အခွံမာ ရေသတ္တဝါ၊ ပုစွန်ကျား၏ သဘာဝနှင့်အသုံးဝင်ပုံ

အခွံမာ ရေသတ္တဝါ၊ ပုစွန်ကျား၏ သဘာဝနှင့်အသုံးဝင်ပုံ

ပုစွန်ကျား

ပုစွန်မျိုးစိတ်များသည် ခြေ၊ လက် ၅ စုံပါသော အခွံမာရေသတ္တဝါ(decapoda crustaceans) များ ဖြစ်ကြပြီး ပုစွန်ကျားသည် မျိုးပေါင်းစု-Arthropoda တွင်ပါဝင်ပြီး မျိုးစဥ်-Decapoda အောက်တွင် ပါဝင်ပါသည်။အင်္ဂလိပ်အခေါ်မှာ  Black Tiger shrimp / Giant Tiger shrimp/ Asian Tiger shrimp ဟုသိရပြီး သိပ္ပံအမည်မှာ Penaeus Monodon (P.Monodon) ဖြစ်သည်။

ပုစွန်မျိုးစိတ်များတွင် လူသိများပြီး ပြည်တွင်းပြည်ပစျေးကွက်တွင် စျေးကောင်းသောပုစွန်မှာ ပုစွန်ကျားဖြစ်ပါသည်။ ၄င်းကို နေရာဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ် ကြပါသည်။

ရခိုင်ကမ်းရိုးတန်းတွင် ကုလားပုစွန်ဟူ၍ လည်းကောင်း၊တနင်္သာရီတွင် ပုစွန်ကျားဟူ၍လည်းကောင်း ခေါ်ကြသည်။ 

ပုစွန်ကျားမျိုးများသည် ကိုယ်ထည်ပြား၍ ပုစွန်ထုပ်လောက် ခေါင်းမကြီးချေ။အပေါ်အရေခွံလည်း ပုစွန် ထုပ်လောက်မထူဘဲ အရောင်မှာစိမ်းညိုရောင်နှင့် အဝါစင်းကျားဖြစ် သည်။ လက်နှင့် ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါများလည်း ပို၍ ပျော့ပျောင်းနူးညံ့သည်။ အရွယ်အားဖြင့် ၆ လက်မ မှ ၈ လက်မအထိ ရှိသည်။

နေထိုင်ကျက်စားပုံနှင့်အလေ့အထ

ပုစွန်ကျားများသည် ကွဲပြားခြားနားသော ပတ်ဝန်းကျင်ဒေသ နေရာအမျိုးမျိုးတွင် ရှင်သန်ကျက်စား နေထိုင်တတ်ကြသည်။ အများအားဖြင့် အရှေ့တောင်အာရှတွင် တွေ့ရသည်ဆိုသော်ငြားလည်း အခြားသော နေရာဒေသများတွင်လည်း တွေ့ရှိနိုင်ပါသည်။ ကျားပုစွန် အရွယ်ကောင်းများကို မြစ်ချောင်းများနှင့် ဒီရေတောများတွင် ပုံမှန်အားဖြင့်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပြီး မျိုးပွားနိုင်သည့်အရွယ် ရောက်သည်နှင့် ရေနက်ပိုင်း၊ မြစ်ဝ၊ ပင်လယ်သို့ထွက်ခွာသွားကြလေ့ရှိသည်။ ရေနက်ပိုင်းအောက်ခြေရှိ ကျောက်ဆောင်နှင့် နွံထူသည့်နေရာမျိုးတွင် နေထိုင်လေ့ရှိကြသည်။ နေထိုင်သည့်ပတ်ဝန်းကျင်ကိုလိုက် ၍ ပုစွန်၏အရောင်သည်လည်း ပြောင်းလဲမှု ရှိပေသည်။ အနက်ရောင် ကုလားပုစွန်များကို တွေ့နိုင်သလို အခွံမှာ အစိမ်း အဝါ အစင်းကြောင်းများဖြင့်လည်းကောင်း၊ ခဲရောင် အစင်းကြောင်းများဖြင့်လည်း ကောင်း တွေ့ရှိနိုင်ပေသည်။ ညဉ့်အချိန်ခါမှ အစာထွက်စားလေ့ရှိကြပြီး နေ့ခင်းဘက်အချိန်များတွင် ရွံနွံများထဲတွင် ခန္ဓာကိုယ်ကို နစ်မြုပ်ထားပြီးနေထိုင်ကြသည်။ မြစ်၊ချောင်းများ၏ကြမ်းပြင်တွင် အနည် ကျရောက်လျက်ရှိသော သက်ရှိအနုဇီဝ ပိုးကောင်များ၊ အခွံမာ အကောင်ငယ်များ၊ ကပ်ပါးကောင်ငယ်များနှင့် ခရုကမာ အကောင်ငယ်များကို စားသုံးကြသည်။ သားပေါက်အဆင့်တွင် သက်ရှိရေမျှော အပင်/အကောင် ငယ်လေးများကို အဓိကစားသုံးပြီး ရှင်သန်ကြီးထွားလာကြသည်။ ညဉ့်အချိန်မှသာ မိတ်လိုက်တတ်ကြပြီး တစ်ခါပေါက်လျှင် ဥပေါင်း ၈ သိန်းအထိ ဥချနိုင်သည်။

မျိုးပွားခြင်း

သားပေါက်အရွယ်မှ မျိုးပွားနိုင်သည့်အရွယ်ရောက်သည်အထိ ရေချို ရေငန်စပ် မြစ်ချောင်းများနှင့် ဒီရေတောများတွင် နေထိုင်ကျက်စားကြပြီး မျိုးပွားမည့် အရွယ်တွင် ရေနက်ပိုင်း ပင်လယ်သို့ထွက်ခွာသွားပြီး ဥချလေ့ရှိကြသည်။သက်ကြီးမျိုးပွားခါနီးအကောင်များကို ပင်လယ်ပြင် ၌အများအားဖြင့် တွေ့ရသည်။ သက်ကြီးအထီးအမများသည် ပင်လယ်ပြင်ထဲတွင် မိတ်လိုက်ပြီး ဥဥချတတ်သောအလေ့အထ ရှိသည်။ ဥမှပေါက်ဖွားလာသော သားလောင်းများသည် ရေစီးနှင့်အတူ မျောပါလာပြီးသားပေါက်အရွယ်တွင်မြစ်ချောင်း များနှင့် ဒီရေတောများအတွင်းသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ မြစ်ချောင်းများနှင့်ဒီရေတောများတွင် ရှင်သန်ကျက်စားကြပြီး မျိုးပွားမည့်အရွယ်တွင် ရေနက်ပိုင်းပင်လယ်ထဲသို့ တစ်ဖန် ထွက်ခွာသွားကြသည်။

ပုစွန်ကျားအမသည် အထီးထက်အရွယ်ကြီး၍ မျိုးပွားရန်ရင့်မှည့်နေသော ဥအိမ်များသည် အမ၏ ကျောဘက်တွင် အတန်းလိုက်ရှိနေကြောင်း မြင်တွေ့နိုင်သည်။အထီးများ၏ မျိုးပွားအင်္ဂါသည် အထီး၏ ပထမရေယက်နှစ်ခုအတွင်း၌ တည် ရှိနေပြီး Petasma ဟုခေါ်သည်။ အမများ၏ သုက်လက်ခံအိမ်မှာ thelycum ဟုခေါ်၍ နောက်ဆုံး/ခြေနှစ်ခုကြားတွင် တည်ရှိသည်။

ပုစွန်ကျား စားဖွယ်စုံ 

ပုစွန်ကျား၏အရသာမှာ အလွန်ချိုသောကြောင့် လူကြိုက်များသည်။ပုစွန်ကျား ဆီပြန်ဟင်း၊အစပ်ဟင်း၊ပုစွန်ကျား တန်ပူရာကြော်၊ ပုစွန် ကျားသုပ်၊ပုစွန်ကျားကင်၊ပုစွန်ကျားထောင်း၊ပုစွန်ကျား မှို အစပ်ထောင်း၊ ပုစွန်ကျား အာပူရခိုင်ချက်အပြင် ပုစွန်ကျားငါးပိထောင်း၊ ပုစွန်ကျား ပုစွန်ခြောက်တို့မှာလည်း နာမည် ကြီးသည်။

ထို့ပြင် ပုစွန်ကျားကို ပင်လယ်စာခေါက်ဆွဲကြော်၊ပင်လယ်စာထမင်း ကြော်၊မာလာရှမ်းကော၊မာလာမောက်ချိုက်၊ ကြေးအိုး၊ hot pot စသည့်ဟင်းလျာများတွင်လည်းထည့်သွင်းအသုံးပြုကြသလိုပုစွန်ကျားအစိမ်းကို ပင်လယ်စာဆော့စ်ဖြင့်လည်း တွဲဖက်စားကြသေးသည်။ 

ပုစွန်ကျားကို အများအားဖြင့် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားကြသော်လည်း အနောက်နိုင်ငံများတွင် စည်သွတ်ရောင်းချကြသည်။

ပုစွန်ကျားစားသုံးခြင်းဖြင့်ရရှိနိုင်မည့်ကျန်းမာရေးအကျိုးကျေးဇူးများ

ပုစွန်ကျားတွင် Selenium ဓာတ်၊ဗီတာမင် B-12 ၊ ပရိုတင်း၊Phos-phorus ၊ ကလိုရင်း၊ ကော့ပါး၊ ကယ်လ်စီယမ်၊အိုင်အိုဒင်း၊ဗီတာမင် B-3 ၊ ဇင့်၊ ဗီတာမင်-E ၊ဗီတာမင် B-6၊ Omega-3 အဆီဓာတ်၊Pantothenic အက်စစ်နှင့် ဗီတာမင်-A စသည်တို့ ပါဝင်ပါသည်။ထိုကဲ့သို့ ကျန်းမာရေးအကျိုးပြုဓာတ်များကြွယ်ဝစွာ ပါဝင်သော ပုစွန်ကျားကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် ခံစားရမည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ မရေတွက်နိုင်အောင် များပြားလှပါသည်။

၁။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများထဲတွင် နှလုံးသည်လည်း အရေး အကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။မိမိ၏နှလုံး ကျန်းမာနေမှသာ မိမိသည်လည်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

အခြားပင်လယ်စာများကဲ့သို့ ပုစွန်ကျားတွင် အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်သည်။ ထို အက်စစ်ဓာတ်များသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးရောဂါမခံ စားရအောင် ကာကွယ်ပေးပါသည်။ထို့ပြင် ပုစွန်ကျားတွင် Selenium ဓာတ်လည်း ပါဝင်ပြီး အဆိုပါဓာတ်သည် နှလုံးကို ထောက်ပံ့ကူညီပေးပါသည်။ Selenium ဓာတ်မလုံ လောက်ပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ပါသည်။

၂။ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ပုစွန်ကျားတွင် Selenium ဓာတ် အများဆုံးပါဝင်သောကြောင့် ထိုဓာတ်သည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားမြစ်ပေးပါသည်။ပုစွန်တွင်ပါဝင်သော Selenium ဓာတ်ကို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါသည်။ အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကို ပုစွန်ကျားစားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

၃။ အရိုးအဆစ်သန်မာကြံ့ခိုင်အောင် ကူညီပေးခြင်း
      အရိုးအဆစ်များ သန်မာစေရန်အတွက် အလိုအပ်ဆုံးဓာတ်မှာ ကယ်လ်စီယမ်ဓာတ်ပဲ ဖြစ်ပါသည်။အကယ်၍ သင်သည် အရိုးအဆစ်များ သန်မာပြီး ကြံ့ခိုင်သောသွားများကို ပိုင်ဆိုင်ချင်သည်ဆိုလျှင်ကယ်လ်စီယမ်ဓာတ်မြောက်များစွာ လိုအပ်ပါသည်။အဆိုပါလိုအပ်သောကယ်လ် စီယမ် ဓာတ်များကို ပုစွန်ကျားထံမှ ရရှိနိုင်ပါသည်။

၄။ ကြွက်သားများ သန်မာစေခြင်း

တစ်နေ့တာလုံး သွက်လက်ဖျတ် လတ်စွာသွားလာလှုပ်ရှားနိုင်ရန်အတွက် ကြွက်သားများသန်မာနေဖို့ လိုအပ်ပါသည်။ကြွက်သားများ ဖွံ့ဖြိုး သန်မာရန်အတွက် ပရိုတင်းဓာတ် လိုအပ်ပါသည်။ ပုစွန်ကျားထဲတွင် ပရိုတင်းဓာတ် မြောက်များစွာ ပါဝင်သောကြောင့် မိမိကြွက်သားများ သန်မာဖွံ့ဖြိုးရန်အတွက် ကူညီပေးမည် ဖြစ်ပါသည်။

၅။ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ပုစွန်ကျားတွင် Omega-3 ဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် Omega-3 ဓာတ်က ဦးနှောက်ကျန်းမာရေးနှင့် အခြားကျန်းမာရေးအတွက် ကောင်း မွန်ပါသည်။

၆။ ခြေသည်း၊လက်သည်းနှင့် ဆံပင်ရှည်ရန် ကူညီပေးခြင်း

ပုစွန်ကျားသည် နွားနို့၊ကြက်ဥတို့ကဲ့သို့ ပရိုတင်းဓာတ် ကြွယ်ဝပါသည်။ပရိုတင်းဓာတ် အကြွယ်ဝဆုံးအစားအစာများထဲတွင် ပုစွန်ကျား သည် ပါဝင်ပါသည်။ပရိုတင်းဓာတ်သည် ခြေသည်း၊ လက်သည်း၊ဆံပင်ရှည်ရန်နှင့် ကြွက်သားများကြီးထွားစေရန် အရေးကြီးပါသည်။

၇။ စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးခြင်း

ပုစွန်ကျားတွင်ပါဝင်သော Selenium ဓာတ်သည် စိတ်ဓာတ်ကျနေခြင်းကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ထို့ကြောင့် စိတ်ဓာတ်ကျ နေလျှင် ပုစွန်များများစားပါ။

၈။ ဆီးချိုမဖြစ်ပွားအောင် ကူညီပေးနိုင်ခြင်း

ပုစွန်ကျားတွင် ပါဝင်သော အာဟာရဓာတ်တချို့သည် ဆီးချိုမဖြစ်ပွားအောင်လည်း ကူညီပေးသည်။

ပုစွန်ကျား၏ဆိုးကျိုး

ပုစွန်ကျား၏ ကျန်းမာရေးဆိုးကျိုးများမှာ အများကြီးမရှိပေ။ ပုစွန်နှင့် မတည့်သူများ စားမိလျှင် အလားဂျစ်ဖြစ်ခြင်းမျိုး ရှိတတ်ပါသည်။အလားဂျစ်ဖြစ်တတ်သူဆိုလျှင် ပုစွန်ကို ချင့်ချိန်စားသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင်-

ပုစွန်မျိုးစိတ်များတွင် လူသိများပြီး ပြည်တွင်းပြည်ပစျေးကွက်တွင် စျေးကောင်းရသောပုစွန်မှာ ပုစွန် ကျားဖြစ်ပါသည်။၄င်း၏ အရသာမှာလည်း အလွန်ချိုပြီး ပင်လယ်စာဆိုင်များတွင် မပါမဖြစ် ထိပ်တန်းမှ နေရာယူနေသော အခွံမာရေသတ္တဝါလည်းဖြစ်သည်။ထို့ပြင် ကျန်းမာရေးကောင်းကျိုးလည်း အများအပြားရရှိနိုင်သောကြောင့် စားပေးသင့်သော ပင်လယ်စာဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)