သဘာဝကပေး အစာနှင့်ဆေး ၊ ပျဉ်းတော်သိမ်

ပျဉ်းတော်သိမ်ပင်ကို ဆီသတ်ရွက်ပင်၊ မာဆလာရွက်ပင် ဟုလည်း ခေါ်ဆိုကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ Curry plant ဟု ခေါ်ဆိုကြသကဲ့သို့ sweet neem ဟုလည်းခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Clausena excavata Burm. f., Bergera koenigii L. ဟု ခေါ်ဆိုသကဲ့သို့ Murraya koenigii ဟုလည်း ခေါ်ဆိုကာ ရှောက်ပင်မျိုးရင်းဝင် Rutaceae တွင်ပါဝင်၏။ မူလဖြစ်ထွန်းရာဒေသမှာ အိန္ဒိယတိုက်ငယ်မှ ဖြစ်ပြီး ဟိမဝန္တာတောင်တန်းဒေသမှလွဲပြီး အိန္ဒိယနိုင်ငံတစ်လွှားရှိ သစ်တောဧရိယာများနှင့် စွန့်ပစ်မြေများတွင်လည်းကောင်း၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် အန်ဒမန်ကျွန်းများကဲ့သို့ဒေသများတွင်လည်း သဘာဝအလျောက် ဖြစ်ထွန်းပေါက်ရောက်ခဲ့၏။ ယခုနောက်ပိုင်းတွင် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ အထူးသဖြင့် မြန်မာ၊ တရုတ်၊ သြစတြေးလျ၊ ပစိဖိတ်ကျွန်းနိုင်ငံများ၊ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ တောင်အာဖရိကနိုင်ငံများတွင် ပျံ့နှံ့ရှင်သန် စိုက်ပျိုးလာကြ၏။
ပျဥ်းတော်သိမ်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့် ၁၀ ပေဝန်းကျင်ခန့်အထိ ရှင်သန်ကြီးထွားနိုင်သည့် အပင်မျိုးဖြစ်ပြီး အာရှနိုင်ငံအများစုတွင် အလေ့ကျပေါက်ရောက်သည့် သဘာဝပေါက်ပင် တစ်မျိုးဖြစ်၏။ အညိုဖျော့ ရောင်ပင်စည်မှ ကိုင်းများ ဖြာထွက်လေ့ရှိ၏။ အရွက်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်ကာ အလျား ၈ လက်မခန့်ထိ ရှည်၏။ ရွက်မြွှာများမှာ ၁၅ ရွက်ခန့်ရှိပြီး အချို့မှာ ရွက်ဆိုင်ထွက်ပြီး အချို့မှာ ရွက်လွှဲထွက်၏။ လှံစွပ်ပုံသဏ္ဍာန်ရှိကာ ရွက်ရင်းရွဲ့စောင်းပြီး အနည်းငယ် ဝိုင်းကာ ရွက်ဖျားသွယ်၏။ ရွက်ညှာတို၏။ ရွက်ပြားချောပြီး ရွက်နားတွင် မထင်ရှားသော ခွေးသွားစိပ်လေးများရှိ၏၊ ရွက်လယ်ကြောထင်ရှား၏။ အရွက်နုစဉ် အညိုရောင်ရှိပြီး အရွက်ရင့်လာသည့်အခါ အစိမ်းရောင်ပြောင်းသွား၏။ အရွက်၏ မွှေးကြိုင်သောရနံ့ကြောင့် စားဖိုဆောင်ဟင်းခပ်အမွှေးအကြိုင်အဖြစ် အသုံးများကြ၏။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး တန်ခူး၊ ကဆုန်လများတွင် ပွင့်လေ့ရှိ၏။ အသီးမှာ လုံးဝိုင်းပြီး ပန်းရောင်နှင့် အဖြူရောင်ပေါ်တွင် အမည်းစက်လေးများ ပါရှိ၏။
ပျဉ်းတော်သိမ်ပင်ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ နေရာအများအပြားတွင် ဖြစ်ထွန်းပေါက်ရောက်သည်ကို တွေ့ရှိနိုင်၏။ အချို့သောဒေသများတွင် အလေ့ကျမဟုတ်ဘဲ အသီးကိုပျိုး၍ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ထွန်းသော အပင်မျိုးဖြစ်၏။ ပျဉ်းတော်သိမ်ပင်ဟု အမည်နာမဖြစ်ပေါ်လာပုံမှာ ရှေးမြန်မာဘုရင်များလက်ထက် မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ရေဖျဉ်းရောဂါစွဲကပ်ချိန်တွင် နန်းတွင်းသမားတော်များက ပျဉ်းတော်သိမ်ပင်ကို ဆေးအဖြစ်အသုံးပြုကုသခဲ့ကြ၏။ ကုသရင်း ရေဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျားလာသည့်အခါ ပျဉ်းတော်သိမ်ဟုနာမည်တွင်ကျန်ခဲ့သည်ဆို၏။
ပျဥ်းတော်သိမ်ရွက် ၁၀၀ ဂရမ်တွင် အစာစွမ်းအင် ၉၇ ကယ်လိုရီပါဝင်ပြီး ကာဘိုဟိုက်ဒရိုက်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ အဆီ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်းယွန်း၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အေ၊ ဗီတာမင် စီတို့ ကြွယ်ဝစွာ ပါဝင်၏။ ထို့အပြင် ဗီတာမင် ဘီကွန်ပလက်အနေဖြင့် သိုင်ယာမင်၊ နိုင်ရာစင်၊ ပိုင်ရီဒေါစင်၊ ပင်တိုသဲနစ် အက်စစ် နှင့် ရီဘိုဖလာဗင်တို့လည်း ကြွယ်ဝစွာပါဝင်၏။ အခြားသောသတ္တုဓာတ်များအနေဖြင့် ကော့ပါး၊ ဇင့်၊ ဆီလီနီ
ယမ်တို့လည်း ပါဝင်၏။
ဗီတာမင်အေနှင့် ဘီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်သည့်ပျဥ်းတော် သိမ်ရွက်သည် အမြင်အာရုံကောင်း မွန်စေခြင်းနှင့်မျက်လုံး ကျန်းမာရေး အထောက်အကူပြုနိုင်စွမ်းရှိ၏။
သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို လျော့နည်းစေနိုင်စွမ်းရှိသည့် ပျဥ်းတော်သိမ်ရွက်သည် ဆီးချို ရောဂါ ဝေဒနာရှင်များအတွက် အကောင်းဆုံးသော သဘာဝကုထုံးတစ်လက်ဖြစ်စေ၏။
ပျဥ်းတော်သိမ်ရွက်သည် သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောပမာဏကို လျော့ကျစေရန် အထောက်အကူပြုပြီး ကိုလက်စထရောများဓာတ်တိုးခြင်းမှလည်း ကာကွယ်ပေးနိုင်စွမ်းရှိ၏။
ပရိုတင်းနှင့် ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာပါဝင်သည့် ပျဥ်းတော်သိမ်ရွက်သည် ဆံကေသာ ကျန်းမာသန်စွမ်းခြင်းကို အားပေးပြီး ဆံပင် ကျွတ်ခြင်းကို လျော့နည်းစေ၏။
ပျဥ်းတော်သိမ်ရွက်သည် အစာခြေဖျက်နိုင်သည့်အင်ဇိုင်းထုတ်လွှတ်မှုကို လှုံ့ဆော်နိုင်ခြင်း၊ အူလမ်းကြောင်း ပုံမှန်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်စွမ်း၊ အလမ်းကြောင်းရှိ သန်ကောင်များကို ဖယ်ရှားရာတွင် အထောက်အကူပေးနိုင်စွမ်းရှိ၏။
ပျဥ်းတော်သိမ်ရွက်တွင် ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိသည့်အတွက် အဆစ်အမြစ်ရောင်နာ ဝေဒနာရှင်များနှင့် ကိုယ်လက်ရောင်ရမ်းနာဝေဒနာရှင်များအတွက် သင့်လျော်လှသည့် သဘာဝဆေးတစ်လက် ဖြစ်၏။
အာဟာရဓာတ်ပေါင်းစုံကြွယ်ဝစွာပါဝင်သည့် ပျဥ်းတော်သိမ်ရွက်သည် ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးရာတွင် အထောက်အပံ့ဖြစ်စေ၏။
လေ့လာဆန်းစစ်မှုများအရ ပျဥ်းတော်သိမ်ရွက်သည် ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အကျိုး ကျေးဇူးကောင်းများစွာကို ပေးစွမ်း
နိုင်သည်ဆို၏။ပျဥ်းတော်သိမ်ရွက်တွင် ဆဲလ်များ ဗီဇပြောင်းလဲနိုင်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိသည့်အတွက် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေမှ ကာကွယ်ပေး၏။
ပျဥ်းတော်သိမ်ရွက်သည် နာကျင်မှုကို သက်သာစေနိုင်စွမ်းရှိသည့် အတွက် အကိုက်အခဲပျောက်ဆေးအဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြ၏။
အစောပိုင်းလေ့လာမှုများအရ ပျဥ်းတော်သိမ်ရွက်သည် အယ်လ်ဇိုင်းမားရောဂါကို အမှန်တကယ်ကယ်ကွယ် နိုင်သည်ဟု အကြံပြုထား၏။
အိမ်တိုင်း၏ စားဖိုဆောင်တွင် ပျဥ်းတော်သိမ်ရွက်ကို ဟင်းလျာများ စီမံချက်ပြုတ်သည့်အခါတိုင်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်း အသုံးပြုလေ့ရှိတတ်ကြ၏။
အသား၊ ငါးဟင်းများ၊ သီးစုံပဲဟင်းများ ချက်သည့်အခါ ပျဥ်းတော်သိမ်ရွက်ကို ဆီသတ်ပြီး ထည့်ချက်ခြင်းဖြင့် ဟင်းလျာများ၏ အနံ့အရသာကို ပိုကောင်းစေပြီး ထမင်းမြိန်စေ၏။
မြေပဲ၊ ဆန်လုံးစီ၊ အသားတု၊ အာလူး၊ တို့ဟူးခြောက်၊ ဗယာကြော် အစရှိသည့် သတ်သတ်လွတ်ဟင်း လျာ အခြောက်အကြွပ်ကြော်များထဲတွင်လည်း ပျဥ်းတော်သိမ်ရွက်ကို ထည့်ကြော်ပေးခြင်းဖြင့်ပိုမိုဆွဲဆောင်မှု ရှိပြီး နှုတ်မြိန်စေ၏။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ မန်ကျည်းမှည့်၊ ငရုတ်သီးနှင့် ဆားတို့နှင့်အတူ ရောကြိတ်၍ အနှစ်ကို ထမင်းဖြူနှင့်စားသုံးပါက ခံတွင်းကို မြိန်စေ၏။
ပျဥ်းတော်သိမ်ရွက်နုလေးများကို ငပိရည်ကျို၊ ခရမ်းချဥ်သီးနှင့် ငါး ခြောက်ချက်၊ ခရမ်းချဉ်သီးငါးပိချက်၊ ငါးပိထောင်း သံပရာရည်ဆမ်းတို့နှင့်အတူတွဲဖက်ပြီး တို့စရာအဖြစ် စားသုံးနိုင်၏။
ကြက်ရိုးပြုတ်ရည်၊ ငါးမီးအုံးဟင်းခါး၊ ငါးကျည်းကျပ်တိုက်ဟင်းခါး တို့တွင်လည်း ပျဥ်းတော်သိမ်ရွက်ကိုခပ်ကာ အရည်သောက်ဟင်းခါးအဖြစ်လည်း ချက်သောက်နိုင်၏။
ပျဥ်းတော်သိမ်ရွက်ကလေးများကို အခြောက်လှန်းပြီး ရေနွေးကြမ်းအဖြစ် ပြုလုပ်သောက်သုံးနိုင်၏။
သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ပျဥ်းတော်သိမ်ပင်၏ အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်