သဘာဝကပေး အစာနှင့်ဆေး ၊ ပိတ်ချင်း

သဘာဝကပေး အစာနှင့်ဆေး ၊ ပိတ်ချင်း

ပိတ်ချင်း

ပိတ်ချင်းပင်ကို တောကွမ်းရွက်ပင်ဟုလည်း ခေါ်ဆိုကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ Indian Long pepper ဟု  ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ  Piper longum L. ဟု ခေါ်ဆိုပြီး ငရုတ်ကောင်းမျိုးရင်းဝင် Piperaceae တွင်ပါဝင်၏။ ပိတ်ချင်း ပင် မူလဖြစ်ထွန်းရာဒေသမှာ အင်ဒိုမလေးရှားဒေသရှိ အပူပိုင်းနှင့် သမနွေးပိုင်းရာသီဥတုရှိသည့် နေရာများတွင် သဘာဝအတိုင်း စတင်ဖြစ်ထွန်း ပေါက်ရောက်ခြင်းဖြစ်၏။ ယင်းသည် အိန္ဒိယရှိ Khasi တောင်များ၊ West Bengal ၏အောက်ပိုင်းတောင်ကုန်းများနှင့် Western Ghats ၏အမြဲစိမ်းတောများအပါ အဝင် အိန္ဒိယနိုင်ငံ၏ အပူပိုင်း မိုးသစ်တောများတွင် အလေ့ကျပေါက် ရောက်၏။ နောက်ပိုင်းတွင် ပိတ်ချင်း ပင်ကို သီရိလင်္ကာ၊ မလေးရှား၊ နီပေါ၊ စင်္ကာပူနှင့် အခြား တောင်အာရှနိုင်ငံများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းလာခဲ့၏။ မြန်မာနိုင်ငံတွင်လည်း ပိတ်ချင်းပင်ကို နိုင်ငံ၏နေရာအနှံ့ အပြား အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသရှိ သစ်ပင်ကြီးများ၏ အရိပ်အာဝါသ အောက်၌လည်းကောင်း၊ အေးမြစိုစွတ်သော ရာသီဥတုရှိသည့်ဒေသများတွင်လည်းကောင်း သဘာ၀ အလျောက် ပေါက်ရောက်လေ့ရှိ၏။ 

ပိတ်ချင်းပင်သည် နှစ်ရှည်ခံပင်ပျော့အမျိုးအစားဖြစ်ပြီး အမြဲစိမ်းနွယ်ပင်မျိုးဖြစ်၏။ အဖိုပင် အမပင် ရှိသော်လည်းပင်စည်လုံးတွင်အဆစ် များရှိကာ အကိုင်းအခက်များ သေးငယ်ပြီး ထောင်မတ်နေ၏။ အရွက်မှာ ကွမ်းရွက်နှင့်တူပြီး ရွက်လွှဲထွက်၏။ နှလုံးပုံသဏ္ဍာန်ရှိ၍ အဖျားချွန်ကာ ရွက်ပြားချော၏။ ရွက်နားညီ၏။ ထင်ရှားသော ရွက်ကြော ခုနှစ်ခု ရှိပြီး ရွက်ကြောများ ရွက်ညှာရင်းမှ ဖြာထွက်၏။ ရွက်ညှာရှည်၏။  ပန်းခိုင်တွင် သေးငယ်သည့် အနီရောင်အပွင့်လေးများ ပါရှိ၏။ ပွင့်ညှာမဲ့၏။ အဖိုအမ သီးသန့်စီရှိပြီး အမ ပန်းခိုင်သည် အဖိုပန်းခိုင်ထက် ပို၍ သေးငယ်၏။  တပို့တွဲ၊ တပေါင်း လတွင် ပွင့်သည်။ အသီးမှာ သေးငယ်ပြီး အတောင့်လေးအဖြစ်သီး၏။ မှည့်သောအခါအနီရောင်ရှိ၏။ အစေ့ မှာ အနည်းငယ် လုံးဝိုင်း၏။ ကဆုန်၊ နယုန်လတွင် အသီးရင့်မှည့်၏။ 

ပိတ်ချင်းပင်တွင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီနှင့် ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ အိုင်းယွန်း၊ ကော့ပါး၊ ဆီလီနီယမ်တို့ ကြွယ်ဝစွာပါဝင်သကဲ့သို့ ဗီတာမင်များဖြစ်သည့် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီစစ်၊ ဘီဆဲဗင်းနှင့် ဘီနိုင်း၊ ဗီတာမင် ဒီတူး၊ ဗီတာမင်ကေဝမ်း၊ ဖိုလိပ်၊ ကယ်ရိုတီနွိုက်၊ အယ်လ်ကာလွိုက်၊ ဖလေဗာနွိုက်တို့အပါအဝင် ကျန်းမာခြင်းကို အထောက်အကူပြုပေးနိုင်သည့် bioactive compounds  များစွာပါဝင်၏။

ပိတ်ချင်းပင်၏ အသီးနှင့် အမြစ်ကို အာယုဗေဒဆေးပညာရပ်တွင် ဆေးဝါးအဖြစ် အသုံးပြုသကဲ့သို့ အစာအာဟာရ ပြင်ဆင်ချက်ပြုတ်သူများအတွက် ဟင်းခတ်အမွှေးအကြိုင် အဖြစ် အသုံးပြုကြ၏။ အာယုဗေဒဆေးပညာရပ်အရ ပိတ်ချင်းပင်သည် အသက်ရှူလမ်းကြောင်းကျန်းမာခြင်းကို အထောက်အကူပြုခြင်း၊ အစာခြေစနစ်ကို တိုးတက် ကောင်းမွန်စေခြင်း၊ ဇီဝကမ္မဖြစ်စဥ်ကို အားကောင်းစေခြင်း၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်ခြင်းကို သက်သာ စေခြင်း၊ အာဟာရဓာတ်များကို စုပ်ယူနိုင်စွမ်းပိုမိုအားကောင်း စေခြင်းနှင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်းတို့အတွက် အသုံးပြုကြ၏။ ပိတ်ချင်းသီးနှင့် အမြစ်တွင် ပါဝင်သည့်ဓာတုပစ္စည်းများသည် ကိုယ်ခန္ဓာအတွင်းရှိ ကပ်ပါး ကောင်များကို တိုက်ဖျက်နိုင်စွမ်းနှင့် ကိုယ်လက်ဖောရောင်ခြင်းကို သက်သာ စေနိုင်စွမ်းရှိသည့်အတွက် ဆေးအဖြစ် အသုံးပြုကြ၏။

အာယုဗေဒဆေးပညာရပ်အရ ပိတ်ချင်းသီးကို အခြောက်ခံပြီး အမှုန့် ပြုလုပ်ကာ ရေနွေး၊ ပျားရည်၊ အခြောက်ခံထားသော ချင်းနှင့် အခြား သော ဆေးဖက်ဝင်ပရဆေးပင်များနှင့်တွဲဖက်ပြီး ဆေးဝါးဖော်စပ် အသုံး ပြုကြ၏။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၏ အရင်းအမြစ်ကောင်းဖြစ်သည့် ပိတ်ချင်းကို ရိုးရာတိုင်းရင်းဆေးပညာရပ်များအရ အောက်ဖော်ပြပါရောဂါများအတွက်  အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် အသုံးပြုကြ၏။
• အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း၊ သွားနှင့်ခံတွင်းကို ကျန်းမာစေခြင်းအပါအဝင် အဆုတ် ရောဂါများအတွက် လည်းကောင်း၊ 
• အစာခြေစနစ်နှင့် ပတ်သက်သည့် အစာမကြေခြင်း၊ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အစာအိမ် အောင့်ခြင်း၊ လေနာခြင်း၊ အစာစားလိုစိတ်မရှိခြင်းဝေဒနာတို့အတွက်လည်းကောင်း၊
•  သ‌န္ဓေအောင်နှုန်းကို မြင့်စေခြင်း၊ ကာမအားတိုးစေခြင်း၊ အမျိုးသမီးများ လစဉ်ဓမ္မတာချိန်ခါ ခံစားရတတ်သည့် ကိုက်ခဲနာကျင်ခြင်းမှ သက်သာ စေခြင်းတို့အတွက်လည်း ကောင်း၊ 
• အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ နှလုံးနှင့်ပတ်သက်သည့်ရောဂါများ ခံစားရခြင်း၊ အအေးမိနှာစေး ချောင်းဆိုးခြင်း၊ နာတာရှည်ဖျားနာခြင်း၊ အရေပြား ရောဂါများခံစားရခြင်း၊  စိတ်ဖိစီးခြင်းတို့မှ သက်သာစေရန်အတွက် လည်းကောင်း၊
• ပိတ်ချင်းတွင်ပါဝင်သည့် ပိုက်ပါရင်းဓာတ် (piperine) ကြောင့် ကပ်ပါး ကောင်များကို သေစေနိုင်ခြင်းနှင့် ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းကို သက်သာစေနိုင်ရန်အတွက်လည်းကောင်း ပိတ်ချင်းကို ဆေးဝါးအဖြစ် နည်းလမ်းမျိုးစုံအသုံးပြုကြသည် ဆို၏။

မြန်မာ့တိုင်းရင်းဆေးအလိုအရ အရှင်နာဂသိမ်ဆေးကျမ်းတွင် ဖော်ပြ ထားသည်မှာ ပိတ်ချင်းတွင် ပိတ်ချင်းငယ်၊ ပိတ်ချင်းမွှေး၊ ပိတ်ချင်းကြီးဟူပြီး အမျိုးအစား သုံးမျိုးရှိသည်ဟု ဆို၏။ ပိတ်ချင်းပင်၏ အရွက်၊ အသီးနှင့် အမြစ်ကို ဆေးအဖြစ် အသုံးပြုကြ၏။ စပ်၏၊ ပူ၏၊ ချို၏၊ ဝမ်းမီးကိုတောက်စေ၏၊ ကြေချက်စေ၏၊ သုတ်ကိုပွားစေ၏၊ ပြေပြစ်စေ၏၊ ဝမ်းသက်စေ၏၊ အသက်ရှည်စေ၏၊ လေသလိပ်ကို နိုင်စေ၏၊ ပန်းနာ၊ ချောင်းဆိုး၊ ဝမ်းဗိုက်နာ၊ အဖျား၊ နူနာ၊ ဂူလုံး၊ မြင်းသရိုက်၊ အဖျဥ်းထိုးအောင့်၊ အစာမကြေ လေပြိုရောဂါများကို ပျောက်ကင်းစေနိုင်၏။ အသီး စိမ်းကား ချို၏၊ အေး၏၊ ပြေပြစ်၏၊ ကြေခဲ၏၊ သလိပ်ကိုဖြစ်စေ၏၊ သည်းခြေကို ငြိမ်းစေ၏၊ အသီးခြောက်ကား သည်းခြေကို ဖောက် ပြန်စေ၏၊ အမြစ်သည် စပ်၏၊ ပူ၏၊ မြိန်စေ၏၊ ကြေလွယ်၏၊ ကြေစေ၏၊ ဝမ်းမီးတောက်စေ၏၊ သလိပ်လေကို ငြိမ်းစေ၏ဟု ဖော်ပြထား၏။

ပိတ်ချင်းကို များသောအားဖြင့် စားဖိုဆောင်ဟင်းခတ်အမွှေးအကြိုင် တစ်ဖြစ်လဲ ဆေးဖက်ဝင်ပရဆေးအဖြစ် အသုံးပြုကြသည့်အတွက် အလွယ်တကူ ဝယ်ယူရရှိနိုင်၏။
• ပိတ်ချင်းသည် ငရုတ်ကောင်းကဲ့သို့ မွှေးရနံ့ရှိပြီး ပူသည့်အရသာပိုကဲသည့်အတွက် အသီးခြောက်ကို အမှုန့်ပြုလုပ်ပြီး ဟင်းလျာများ အနံ့အရသာပိုမိုကောင်းမွန်စေရန်အတွက်  ထည့်သွင်းအသုံးပြုလေ့ရှိကြ၏။
• အခြောက်ခံထားသော ပိတ်ချင်းသီးတောင့်များကို နှစ်သက်ရာ အသား/ ငါး/ပင်လယ်စာများနှင့်အတူ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့် သွင်းချက်ပြုတ်စားသုံးတတ်ကြ၏။ ပိတ်ချင်းသီးလေးများကို ဝါးလိုက်မိ တိုင်း ရရှိလာသည့် မွှေးရနံ့နှင့်အတူ လျှာပေါ်တွင် ထူထူပူပူလေးခံစားချက်ကိုပါ ပေးစွမ်းနိုင်သည့် အတွက် ခံတွင်းပျက်နေသူများအသင့်လျော်ဆုံး ဟင်းလျာတစ်ခွက်ပင်ဖြစ်၏။
• ပိတ်ချင်းမှုန့်ကို ခပ်ကာရေနွေး ကြမ်းပြုလုပ်သောက်သုံးခြင်း၊ ဟင်းချို ရည်/ စွပ်ပြုတ်များထဲတွင် ထည့်သွင်း ချက်ပြုတ်ခြင်း၊ အသား/ငါးများ ရနံ့မွှေးအောင် နှပ်ရာတွင် ထည့်သွင်းခြင်း၊ နွားနို့၊ လက်ဖက်ရည်ထဲတို့တွင် ထည့်သွင်းဖျော်စပ်သောက်သုံးခြင်းဖြင့် အစားအစာများကို အနံ့အရသာ ပိုမိုပြည့်စုံစေသည့်အပြင် အစာကြေ၊ လေကြေစေနိုင်ခြင်း အကျိုးကျေးဇူးကိုပါ ရရှိနိုင်၏။
• ကရင်တိုင်းရင်းသားရိုးရာ တာလပေါ ဟင်းချက်သည့်အထဲတွင် ပိတ်ချင်းရွက် မပါမဖြစ်ပင်၊ ဟင်း၏ အနံ့ အရသာကို ပိုမိုပြီးပြည့်စုံစေပြီး ခံတွင်း မြိန်စေ၏။

သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ပိတ်ချင်းပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထား ပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံ ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ 

ကြေးမုံငယ်