သဘာဝကပေး အစာနှင့်ဆေး ၊ ကောက်လန်းတီ

ငယ်စဥ်က နံနက်ဝေလီဝေလင်းချိန်ခါ ပဲပြုတ်သည်လာသည့်အချိန်တွင် ပဲပြုတ်အပါအဝင် ကောက်လန်းတီမုန့်၊ ထန်းသီးမုန့်၊ မုန့်ဦးနှောက်၊ မုန့်လိပ် ပြာ၊ ငှက်ပျောကောက်ညှင်းထုပ် အစရှိသည့် ရိုးရာမုန့်များလည်း ပါ၏။ လူကြီးမိဘများက ထမင်းကြော်ဖို့ စားတော်ပဲပြုတ် ဝယ်သည့်အခါ ကျွန်မတို့ မောင်နှမများအတွက် မုန့်လေးများ ဝယ်ပေး၏။ စာရေးသူသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇာတိချက်မြှုပ်ဖြစ်ရာ မွန်တို့၏ ရိုးရာ မုန့်ပဲသရေစာ တစ်မျိုးဖြစ်သည့် ကောက်လန်းတီ ပန်းရနံ့လေးသင်းသင်းမွှေးပြီး ခရမ်းရင့်ရောင် ချိုဆိမ့်ဆိမ့်အရသာရှိသော မုန့်လေးအပေါ် ဖြူဖွေးနုရွနေသည့် အုန်းသီးခြစ်လေးဖြူးပြီး စားလိုက်ရသည့် အချိန်လေးကို ပြန်သတိရ မိသွား၏။
ကောက်လန်းတီဟု လူသိများသည့် အပင်ကို ကောက်လှိုင်းတီဟုလည်းခေါ်ဆိုကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ Forest Ghost Flower ဟု ခေါ်ဆိုကြသကဲ့သို့ Indian broomrape ဟုလည်းခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Aeginetia indica Linn., ဟုလည်း ခေါ်ဆိုကာ မျိုးရင်း Orobanchaceae တွင်ပါဝင်၏။ ကောက်လန်းတီပင်သည် အာရှနိုင်ငံများ၏ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအပါအဝင် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အရှေ့အာရှ၊ အရှေ့တောင် အာရှနိုင်ငံများ၊ ပစိဖိတ်ကျွန်းစုဒေသတို့တွင် သဘာဝအလျောက် ပေါက်ရောက်တတ်သည့်အပင်မျိုးဖြစ်၏။ ယင်းအပင် ကို နယူးဂီနီ Papua New Guinea နှင့် ပစိဖိတ်သမုဒ္ဒရာနှင့် ကျွန်းနိုင်ငံများတွင်လည်း တွေ့ရှိရ၏။
ကောက်လန်းတီပင်တွင် အစိမ်းရောင်ခြယ် ကလိုရိုဖီးလ်ပါဝင်ခြင်းမရှိခြင်းကြောင့် ကိုယ်တိုင်အစာမချက်နိုင်ဘဲ အခြားသော စပါး၊ ကြံ ဝါး၊ မြက်မျိုးနွယ်ဝင်အပင်များ၊ အပင်မျိုးကို ကပ်ပါးပြုပြီး ပေါက်တတ်သော အပင်မျိုးဖြစ်၏။ အမြဲတမ်းစိမ်းလန်းသော တောင်ကုန်း၊ ဝါး၊ စိုစွတ်သောရွက်ကြွေတောများနှင့် ထင်းရှူးတောများ၊ အမြဲစိမ်းသစ် တောများ၊ စိုစွတ်သောမြေနိမ့်မြက် ခင်းတွင်သာမက အခြားသစ်တောများနှင့် လမ်းဘေးများ အထူးသဖြင့် ကျောက်တုံး သို့မဟုတ် ထုံးကျောက်အလွှာပေါ်တွင် ပေါက်တတ်သည့် အမြစ်ကပ်ပါးပင် မျိုးဖြစ်၏။ အပင်ပုလေးများဖြစ်ပြီး အရွက်လုံးဝမရှိသည့်အပင်မျိုးဖြစ်၏။ အပင်ပေါက်လေးများ မြေကြီးထဲမှ ထိုးထိုး ထောင်ထောင်နှင့် ထွက်လာပြီး အပင်၏ ထိပ်ပိုင်းတွင် ပန်းပွင့်၏။ ပန်းပွင့်မှာ သုံးလေးပွင့်အစုမှသည် တစုတဝေးတည်း အခင်းလိုက် ပေါက်ရောက်တတ်၏။ အပင်တစ်ပင်လုံးမှာ ခရမ်းရင့်ရောင်ရှိပြီး အပွင့်ပုံသဏ္ဍာန်မှာ သစ်ခွပန်းပွင့်ကဲ့သို့ရှိ၏။ ဝါဆို၊ ဝါခေါင်လများတွင် ကောက်လှိုင်းတီပင်မှ အပွင့်များကို ခူးဆွတ်ပြီး မုန့်လုပ်ရာတွင် အသုံးပြုကြ၏။
ပန်းပွင့်များသည် ဆလင်ဒါပုံ ရိုးတံသီးသန့်ဖြင့် မြေထဲမှထိုးထွက်လာပြီး ၁၀ စင်တီမီတာမှ ၅၀ စင်တီမီတာအထိ ရှင်သန်လေ့ရှိ၏။ ပွင့် ဖတ်အုံ Calyx သည် ဘဲဥပုံဖြစ်ပြီး ၁ ဒဿမ ၅ မှ ၃ စင်တီမီတာ ရှည်ပြီး ဒေါင်လိုက် အဝါရောင် အစင်းကြောင်းများပါဝင်ပြီး ခရမ်းရောင်ရှိ၏။ ပွင့်ချပ်အုံ Corolla သည် ခရမ်းရောင် ဖျော့ဖျော့၊ နှုတ်ခမ်းနှစ်လွှာ၊ ပြွန်ကျယ်ပြီး ကွေးသော ခေါင်းလောင်းပုံသဏ္ဍာန်ရှိပြီး အရှည် ၂ ဒဿမ ၅ မှ ၅ စင်တီမီတာ၊ အချင်း ၂ ဒဿမ ၅ စင်တီမီတာ ရှိပြီး အနားသတ်များမှာ အနည်းငယ်တွန့် ၏။ သီးတောင့်များသည် ဘဲဥပုံ သို့မဟုတ် အဝိုင်းပုံဖြစ်ပြီး ၁ ဒဿမ ၅ မှ ၂ စင်တီမီတာထိ ရှည်လျား၏။ အစေ့များမှာ အဝါရောင်ဖြစ်၏။
ကောက်လန်းတီပင်ကို နီပေါလ်နိုင်ငံရှိ ဟိမဝန္တာတောင်တန်းအရှေ့ပိုင်းဒေသများအပါအဝင် နေရာအများအပြားတွင် ဆေးဖက်ဝင်အတွက်သာမက ရိုးရာအစဥ်အလာရည်ရွယ်ချက်များအတွက် အသုံးပြုကြ၏။ အထူးသဖြင့် ဟိန္ဒူဘုရားရှင်နှင့် နတ်ဘုရားများအတွက် ပူဇော်ရန် အသုံးပြုကြ၏။
ကောက်လန်းတီပင်တွင် အဆီဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နှင့် ကာဘိုဟိုက်ဒရိတ် အစရှိသည့် အာဟာရ ဓာတ်များ ပါဝင်၏။ ကောက်လန်းတီပွင့်၏ အာဟာရတန်ဖိုးပါဝင်မှုသည် ပင်စည်ယောင် pseudostems ထက် ပိုမိုမြင့်မားသည်ကို တွေ့ရှိခဲ့ကြ၏။ ထို့အပြင် ယင်းတွင် alkaloids၊ carbohydrates၊ flavonoids၊ glycosides၊ organic acids၊ phenolic compounds၊ သကြားဓာတ်၊ saponins၊ steroids နှင့် terpenoids များ ပါ၀င်ကြောင်း လေ့လာမှုများက ဖော်ပြထား၏။ ကောက်လန်းတီပင်၏ ပန်းပွင့်၊ ပင် စည်ယောင်၊ အမြစ်နှင့် တစ်ပင်လုံးကို ဆေးအဖြစ် အသုံးပြုကြ၏။
အနောက်တိုင်းဆေးဘက်ဆိုင်ရာပညာရပ်အရ ကောက်လန်းတီပင်တွင် aeginetic acid၊ phenolic acid၊ aeginetolide၊ aeginetoside၊ glucuronide၊ terpenoid၊ poly -saccharide၊ polyenes နှင့် ionone glycosides ဓာတ်ပေါင်းများပါဝင်ပြီး ယင်းတို့သည် အဖျားရောဂါကို ကင်းဝေးစေခြင်း၊ ကိုယ်တွင်းရောင် ရမ်းနာကျင်ခြင်းကို လျှော့ချပေးနိုင်ခြင်း၊ ဆဲလ်များအဖုအကျိတ်ဖြစ်ခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ ကိုယ်တွင်းအဆိပ်ကိုဖယ်ရှားနိုင်ခြင်း၊ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်နိုင်စွမ်းတို့ ရှိ၏။ ကျောက်ကပ်ရောင်ရောဂါ၊ ကျောက် ကပ်ကင်ဆာ၊ ဆီးလမ်းကြောင်း ကင်ဆာ၊ ချောင်းဆိုးခြင်း၊ ဆီးချို ရောဂါ၊ အသည်းရောဂါ၊ အဆစ်အမြစ်အားနည်းခြင်းနှင့် ကိုယ်လက်ဖောရောင်ခြင်း ဝေဒနာများကို ထိရောက်စွာ သက်သာစေနိုင်ပြီး သာမန် အဖျားရောဂါ၊ ချောင်းဆိုးခြင်းနှင့် ရင်ပူခြင်းတို့ကိုလည်း သက်သာစေနိုင်၏။
အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ တိုင်းရင်းဆေးညွှန်းများတွင် ကောက်လန်းတီအား အထူးထည့်သွင်းအသုံးပြုကြ၏။
ထိုင်းတိုင်းရင်းဆေးပညာရပ်တွင် ကောက်လန်းတီပင်ကို ဆေးဝါးပင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြ ၏။ ကောက်လှိုင်းတီပင်ကို ကင်ဆာရောဂါဝေဒနာရှင်များအတွက် အသုံးဝင်သော ကုထုံးတစ်ခုအဖြစ် အသုံးပြုကြ၏။ ကောက်လှိုင်းတီပင်ဖြင့် ကျောက်ကပ်ကင်ဆာကိုကုသရာတွင် အကျိတ်ဆဲလ်များ ပျံ့နှံ့မှုအပေါ် ဟန့်တားနိုင်သော အကျိုးသက်ရောက်မှု ရလဒ်ကောင်းကို ရရှိခဲ့ကြ၏။ ထို့အပြင် အရေပြားရောင်ရမ်းခြင်း၊ အမျိုးသမီးများ လစဥ် ဓမ္မတာလာစဥ် နာကျင်ခြင်း၊ အဆစ်မြစ် ရောင်ရမ်းနာခြင်းများအတွက်လည်း အသုံးပြုကြ၏။
ဖိလစ်ပိုင်တိုင်းရင်းဆေးပညာရပ်အရ ဆီးချိုရောဂါဝေဒနာရှင်များအတွက် ကောက်လန်းတီပင်ကိုပြုတ်ပြီး ရရှိလာသောအရည်ကို ဆေးဝါးအဖြစ် သောက်သုံးကြ၏။
တရုတ်ရိုးရာဆေးပညာတွင် ကောက်လန်းတီပင်ကို နာတာရှည်အသည်းရောဂါများ၊ ချောင်းဆိုးခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်းဝေဒနာတို့ကို ကုသရာတွင် အသုံးပြု၏။
နီပေါလ်တိုင်းရင်းဆေးပညာအရ အဖျားရောဂါပျောက်ကင်းစေရန်အတွက် ကောက်လန်းတီ အမြစ်ကြိတ်ရည်ကို ဆေးအဖြစ် သောက်သုံးကြ၏။
မြန်မာနိုင်ငံတွင် ကောက်လန်းတီကို ဆေးဖက်ဝင်အဖြစ်သာမက မုန့်ပဲသရေစာအဖြစ်လည်း ပြုလုပ်စားသောက်တတ်ကြ၏။ ရှေးယခင်ကမူ ဝါဆို၊ ဝါဆို ကောက်လန်းတီပန်းများလှိုင်လှိုင် ဖူးပွင့်ချိန်ရောက်လျှင် လယ် ကန်သင်းရိုးများအကြား အလေ့ကျပေါက်နေသည့် ပန်းများကိုခူးဆွတ်ကာ မုန့်လုပ်ရန် ပြင်ဆင်ကြ၏။ ယနေ့ခေတ်တွင် ကောက်လန်းတီ ပင်ကို အခြောက်ခံထားပြီး တစ်နှစ်ပတ်လုံး မုန့်ပြုလုပ်ရောင်းချစားသုံးလာကြ၏။
အခြောက်ခံထားသော ကောက်လန်းတီပန်းပွင့်လေးများကို မုန့်ပြု လုပ်လိုသည့်အချိန်တွင် ဦးစွာပြုတ်ပြီးမှ ခရမ်းရောင်အရည်လေး ဖြစ်လာ သည့်အခါ အဖတ်များကိုဖယ်ထုတ်ပစ်ပြီး အရည်ကို မုန့်ကြိတ်ဆုံ၌ ကြိတ်ထားသော ဆန်မုန့်နှစ်ရည်နှင့် သမအောင် ရောနှောပေးရ၏။
ပြီးလျှင် အနံ့အရသာ ပိုမိုပြည့်စုံစေရန် ကျိုပြီး စစ်ထားသော မုန့်လုပ်ထန်းလျက်ရည်နှင့်အတူ ဆားအနည်း ငယ်ခပ်ကာ ရောမွှေပေးရ၏။ ပြီးလျှင် မုန့်နှစ်ကို ငှက်ပျောရွက်၊ ဝါးရွက်တို့ကို ကတော့ပုံသဏ္ဍာန် ပြု လုပ်ထားပြီး ရေနွေးငွေ့နှင့် နာရီဝက် ခန့် ပေါင်းပေးပါ။ (အရွက်ရှာရခက်ပါက ကြွေ/ဖန်/ စတီးပန်းကန်လုံးလေးများထဲသို့ မုန့်နှစ်ရည်ထည့်ပြီး ပေါင်းနိုင်၏။)
အငွေ့တထောင်းထောင်းထနေပြီး ပန်းရနံ့နှင့်ဖက်ရနံ့တို့ပေါင်းပြီးထွက်လာသည့် အနံ့အရသာနှင့် ပြည့်စုံသည့် ခရမ်းရင့်ရောင် ချိုဆိမ့်ဆိမ့်အရသာ ရှိသော မုန့်လေးကို တစ်လုပ်စာအရွယ်တော်လေး လှီးဖြတ်ပြီးနောက် ဖြူဖွေးနုရွနေသည့် အုန်းသီး ခြစ်လေးဖြူးပြီး စားသုံးလိုက်ရင်ဖြင့် မွေးရပ်ဇာတိကို အလွမ်းပြေစေ၏။ ရေနွေးကြမ်းပူပူလေးနှင့်သာဆိုလျှင်တော့ ပိုမိုလိုက်ဖက်နေပြီဖြစ်သည်။
သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ကောက်လန်းတီပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူ ညီ ကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံအတွက် ဂေဟစနစ်ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများကို ထိန်းသိမ်းရေးနှင့် ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကိုထိန်းသိမ်းရာလည်း ရောက်စေမည် ဖြစ်ပေ၏။
ကြေးမုံငယ်