စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၂) ၊ ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ စံသတ်မှတ်ခြင်း (အပိုင်း - ၅)

(ယခင်အပတ်မှအဆက်)
စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအပါအဝင်နိုင်ငံတကာ ထိပ်တန်း တက္ကသိုလ် များ (World-Class Top Universities) ကမ္ဘာကျော်ဖြစ်နေရခြင်း နောက်အကြောင်းရင်း တစ်ခုမှာ -
(င) ဂုဏ်ထူးဆောင်ပါမောက္ခများ (Professor Emeritus) နှင့် ထိပ်တန်း သုတေသန ပညာရှင်များ (Top Researchers) ခန့်ထားဆောင်ရွက်နေခြင်း
ဂုဏ်ထူးဆောင်ပါမောက္ခဆိုသည်မှာ တက္ကသိုလ်၊ သုတေသနဌာနများမှ အငြိမ်းစား ယူသွားသော အတွေ့အကြုံရှိသော ဆရာကြီး၊ ဆရာမကြီးများ၊ သုတေသနပညာရှင် အများစု ဖြစ်ပါသည်။ တစ်ချို့နိုင်ငံများ ဥပမာ - ဂျပန်နိုင်ငံဆိုလျှင် အသက် ၇၀-နှစ်အထိ၊ ဩစတေလျနိုင်ငံဆိုလျှင် မိမိလုပ်နိုင်သလောက် တက္ကသိုလ်များတွင် အလုပ်လုပ်လေ့ ရှိပါသည်။ ၂၀၁၇-ခုနှစ်က ကွင်းစလန်တက္ကသိုလ် တစ်ခေါက်ပြန်ရောက်သွားတော့ ကျွန်တော်ငယ်ငယ် ၁၉၈၇-ခုနှစ်တုံးက မဟာသိပ္ပံသုတေသနကြီးကြပ်ဆရာ ပါမောက္ခ ဒေါက်တာ ပက်ဘလိမ်းမီး (Professor Dr. Pax Blamey) နှင့် ပြန်တွေ့ခဲ့ရပါသည်။ သူ၏ အထူးပြု သီးနှံနှင့် ဘာသာရပ် - နေကြာနှင့် အလူမီနီယမ် အဆိပ်အတောက်ဖြစ်မှုကို (Sunflower and Aluminum Toxicity) တစိုက်မတ်မတ်လေ့လာခဲ့ပြီး နောက်ထပ် ပါရဂူဘွဲ့ကို ဆက်လက်လေ့လာတက်ရောက်ကာ ဂုဏ်ထူး ဆောင်ပါမောက္ခ အဖြစ် ဆက်လက်ထမ်းဆောင်လျက်ရှိပါသည်၊
နိုင်ငံတကာတက္ကသိုလ်များတွင် ဂုဏ်ထူးဆောင်ပါမောက္ခများ (တစ်ချို့က ဧည့်ကထိက - Visitng Lecturer)၏ အခန်းကဏ္ဍမှာ သူတို့၏ နှစ်ပေါင်းများစွာ အတွေ့ အကြုံရှိမှု (Experience)၊ ကောင်းရာညွှန်ပြနိုင်မှု (Mentorship)၊ မိမိလုပ်ခဲ့သော ဘာသာရပ်၊ လုပ်ငန်းများမှာ တစိုက်မတ်မတ်သိရှိမှု (Institutional Memory) များကနေ တက္ကသိုလ်များ၏ ဂုဏ်ကို မြင့်တင်ပေးနေပါသည်။ နိုင်ငံတကာ တက္ကသိုလ်များတွင် သူတို့၏ အခန်း ကဏ္ဏမှာ -
(င-၁) သုတေသနများတွင် အကူအညီပေးခြင်း (Research Contributions)
ဧည့်ပါမောက္ခအများစုက သူတို့ လုပ်လက်စ သုတေသနများ ဆက်လုပ်ကြခြင်း (Continuing their Research)၊ သုတေသနစာတမ်းများ ထုတ်ဝေခြင်း (Research Publications)၊ သုတေသန ပညာသင်ဆုရွေးချယ်ရာတွင် အကြံပြုဆုံးဖြတ်ပေးခြင်း (Secure Research Grants) စသည်တို့ဖြင့် တက္ကသိုလ်၏ ဂုဏ်ကိုဆောင်ပေးပါသည်။
(င-၂) အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ပေးခြင်း (Mentorships and Advicing)
သူတို့က ဌာနအတွင်း ဆရာ/ ဆရာမ အငယ်များ (Younger Faculty)၊ ဘွဲ့လွန် (မဟာ၊ ပါရဂူ) ကျောင်းသား/သူများ (Post-graduate Students)၊ ပါရဂူဘွဲ့လွန်သုတေသန ပညာရှင်များ (Post-doctoral Research fellows) ကို အတွေ့အကြုံများစွာ မျှဝေပေး ပါသည်။ (ကျွန်တော်သိသလောက် မြန်မာနိုင်ငံ စိုက်ပျိုး၊ မွေးမြူ၊ သစ်တောတက္ကသိုလ်များမှာ ပါရဂူဘွဲ့သင်တန်း အထိသာ အများဆုံးဘွဲ့ပေး သုတေသနလုပ်နေကြပြီး ပါရဂူဘွဲ့လွန်ဆက်လက်လုပ်ဆောင် နေသူမရှိသေးပါ။ ကျန်တက္ကသိုလ်များတွင်တော့ ရှိ မရှိမသိ ပါ။ နိုင်ငံအများစုတွင်တော့ ဤစနစ်က သုတေသန တစ်စိုက်မတ်မတ်လုပ်နေသော ပညာရှင်များစွာ ရရှိနိုင်ပြီး လိုအပ်သော သုတေသန အဖြေများစွာရရှိနိုင်ပါသည်။
(င-၃) အချိန်ပိုင်း စာသင်ပေးနိုင်ခြင်း (Part-time Teaching and Lecturing, Webinar & Seminar Presentation)
နိုင်ငံတကာတွင် အတွေ့အကြုံရှိသောဆရာ၊ ဆရာမကြီးများ၊ သုတေသနပညာရှင်ကြီးများက လူစွမ်းအားအရင်းအမြစ်နည်နေသောသက်ဆိုင်ရာ တက္ကသိုလ်ဘာသာရပ်များ ကို အချိန်ပိုင်းသင်ကြားရေးအနေဖြင့်လည်းကောင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့်လည်း ကောင်းကူညီပေးနေပါသည်။ဤနည်းအားဖြင့်လည်း တက္ကသိုလ်ဂုဏ်တက်အောင် ပြုလုပ်ပေးနိုင်ပါသည်။ စိုက်ပျိုးမွေးမြူရေး အပါ အဝင် မြန်မာနိုင်ငံ တက္ကသိုလ်များ အတွက်တော့ ဉာဏ်ပူဇော်ခ (Honorarium)၊ ကြိုဆိုသယ်ယူပို့ဆောင်ရေး၊ နေထိုင်ရေး ကအစ အခက်အခဲရှိနေသည်ဟု ယူဆရပါသည်။ ယနေ့ခေတ်ပေါ်နည်းပညာများ အရ မိမိအိမ်မှပင် စာသင်ကြား၊ဟောပြောပေးနိုင်သည့်စနစ်များ (Online Teaching System) ရှိနေပါပြီ။ကျွန်တော်သည်ပင် ရွှေရောင်လွင်ပြင် အဖွဲ့အစည်းအနေနှင့် ပြုလုပ်ပေးနေသော ဗဟုသုတမျှဝေခြင်း အစီအစဉ် (KSP – Knowledge Sharing Program) အရ နိုင်ငံတကာမှ ကျွန်တော့်ဆရာ၊ ဆရာမများ၊ မိတ်ဆွေပါမောက္ခ၊ သုတေသီများကို အွန်လိုင်း စနစ် (Zoom Application)ဖြင့် ဖိတ်ကြားဟောပြော၊ အတွေ့အကြုံမျှဝေပေးသည့် အစီအစဉ်များ စနေနေ့ည ၈ နာရီတိုင်း ပြုလုပ်ပေးနေသည်မှာ ၄ နှစ်ခန့်ရှိနေပါပြီ။ ကမ္ဘာကြီးက ကမ္ဘာရွာကြီးဖြစ်နေပါပြီ။
(င-၄) တက္ကသိုလ် လုပ်ငန်းများအားကူညီဆောင်ရွက်ပေးခြင်း (Institutional Services)
နိုင်ငံတကာတွင်သူတို့ကပညာရေးဆိုင်ရာကော်မတီများ(Academic Committee)၊ မူဝါဒချမှတ်ရေးဆိုင်ရာ ဆုံးဖြတ်မှုများ (Policy-making Discussions)၊ ကျောင်းသား ဟောင်းများလှုပ်ရှားမှုများ (Alumni Engagement) စသည်တို့တွင် တက်ကြွစွာ ပါဝင် လှုပ်ရှားလျက်ရှိပါသည်။
(င-၅) အများနှင့်ဆိုင်သောလုပ်ငန်းများတွင်ပါဝင်ပေးခြင်း (Public Engagement)
သူတို့သည် ကျောင်းသား/သူများအတွက် အများနှင့်ဆိုင်သော ဟောပြောပွဲများ (Public Debates)၊ တက္ကသိုလ်နှင့်ဆိုင်သော လူထုဆက်သွယ်ရေးနည်းလမ်းများနှင့် အကြံပြုချက်များ (Media and Advisory Roles)တွင် ပါဝင်ပေးသည်။
(င-၆) ရန်ပုံငွေရရှိရေးတနည်းတလမ်းမှ ကူညီဆောင်ရွက်ပေးခြင်း (Networking and Fund Raising)
သူတို့က နိုင်ငံတကာ တက္ကသိုလ်များနှင့် ဆက်ဆံရေး (International Relations)၊ သုတေသနနှင့် ပညာသင်ဆု ရရှိရေးများ (Research and Scholarships Fund Raising) ကို ကူညီဆောင်ရွက်ပေးနေပါသည်။
(င-၇) တက္ကသိုလ်၏ အရိုက်အရာ၊ မှတ်တမ်းမှတ်ရာ၊ သမိုင်းအဆောက်အဦများစွာ ကို ထိန်းသိမ်းပေးခြင်း (Archiving and Legal Building)
သူတို့က သမိုင်းမှတ်တမ်းမှတ်ရာတွေကို ထိန်းသိမ်းပြုပြင်ပေးသည်။ တက္ကသိုလ် ကောင်စီ (University Council)၊ စီမံခန့်ခွဲရေးဘုတ်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘွဲ့ရကျောင်းသားဟောင်းများ၏ တစ်ဦးချင်းစီ အဆောက်အဦ၊ အခန်းလှူဒါန်းမှုမှသည် နာမည်၊ ကဗ္ဗည်းထိုး မှတ်တမ်းတင်ပေးပါသည်။
(စ) နောက်တဖန် သင်ကြားရေးဆရာ/ဆရာမများ သာမကဘဲ တက္ကသိုလ်များတွင် သုတေသန ပညာရှင်ကောင်းများ (Highly Qualified Researchers) ရှိနေခြင်းက -
(စ-၁)နိုင်ငံအကျိုးပြုသုတေသနများပြုလုပ်ပေးနိုင်ခြင်း (Conducting Groundbreaking Research)
သက်ဆိုင်ရာပညာရပ်အလိုက် အခြေခံနှင့်အသုံးချသုတေသနများ (Fundamental and Applied Research) အချိန်ပြည့် လုပ်ဆောင်ပေးနိုင်ပါသည်။ နည်းပညာအသစ်များ၊ တီထွင်ဖန်တီးမှုအသစ်များဖြင့် ဘာသာရပ်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံမှ စဉ်းစားတွေးခေါ် နိုင်ပါသည်။သင်ကြားရေး၊ ဆရာ/မ များကဲ့သို့ အချိန်ကန့်သတ်မှု/စာသင်နေရမှု မရှိသဖြင့် နိုင်ငံတကာ၊ နိုင်ငံအတွင်းနေရာအနှံ့ သုတေသနပြုရန် သွားရောက်နိုင်သည့် အခွင့်အရေးရှိပါသည်။ ဂျာမနီက ကျွန်တော်၏ ပါရဂူဘွဲ့ကြီးကြပ်ဆရာ ပါမောက္ခ ဒေါက်တာ အင်ဒရီ ယာဘူးကပ် (Prof. Dr. Andreas Buerkert) ကတော့ သုတေသနကို တစိုက်မတ်မတ်၊ တမ်းတမ်းစွဲလုပ်နေသူဖြစ်၍ သူတို့တက္ကသိုလ်က သင်ကြားသည့်စနစ်ကို စာသင်နှစ်ဝက် တစ်ခုမှာစု၍ ၂-ဆ သင်ကြားနည်း (Block Teaching) ဥပမာ - စာသင်နှစ်ဝက် ၄-လမှာ တပတ် ၂-ချိန် အစား၊ ပထမ (သို့မဟုတ်) ဒုတိယ ၂-လမှာ တပတ် ၄-ချိန် သင်သော စနစ်ကိုကျင့်သုံးကာ ကျန်အားသောလများမှာ သုတေသနအတွက် တကမ္ဘာလုံး ပတ်၍ သွားနေပါတော့သည်။
(စ-၂) ဗဟုသုတကြွယ်ဝပြီး တက္ကသိုလ်အတွက်သုတေသနစာတမ်းပေါင်းများစွာ ထုတ်ဝေပေးနိုင်ခြင်း (Publishing and Disseminating Knowledge)
မိမိ၏ အချိန်အားလုံးလောက်နီးနီး သုတေသနနှင့် ဘွဲ့လွန်သင်တန်းသားကျမ်းကြီး ကြပ်မှုကိုသာအာရုံစိုက်ရသဖြင့်သုတေသနကောင်းများစွာရှာဖွေရရှိပါသည်။ နယ်သာလန်နိုင်ငံ ဗာဂန်နီကန် သုတေသနတက္ကသိုလ် (WUR – Wageningen University & Research) ကတော့ တက္ကသိုလ်နှင့်သုတေသနဌာနပူးပေါင်းသည့် စနစ် (University and Research People Merging Model) ကို တီထွင်ပြီး သုတေသနဘက်က စာသင်တာ ရာခိုင်နှုန်း နည်းနည်းလုပ်၊ တက္ကသိုလ်ဘက်က သုတေသနရာခိုင်နှုန်းနှင့် ကမ္ဘာ့ အကောင်းဆုံး စိုက်ပျိုး မွေးမြူရေးတက္ကသိုလ်ဆုကို နှစ်စဉ်ဆွတ်ခူးနေပါတော့သည်။ (ယခင်ဆောင်းပါးများတွင် ဖော်ပြပြီးဖြစ်ပါသည်။)
(စ-၃) ပြည်တွင်း၊ ပြည်ပမှ သုတေသနထောက်ပံ့ကြေးများ လွယ်ကူလျင်မြန်စွာ ရရှိ နိုင်ခြင်း (Securing Research Funding)
သုတေသနတွေများစွာလုပ်၊ စာတမ်းတွေ မကြာခဏရေးခြင်းအားဖြင့် မိမိ၏ ကိုယ်ရေး ရာဇဝင်တွင် (Biography) ကမ္ဘာသိဖြစ်လာကာ သုတေသနရန်ပုံငွေများ ရရှိမှု ပိုမိုသေချာ ပါသည်။
(စ-၄) ကျောင်းသားများနှင့် သုတေသနဝန်ထမ်းငယ်များ၏ စံပြပုဂ္ဂိုလ်ဖြစ်စေခြင်း (Supervising and Mentoring Students and Junior Researchers)
ဘွဲ့လွန်ကျောင်းသား/သူများကို သုတေသနကြီးကြပ်ပေးရင်း သုတေ သနဝန်ထမ်းငယ်များကို တွဲဖက်သင်ကြားပေးနိုင်သော အခွင့်အရေးရရှိနိုင်ပါသည်။
(စ-၅) ပုဂ္ဂလိက ကုမ္ပဏီ၊ ကော်ပိုရေးရှင်းများနှင့် မူဝါဒ ပိုင်းဆိုင်ရာပိုမိုထိတွေ့ ဆက်သွယ်နိုင်ခြင်း (Industry and Policy Engagement)
လက်တွေ့ဘဝတွင် ပုဂ္ဂလိကကဏ္ဍမှ သုတေသနပြဿနာများ (Research Problems)ကို သုတေသနပြု အဖြေရှာပေးနိုင်ပါသည်။ စာရေးသူတို့အဖွဲ့ ၂၀၁၈-ခုနှစ်က နယ်သာလန်နိုင်ငံလေ့လာရေးခရီးသွားစဉ်က နယ်သာလန်နိုင်ငံ နွားနို့ထုတ်လုပ်သော ကုမ္ပဏီကြီး ဖရီးလင်းကင်ပီနား (Friesland Campina) က ဗာဂန်နီဂန်တက္ကသိုလ် အတွင်း ရုံးခွဲလာဖွင့်ကာ လိုအပ်သမျှ သုတေသနကို ငွေကုန်ကြေးကျအကုန်ခံကာ ဆရာ၊ ကျောင်းသားများနှင့် ပူးတွဲလုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရပါသည်။
(စ-၆) ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ အဖြစ်သို့ရောက်ရှိသွားနိုင်ခြင်း (Enhancing Institutional Reputation and Global Rankings)
ဤသုတေသနပညာရှင်များကြောင့်ကမ္ဘာကအသိအမှတ်ပြု တက္ကသိုလ်၊ သုတေသနဌာန များ ဖြစ်သွားပါသည်။
(ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ်