ဘယ်လိုနည်းလမ်းတွေနဲ့ ငါးကို အစာကျွေးမလဲ

ဘယ်လိုနည်းလမ်းတွေနဲ့ ငါးကို အစာကျွေးမလဲ

feeding fish

ငါးမွေးမြူသူတွေအနေနဲ့ မိမိထည့်သွင်းမွေးမြူထားတဲ့ ငါးမျိုးစိတ်များနဲ့ ငါးမွေးမြူတဲ့နည်းစနစ်ပေါ်မူတည်ပြီး ငါးအစာကျွေးတဲ့နည်းလမ်း အမျိုးမျိုးရှိပါတယ်။ မိမိသတ်မှတ်ထားတဲ့ ပုံမှန်နေရာ ၄ နေရာ (သို့) ၆ နေရာမှာ အညီအမျှ ကြဲပက်ပြီး အစာကျွေးခြင်း၊ ကန်ဘောင်မှ ၆ ပေ (သို့) ၁၀ ပေခန့်ရှည်တဲ့ လူသွားလမ်း(သို့) တံတားပြုလုပ်ပြီး အစာကို  ကြဲပက်ခြင်း၊ ကန်အလယ်မှာ စင်လုပ်ပြီး ပက်ကျွေးမွေးခြင်း၊ အစာဗန်းလုပ်ပြီး ကျွေးခြင်း၊အရွယ်အစားကြီးတဲ့ကန် တွေအတွက် ကြိုး ၂ ချောင်း (သို့) ၃ ချောင်းကို ကန်ရဲ့ အရှည်အတိုင်းတားစေပြီး ၎င်းကြိုးလေးများ အရှည်အတိုင်းလှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါတယ်။

အစာကျွေးချိန်နှင့် အကြိမ်ရေ

ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်ရင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့  နှစ်ကြိမ် ကျွေးနိုင်ပါတယ်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင်ပမာဏ- ၅-၇ မီလီဂရမ်/၁ လီတာ) ငါးကန်ရေရဲ့အပူချိန် အတက်အကျဟာလည်း အစာစားနှုန်းကိုလျော့ကျစေပါတယ်။  (အကောင်းဆုံး အပူချိန်အတိုင်းအတာ ၂၅-၃၂ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေရဲ့အပူချိန်ဟာ ၂၀-၂၄ ဒီဂရီစင်တီဂရိတ်၊ ၁၆-၁၉ ဒီဂရီစင်တီဂရိတ်နဲ့ ၃၃-၃၈ ဒီဂရီစင်တီဂရိတ် အတွင်းရှိရင် ပုံမှန်ကျွေးနေကျ အစာပမာဏရဲ့  ၈၀ရာခိုင်နှုန်း၊ ၆၀ရာခိုင်နှုန်းအထိလျော့ပြီးကျွေးသင့်ပါတယ်။ မနက်ပိုင်းနေထွက်ပြီး  နှစ်နာရီခန့်အကြာမှာနေ့စဉ်ကျွေးရမယ့်  ပမာဏ ရဲ့ ၆၀-၆၅ရာခိုင်နှုန်း (တစ်နေ့လုံး  ကျွေးရမယ့် အစာရဲ့ တစ်ဝက်ကျော်)ကို ကျွေးပြီးညနေနေမဝင်မီ  နှစ်နာရီခန့်အလိုမှာ ကျန် ၃၅-၄၀ရာခိုင် နှုန်းကို ကျွေးသင့်ပါတယ်။  ငါးကန်ရေရဲ့ အရည်အသွေးဟာ မိုးဆက်တိုက် ရွာတဲ့နေ့တွေမှာ အပြောင်းအလဲမြန်တဲ့အတွက် ငါးများ အစာစားနှုန်းလျော့ကျလေ့ရှိပါတယ်။

အစာကျွေးချိန်တွင် ငါးကျန်းမာရေးအခြေအနေစစ်ဆေးခြင်း

အစာကျွေးချိန်မှာ ငါးများထင်သလောက်မတွေ့ရှိပါက ကျွေးတဲ့အစာကို မကြိုက်/မနှစ်သက်ကြောင်း သိနိုင်ပါတယ်။ ငါးအစာစားနည်းရတဲ့ အကြောင်းအရင်းတစ်ခုမှာ ရေအရည်အသွေးမကောင်းခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ငါးများကျန်းမာသန်စွမ်းမှုရှိ/မရှိ အခြေ အနေကို  ငါးနမူနာ ကောက်ယူတဲ့ အချိန်မှာလည်း စစ်ဆေး ကြည့်ရှုနိုင်ပါတယ်။  ဦးခေါင်းပိုင်းဟာ ကိုယ် ထည်ပိုင်းထက်ကြီးနေတဲ့ အနေအထား တွေ့ရှိရင်  အစာပြတ်လပ်မှု၊ မလုံလောက်မှု ဖြစ်နေကြောင်း သိရှိနိုင်ပါတယ်။အရည်အသွေးညံ့တဲ့ အစာ (ဗီတာမင်၊ သတ္တုဓာတ်နဲ့  အခြားအာဟာရဖြစ်စေတဲ့ ကုန်ကြမ်း များမပါဝင်တဲ့ငါးစာ)များသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားတာ ရပ်တန့်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ အမြီးများကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်းနိမ့်ဆင်းနေခြင်းစတဲ့ လက္ခဏာတွေဟာ ငါးများကျန်းမာသန်စွမ်းမှုရှိ၊ မရှိအခြေအနေကို ဆုံးဖြတ်တဲ့အခါ ထည့်သွင်း စဉ်းစားရမယ့်  အချက်ဖြစ်ပါတယ်။

အစာပမာဏ

အစာကျွေးရမယ့်ပမာဏဟာ ငါးရဲ့အလေးချိန်၊ ငါးအမျိုးအစားနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ  မူတည်ပါတယ်။  စကျွေးတဲ့အဆင့်မှာ ငါးရဲ့အလေးချိန်နဲ့ အစာကျွေးနှုန်းအချိုးအစားကို ရေပေါ်စာနဲ့ ရေမြုပ်စာနှစ်မျိုးလုံးအတွက် လိုက်နာ ဆောင်ရွက်သင့်ပါတယ်။ အဲဒီအဆင့်ကိုလွန်ရင် ရေပေါ်စာကို မိနစ်  ၃၀ ခန့်အတွင်း ငါးစားတဲ့  အစာပမာဏပေါ်မူတည်ပြီး အစာကျွေးနှုန်းကို သတ်မှတ်နိုင်ပါတယ်။  ဆိုလိုသည်မှာ အစာ ၆ ပိဿာခန့်ကျွေးပြီး နာရီဝက်ခန့်ကြာတဲ့အခါ ၇၀ ရာခိုင် နှုန်း(၄ပိဿာကျော်ခန့်) ငါးစားသုံးကြောင်းတွေ့ ရှိရပါက  နောက်ပိုင်းအစာ ကျွေးရင် ၎င်းနှုန်းအတိုင်း( ၆ ပိဿာ၏ ၇၀ရာခိုင်နှုန်း - ၄ ပိဿာကျော်)ဆက်ပြီး ကျွေးနိုင်ပါတယ်။  အကယ်၍  ငါးဟာ မိနစ်၃၀အတွင်း ကျွေးတဲ့အစာအားလုံး(၆ ပိဿာ-ဤဥပမာအရ) ကိုကုန်အောင် စားသုံးကောင်းစားသုံး  နိုင်မှာဖြစ်ပါတယ်။

အစာစိမ်း(အရွက်စိမ်း)ကျွေးနည်းစနစ်

မြက်စားငါးကြင်းနဲ့ ငါးခုံးမငါးမျိုးစိတ်တွေကို အခြားငါးမျိုးတွေနဲ့ ရောနှောမွေးမြူရင် အစာစိမ်း(မြက်/ အရွက်)များ ကျွေးခြင်းဟာ ငါးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ မြက်စားငါးကြင်းဟာ အစာစိမ်း  (အရွက်စိမ်း)  တွေကို ၎င်းခန္ဓာကိုယ်အလေးချိန်ရဲ့ ၄၀ မှ ၅၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို စားနိုင်ပါတယ်။  မြက်စားငါးကြင်းကို  အစာကျွေးရင်ရေပေါ်ပေါ်တဲ့ လေးထောင့်(သို့) အဝိုင်းပုံ ဘောင် ခတ်ပြီး ၎င်းဘောင်အတွင်း အစာ ကျွေးသင့်ပါတယ်။ အစာကျွေးမယ့်ဘောင်ကို ကန်ဘောင်မှ ၃ပေ မှ ၆ ပေကွာခန့်မှာ ထားနိုင်ပါတယ်။ ငါးစာကျွေးမယ့်  ဘောင်အကျယ် အဝန်းမှ ဝ ဒသမ ၃ ဧက ကျယ်ဝန်းတဲ့ ငါးကန်အတွက် ၃ ပေပတ်လည်ခန့် ရှိသင့်ပါတယ်။  ခုတ်စင်းထားတဲ့ အပင် အရွက်တွေကို ၎င်းအစာကျွေးဘောင်ထဲမှာ ထည့်ပြီး ကျွေးနိုင်ပါတယ်။ 

ဇော်ကြီး(ငါးဦးစီး)