နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ကော်ဖီအခြေခံစက်မှုလုပ်ငန်းများ အားပေးစို့

နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ကော်ဖီအခြေခံစက်မှုလုပ်ငန်းများ အားပေးစို့

coffee

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးရေး အခြေခံသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်အသက် မွေးလျက်ရှိပါသည်။ ထိုသို့ လုပ်ကိုင်ကြရာတွင် မိမိဒေသရှိ ရေ၊ မြေ၊ ရာသီဥတုကိုလိုက်၍ သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ ရှမ်းကုန်းပြင်မြင့်ဒေသသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရန်အတွက် အထူးသင့်တော်သော ရေ၊ မြေ၊  ရာသီဥတုများရှိသည့်အတွက် ကော်ဖီကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထွက်ရှိလာ သည့် ကော်ဖီများ၏ အရည်အသွေးသည်လည်း အထူးကောင်းမွန်ကြောင်း ကော်ဖီအရည် အသွေး စမ်းသပ်စစ်ဆေးမှု ရလဒ်အဖြေများအရ သိရှိရပါသည်။

ဗဟုသုတအနေဖြင့် မြန်မာနိုင်ငံတွင် အာရေးဗီးကားကော်ဖီနှင့် ရိုဘတ်စတာကော်ဖီဟူ၍ ကော်ဖီအမျိုးအစားနှစ်မျိုးကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ အာရေးဗီးကား (Arabica) ကုန်းမြင့်ကော်ဖီမျိုးများကို ပေ ၂၅၀ဝ အထက် တောင်ပေါ်ဒေသများနှင့် ရိုဘက်စတာ   (Robusta) မြေနိမ့်ကော်ဖီမျိုးများကို ပေ ၂၅၀ဝ အောက်နိမ့်သော ဒေသများတွင် ရွေးချယ်၍ စီးပွားဖြစ် စိုက်ပျိုးနိုင်ပါသည်။  အာရေးဗီးကားကော်ဖီကို  ကချင်ပြည်နယ်၌ ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေးတိုင်းဒေသကြီး၌ မိုးကုတ်၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၌ ကျိုင်းတုံ၊ တာချီလိတ်၊ နောင်ချို၊ ရပ်စောက် ၊ ရွာငံ၊ ဟိုပုံး၊ ပင်းတယ၊ ပင်လောင်းနှင့် ကယားပြည်နယ်၌ လွိုင်ကော်၊ ဒီမော့ဆို စသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ရိုဘက်စတာကော်ဖီကို မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ် လိပ်သို၊ သံတောင်ကြီးဒေသ တို့တွင်အများဆုံးစိုက်ပျိုးကြပါသည်။ 

ကော်ဖီစိုက်ပျိုးရန် စိုက်ခင်းမြေနေရာရွေးချယ်ရာတွင် မြေမျက်နှာ ပြင်ပြန့်ပြူးသောမြေနေရာ(သို့)ဆင်ခြေလျှောပြေသော ကုန်းစောင်းမြေနေရာတို့ကို အဓိကထား၍ ရွေး ချယ်သင့်သည်။ အနည်းငယ်မတ် စောက်သော တောင်စောင်းများကို ရွေးချယ်စိုက်ပျိုးရမည်ဆိုပါကကွန်တိုစနစ်/လှေကားထစ်စိုက်ပျိုးနည်းစနစ်များ ပြုလုပ်၍စိုက်ပျိုးသင့်ပါသည်။ ဆီးနှင်းအကျများသော တောင်ပေါ်ဒေသများ၌ ဆီးနှင်းခါးကျရောက်မှုနည်းသည့်  တောင် စောင်းဆင်ခြေလျှော အပေါ်ပိုင်းတွင် ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ကော်ဖီပင်စိုက်ပျိုးရန် ပင်ကြား x တန်းကြား အကွာအဝေးအား ကော်ဖီစိုက်တောင်သူများ ဗဟုသုတရစေရန်အလို့ငှာ ဖော်ပြလိုပါသည်။ အများအားဖြင့် အာရေးဗီးကားကော်ဖီ (ကုန်းမြင့်ကော်ဖီ)  အတွက် ပင်ကြားx တန်းကြား (၄' x ၈')ဖြင့် တစ်ဧကဝင်ဆန့်  (ပင်)    ၁၃၆၀ ပင် နှင့် ရိုဘတ်စတာကော်ဖီ (မြေနိမ့်ကော်ဖီ)အတွက် ပင်ကြားx  တန်းကြား (၁၀'x၁၀') တစ်ဧကဝင်ဆန့် (ပင်) ၄၃၅ပင် စိုက်ပျိုးနိုင်ပါသည်။ ပင်ကြားx  တန်းကြားအကွာအဝေးအား ကော်ဖီမျိုးအလိုက်လည်းကောင်း၊ စိုက်နည်းစနစ်အရလည်း ကောင်း၊ မြေမျက်နှာသွင်ပြင်အပေါ်မူတည်၍ လည်းကောင်း အနည်းငယ်ပြောင်း လဲသတ်မှတ်နိုင်ပါသည်။ ကော်ဖီစိုက်ပျိုးရန်ကျင်းကို(၁ ဒသမ ၅ x ၁ ဒသမ ၅ x ၁ ဒသမ ၅)ပေဖြင့်စိုက်ပျိုးနိုင်ပြီး စိုက်ခါနီး ၂ ပတ်  ၃ ပတ် အလိုတွင် နွားချေး ၁ ပြည်၊ တီစူပါဟင်းစားဇွန်း ၂ ဇွန်းနှင့် အပေါ်ယံမြေသားများကို သမအောင် ရောမွှေ ၍ကျင်းဖုံးပေးရမည်။ ကော်ဖီပင်မြေချစိုက်ပျိုးခြင်းကိုပုံမှန်အားဖြင့် မိုးစတင် ရွာသွန်းချိန်တွင် စတင်ဆောင်ရွက်နိုင်သော်လည်း ရေပေးသွင်းနိုင်ပါကနွေရာသီ၌ပင် ရေသွင်း စိုက်ပျိုးနိုင်သည်။ ကော်ဖီပင်မြေချစိုက်ပျိုးရာတွင် ပျိုးအိတ်မြေလုံးမကွဲရန် ဂရုပြုစိုက်ပျိုးရပြီး  ရေသောက် မြစ်ဖြောင့်တန်းစေရန်အတွက် ပျိုးအိတ်အောက်ခြေမြေကြီးနှင့်ကပ်၍ ခေါက်နေသော အမြစ်ကိုဖြတ်ပေးရန်အထူးသတိပြုရပါမည်။ 

နှစ်ရှည်ပင်ဖြစ်သောကော်ဖီသည် တစ်ခါစိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းပါက နှစ်ရှည်ဝင်ငွေ ရရှိမည့် သီးနှံပင်ဖြစ်ပါသည်။ သုံးနှစ်သားမှစတင် ၍ ဖူးပွင့်ပြီး အသီးသီးကာ ငါးနှစ်သားအထက်တွင် စတင်၍ အသီးအထွက်နှုန်းများ ကောင်းမွန်ပြီး ဝင်ငွေတိုးတက်ရရှိစေပါသည်။ စီးပွားဖြစ် သက်တမ်းအားဖြင့် အနှစ် ၂၀ ဝန်းကျင်ခန့်  အသီးသီးနိုင်သည်။ ကော်ဖီသီး ရင့်မှည့်ရာတွင်  အစိမ်းရောင်မှအနီရောင်၊ အစိမ်းရောင်မှလိမ္မော်ရောင် သို့မဟုတ် အစိမ်းရောင်မှ အဝါရောင် ပြောင်းလဲကြသည်။ ကော်ဖီသီးရင့်မှည့်ချိန်ရောက်လျှင် ကော်ဖီသီးမှည့်များကိုသာ အကြိမ်ကြိမ် ရွေးချယ်ခူးဆွတ်ရပါသည်။ အထူးတန်းဝင်ကော်ဖီဆံရရှိရန်အတွက် ကော်ဖီကြိတ်ခွဲထုတ်လုပ် ခြင်း လုပ်ငန်းစဉ်များကို အစိုနည်း (Wet processing) သို့မဟုတ် အခြောက်နည်း (Dry Processing) ဟူ၍ နည်းလမ်း ၂ မျိုးဖြင့် ထုတ်လုပ်ကြပါသည်။ ကော်ဖီဆံအခြောက်လှမ်းခြင်း၊ ကော်ဖီဆံများ စနစ်တကျသိုလှောင်ခြင်းနှင့်ကော်ဖီဆံစိမ်းအစေ့ထုတ်ခြင်း လုပ်ငန်းစဉ်များကို သတ်မှတ်ချက်များနှင့်အညီ အဆင့် ဆင့် ပြုလုပ်ကြပါသည်။ 

ထိုသို့ အရည်အသွေးကောင်းမွန်သည့် ကော်ဖီကုန်ကြမ်းများကို ရရှိနိုင်သည့်အတွက် ထို ကုန်ကြမ်းပစ္စည်းများနှင့်ဆက်စပ်၍ တစ်နိုင်တစ်ပိုင် ကော်ဖီအခြေခံသော MSME လုပ်ငန်းများလည်း ထွန်းကားလာခဲ့ပါသည်။ ကော်ဖီအခြေခံ MSME လုပ်ငန်းများတွင် ကော်ဖီလှော်ခြင်းလုပ်ငန်း၊ ကော်ဖီမှုန့်ထုတ်လုပ်သည့်လုပ်ငန်း၊ အသင့်သောက်ကော်ဖီ 2 Plus 1 Ready Coffee ထုတ်လုပ် သည့်လုပ်ငန်း၊ ကော်ဖီအခြေခံသည့် အဖျော်ယမကာဆိုင်များ အစရှိသဖြင့် ကော်ဖီအခြေခံသည့် ဆက်စပ် လုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာပြီး တစ်ဦးချင်းဝင်ငွေများလည်း ပိုမိုတိုးတက်ရရှိ လာခဲ့ကြပါသည်။ အဆိုပါ ကော်ဖီအခြေခံ MSME လုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်စေရန်အတွက် မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးသင်တန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွင့်လှစ်ပြီး နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ ထိုနည်းတူစွာ ၎င်း MSME လုပ်ငန်းများ တရားဝင် မှုဖြစ်စေရေးအတွက်လည်း သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိပါသည်။

MSME ဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မတ်လအထိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌  ၂၉-၅-၂၀၂၃ မှ ၃၁-၅-၂၀၂၃ ရက်နေ့အထိ ၁ ကြိမ်၊ ၁၉-၆-၂၀၂၃ မှ ၂၀-၆-၂၀၂၃ ရက်နေ့အထိ စုစုပေါင်း ၂ ကြိမ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ချင်းပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကော်ဖီစိုက်ဧက ၇၀၇ ဧက ရှိပြီး ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချင်း ပြည်နယ် မင်းတပ်ကော်ဖီအစုအဖွဲ့၊ နောင်ချိုမြို့နယ်ကော်ဖီအစုအဖွဲ့၊ ရွာငံမြို့နယ်ကော်ဖီ အစု အဖွဲ့၊ ဟိုပုန်းမြို့နယ်ကော်ဖီအစုအဖွဲ့ အစရှိသဖြင့် ဒေသအလိုက် အစုအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲသည် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာ ၉ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုး မှုဆိုင်ရာများနှင့်ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားစဉ်တွင် “ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကိုအထောက်အကူပြုသည့် လုပ်ငန်း တစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုး တက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြင်ဦးလွင် ဒေသမှ ကော်ဖီလုပ်ငန်းရှင်များကို မကြာခဏ တွေ့ဆုံ၍ အားပေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့သောကြောင့် ကော်ဖီလုပ်ငန်းသည် အထိုက်အလျောက် တိုးတက်မှုများဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အား ကော်ဖီ မြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်သည့်ကော်ဖီများကို ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ် ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုများကို စနစ်တကျ ဖြင့် ဆောင်ရွက်သွားမှသာလျှင် နောင်လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း ကော်ဖီထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်” လမ်းညွှန်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၌ Instant Coffee   သောက်သုံးမှု၊ ကော်ဖီမစ် သောက်သုံးမှု၊ 2 Plus 1 Ready Coffee သောက်သုံးမှု ပိုမိုတိုးတက်လာသဖြင့် Instant Coffee သွင်းကုန် လျော့ချနိုင်ရန်အတွက် ပြည်တွင်းထုတ် Pure Coffee ကို အသုံးပြုထုတ်လုပ်သော 2 Plus 1 Ready Coffee ထုတ်လုပ် နေသော အသေးစားအိမ်တွင်းမှုလုပ်ငန်းများကို အားပေးကူညီရန်အတွက် အသေးစားအိမ်တွင်းမှု လုပ်ငန်းရှင်များဌာနသို့ အကူအညီတောင်းခံလာပါက သက်ဆိုင်ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အရည်အသွေးကောင်းကော်ဖီများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကော်ဖီအဓိက စိုက်ပျိုးသော တိုင်းဒေသကြီး/ ပြည်နယ် ၉ ခု၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ် မက်မန်း ဒေသအပါအဝင် နမူနာပျိုးခင်းများတည်ထောင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဇန်နဝါရီ လကုန်အထိ မျိုးစေ့ကီလိုပေါင်း ၁၀၉၈ ကီလိုအား အခမဲ့ဖြန့်ဝေပြီးဖြစ်ပါသည်။

ကုန်ကြမ်းကော်ဖီစေ့များကို အရည်အသွေးမြှင့်တင်စေပြီး အရည် အသွေးကောင်း၊ အရွယ်အစားအဆင့်မီသော ကော်ဖီစေ့များကို နိုင်ငံခြားပို့ကုန်အဖြစ် ဈေးကောင်းကောင်းဖြင့် တင်ပို့ ရောင်းချနိုင်စေရန် အရည်အသွေးမြင့်ကော်ဖီ စိုက် ပျိုးထုတ်လုပ်ကြိတ်ခွဲမှု နည်းပညာပေးသင်တန်းပေးခြင်းနှင့် ကော်ဖီသီးမှည့် ဆွတ်ခူးရာတွင် အရည်အ သွေးကောင်း ကော်ဖီသီးများရရှိစေရန် ကော်ဖီသီးမှည့် အစိုဓာတ်တိုင်းကိရိယာအား မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ကော်ဖီအဓိကစိုက်ပျိုးသော ကချင်/ ကရင်/ ချင်း/ ရှမ်းပြည်နယ်နှင့် မန္တလေး/ မကွေး/ နေပြည် တော်တိုင်းဒေသကြီးရှိ ကော်ဖီစိုက်တောင်သူများအား အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ကော်ဖီထုတ်ကုန်များထုတ်လုပ်ရာ တွင် အရည်အသွေးကောင်းမွန်ပြီး ထုပ်ပိုးမှု ကောင်းမွန်မှသာလျှင် ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်သည် များကို နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ 

မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာစေရေးတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ရရှိစေရေးအတွက် ကော်ဖီ စိုက်ပျိုးထုတ် လုပ်မှု  နည်းပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်း၊  ကော်ဖီအလှော်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကော်ဖီအဖျော်သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကော်ဖီအရည်အသွေး အကဲဖြတ် အမှတ်ပေးခြင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းကို သက်ဆိုင်ရာ ဦးစီးဌာန၊ သက်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြစ်သော MCA, MCG အစရှိသော အဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြင့် နိုင်ငံ၏ MSME လုပ်ငန်းများ ပိုမိုတိုးတက်လာခြင်းနှင့်အတူ နိုင်ငံသား များ၏ တစ်ဦးချင်းဝင်ငွေများလည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။         

သူရိန်နိုင် (ကော်ဖီ-ရာသီ)