးမျိုးသော လုပ်ငန်းဆောင်တာများအတွက် အရေးပါလှ၏။

  • အမျှင်ဓာတ်၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည့် ခံသီးသည် အစာချေဖျက်ရာတွင် အထောက်အ ကူပြုခြင်း၊ ဝမ်းဗိုက်နာခြင်းနှင့် အစာမကြေခြင်းကို ထိန်းညှိပေးနိုင်စွမ်းရှိ၏။

  • ခံသီးမှထုတ်ယူထားသည့် အနှစ်သည် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်စွမ်းရှိသည့်အတွက် ဆီးချိုရောဂါဝေဒနာရှင်များအတွက် သင့်လျော်ပေ၏။  ထို့အပြင် အသည်း၏ လုပ်ဆောင်မှုကို ကောင်းမွန်စွာ အကျိုးသက်ရောက် စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြထား၏။

သတိပြုရမည့်အချက်မှာခံသီးတွင် oxalates ပါ၀င်ခြင်းကြောင့် ကျောက် ကပ်ကျောက်တည်နေသူများ၊ ကျောက်ကပ်ဆိုင်ရာ ဝေဒနာရှင်များအနေဖြင့် ခံသီးကို အသင့်အတင့်မျှသာ စားသုံးသင့်၏။

ခံသီးကို စျေးထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သကဲ့သို့ အိမ်တွင်စိုက်ထားပါကလည်း အလွယ်တကူ ခူးဆွတ်ပြီး ပြုပြင်သုံးဆောင်နိုင်၏။

  • အနည်းငယ်ချဥ်သော အရသာရှိသည့်ခံသီးကို ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊  ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာ အဖြစ် စားသုံးတတ်၏။ 

  • ခံသီးကို ငါးပိမီးဖုတ်နှင့်အတူ မီးဖုတ်ထားသော ကြက်သွန်ဖြူ၊  နီ၊ ငရုတ်သီးစိမ်းမီးဖုတ်၊ ပုစွန်ခြောက်တို့နှင့်အတူ ထောင်းပြီး ခံသီးထောင်း လုပ်စားနိုင်၏။

  • ခံသီးကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေအေးထဲ ၁၀ မိနစ်ခန့်စိမ်ပြီးလျှင် ပါးပါးလှီးကာ၊  ပါးပါးလှီးထားသော ကြက်သွန်နီ၊  ငါးပိဖုတ်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်း ငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီဆီချက်၊ ငရုတ်သီးအလှော်ထောင်းတို့နှင့် သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်သည့်အပြင် ထမင်းမြိန်စေသည့် ဟင်းတစ်မယ်တိုးစေ၏။

  • ခံသီးကို  အခြားသော ရာသီပေါ်သစ်သီးများနှင့် ရောပြီး သီးစုံအချဥ်ပေါင်းလည်းလုပ်စားကြ၏။ ထို့အပြင် ခံသီးကို သကြား၊ ထန်းလျက်တို့နှင့် ယိုထိုးပြီးလည်း စားသုံးကြ၏။

  • ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေအေးထဲ ၁၀ မိနစ်ခန့်စိမ်ထားသော ခံသီးကို ထောင်းထားသော ငရုတ်သီး ကြက်သွန်ဖြူနီဆီသတ်၊ ငါးပိစိမ်းစားအနည်းငယ်ထည့်၊ မညက်တညက်ထောင်းထားသော ပုစွန်ခြောက်များထည့်ကာ ဆီသတ်ပြီး၊ ခံသီးများထည့်၊ အနည်းငယ်အိအောင်ရေအနည်းငယ်ထည့်၊ အဖုံးအုပ်ပြီး ဆီပြန်သည်အထိတည်ပေးပါ။  ထမင်းမြိန်စေမည့် ခံသီးငပိချက်လေးရပါပြီ။

  • ရေဆေးသန့်စင်ပြီး ခြောက်သွေ့အောင် ပြုလုပ်ထားသော ခံသီးများကို ဆားအနည်းငယ်၊ သကြားရည်ထဲတွင်ထည့်ပြီး သန့်ရှင်းခြောက်သွေ့ သော ဖန်ပုလင်းထဲတွင် ထည့်ပြီး နေရောင်မထိသော အရိပ်ထဲတွင် အနည်းဆုံး ရက်သတ္တတစ်ပတ် စိမ်ထားပေးပါ။ အသီးဖတ် ဆယ်စားလျှင် အလွန်အရသာရှိလှ၏။ ရက်အနည်းငယ်ကြာကြာ ထားလိုက်ပါက ခံသီးဝိုင်အဖြစ် ဆေးဖက်ဝင် သောက်သုံးနိုင်၏။

  • ခံသီးကို နှစ်သက်ရာ အသား၊ ငါးများနှင့်အတူလည်း တွဲဖက်ချက်ပြုတ် စားသောက်နိုင်၏။

သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ခံသီးပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံအတွက် ဂေဟစနစ်‌ ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများကို ထိန်းသိမ်းရေးနှင့် ကိုယ်ပိုင်ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။                

ကြေးမုံငယ်