သဘာဝကပေး အစာနှင့်ဆေး၊ စပါးလင်

သဘာဝကပေး အစာနှင့်ဆေး၊ စပါးလင်

lemon grass

သံပရာရနံ့ရှိပြီး စိတ်ရောကိုယ်ပါလန်းဆန်းစေသည့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိမ်တိုင်း၏ စားဖိုဆောင်တွင်အသုံးပြုကြသည့်  စပါးလင်သည် ဟင်းလျာများအတွက် ထူးခြား‌ကောင်းမွန်သောရနံ့နှင့် အရသာကို ပေးစွမ်းနိုင်၏။ ယင်း၏ ပင်စည်များနှင့် အရွက်နုများသည် တောင်အာရှနှင့် အရှေ့အာရှဒေသတစ်ဝှမ်းလုံးရှိ အစားအစာ ချက်ပြုတ်ပြင်ဆင်ခင်းကျင်းမှုတွင် လူသုံးအများဆုံးသော ဟင်းခတ်အမွှေး အကြိုင်တစ်ဖြစ်လဲ ဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်၏။ စပါးလင်ပင်၏ အင်္ဂလိပ်အမည်မှာ  Lemon grass ဟု ခေါ်ဆိုသကဲ့သို့  Oil grass, West Indian lemon grass နှင့် Fever grass ဟုလည်းခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ  Cymbopogon citratus ဟုခေါ်ဆိုပြီး မြက်မျိုးရင်းဝင် Poaceae တွင်ပါဝင်၏။ စပါးလင်ပင်သည် သမနွေးပိုင်းနှင့် အပူပိုင်းရာသီဥတုရှိသောဒေသများ၊ တောင်အာရှနှင့် အရှေ့တောင် အာရှတွင် သဘာဝအလျှောက် ပေါက်ရောက်သော အပူပိုင်းမြက်ပင်မျိုးဖြစ်ပြီး ယင်း၏ မွှေးရနံ့နှင့် ဆေးဖက်ဝင် အာနိသင်များကြောင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီး ယား၊ အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှနိုင်ငံများ၊ အာဖရိကနှင့် အမေရိကတိုက်ရှိ နိုင်ငံများအထိ  ပျံ့နှံ့စိုက်ပျိုးလာခဲ့ကြ၏။

စပါးလင်ပင်သည် မြက်မျိုးနွယ်ပင်ဖြစ်သည့်အလျှောက် တစ်ပင်နှင့်တစ်ပင် စုပြုံ၍ပေါက်လေ့ရှိ၏။ ယင်းသည်  အမြင့်သုံးပေခန့်အထိ ရှင်သန်ကြီးထွားနိုင်ပြီး ပင်ခြေမှ အပင်သစ်လေးများ ပွားများ ပေါက်ရောက်၏။ ‌သေးသွယ် ရှည်လျားပြီး တောက်ပသော အစိမ်းရောင် အရွက်များသည် ခပ်ရှရှချွန်သော ဘေးစွန်းများရှိ၏။   အပူပိုင်းရာသီဥတု၏ မိုးရွာသွန်းမှုကောင်းသော‌ဒေသများရှိ မြေသြဇာကောင်း သော၊ စိမ့်ဝင်သောသဲမြေများတွင် ကောင်းမွန်စွာပေါက်ရောက် ဖြစ် ထွန်း၏။

စပါးလင်ပင်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ရေဓာတ်တို့ကြွယ်ဝစွာ ပါဝင်၏။ သတ္တုဓာတ်များ အနေဖြင့် အိုင်းယွန်း၊ ဇင့်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်နှင့် ဖော့စဖရပ်စ်တို့ ပါဝင်ပြီး ဗီတာမင်များအဖြစ် ဖိုလိပ်နှင့် ဗီတာမင်စီတို့ ပါဝင်သကဲ့သို့ အဆီကြမ်း၊ ပရိုတင်းကြမ်းနှင့် ပြာမှုန့်တို့လည်း ပါဝင်၏။  လတ်ဆတ်သော စပါးလင် တစ်ပန်းကန်လုံးတွင် အစာစွမ်းအင် ၆၆ ဒဿမ ၃ ကယ်လိုရီ၊ ပရိုတင်း ၁ ဒဿမ ၂၂ ဂရမ်၊ အဆီ သုညဒဿမ ၃၃ ဂရမ်နှင့် ပိုတက်စီယမ် ၄၈၄ မီလီဂရမ်တို့ ပါဝင်၏။

စပါးလင်တွင် ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်း၊ ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ နာကျင်ကိုက်ခဲ မှုကို သက်သာနိုင်စွမ်း၊ ချောင်းဆိုးခြင်းနှင့် အအေးမိခြင်းကို သက်သာနိုင်စွမ်း၊ အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ် လျော့ နည်းနိုင်စွမ်းနှင့် ရနံ့မွှေးကုထုံးအာနိ သင်များရှိသည်။

ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များနာကျင်ခြင်း၊ ကူးစက် ရောဂါပိုးဝင်ခြင်း၊ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးရောဂါများ သက်သာစေရန်အတွက် စပါးလင် ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြ၏။

အစာခြေဖျက်နိုင်စွမ်းအားကောင်းစေရန်နှင့် ကိုယ်တွင်းရှိအပူဓာတ်များလျော့ကျစေရန် ချွေးထုတ်ခြင်းတို့အတွက် စပါးလင်ကို ဆေးအဖြစ် စားသုံးကြ၏။ 

ရာသီဖျား၊ တုပ်ကွေးဖျားဝေဒနာရှင်တို့အတွက် ချိုးရေပြင်ဆင်ရာ တွင်လည်းကောင်း၊ ကြပ်ထုပ်ထိုးရာ၌လည်းကောင်း စပါးလင်ကို ဆေးတစ်မယ်အဖြစ် ထည့်သွင်းကာ အသုံးပြုကြတတ်ကြ၏။

ရိုးရာတိုင်းရင်းဆေးပညာရပ်အရ စပါးလင်ကို အကိုက်အခဲဖျားနာပျောက်ဆေးအဖြစ်လည်းကောင်း၊ ကိုယ်တွင်းရောင်ရမ်းနာသက်သာစေရန်အတွက်လည်းကောင်း၊ ဘက်တီးရီးယားနှင့် မှိုရောဂါများကို ဆန့်ကျင်နိုင်သောဆေးအဖြစ် လည်း ကောင်း၊ အာရုံကြောစနစ် ပုံမှန်လည်ပတ်စေနိုင်ရန်လည်းကောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်းကောင်း၊ အဖျားရောဂါအမျိုးမျိုးအတွက်လည်းကောင်း၊ ချောင်းဆိုးခြင်းနှင့် နှာပိတ်ခြင်းတို့အတွက် သက်သာစေနိုင်စွမ်းတို့အတွက် ဆေးအဖြစ် အသုံးပြုကြ၏။

စပါးလင်လက်ဖက်ရည်ကြမ်းတစ်ခွက်တွင် အစာစွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ ဆိုဒီယမ်တို့ ပါဝင်၏။ စပါးလင်လက်ဖက်ရည်ကြမ်းကို သောက်သုံးခြင်းဖြင့် အစာကြေစေခြင်း၊ လေကြေခြင်း၊ သွား၊ သွားဖုံးနှင့် ခံတွင်းကိုကျန်းမာစေခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်ကြံ့ခိုင်စေခြင်း၊ပြင်ပမှရောဂါပိုးများ ကိုယ်ခန္ဓာအတွင်းသို့ မဝင်ရောက်နိုင်အောင်တားဆီးပေးခြင်း၊ သွေးနီဥ ထုတ်လုပ်ခြင်းအရေအတွက်ကို တိုးပွားစေရန် အထောက် အကူပြုခြင်း၊ သွေးအားနည်းရောဂါကို ဟန့် တားနိုင်ခြင်း၊ စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ သွေးဖိအားကို ပုံမှန်ဖြစ်စေခြင်း၊ အရေပြားကို ကျန်းမာစေခြင်းနှင့် ဆံကေသာနက်မှောင်တောက်ပြောင်စေရန် အထောက်အကူပြုနိုင် ခြင်း အစရှိသည့် ကျန်းမာရေး အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်၏။

စပါးလင်ကို အစားအသောက်နှင့် အဖျော်ယမကာများတွင် ထူးခြားကောင်းမွန်သောရနံ့ ရရှိစေရန် အသုံးပြုကြသည်။ စပါးလင်မှ ရနံ့မွှေးဆီ ထုတ်လုပ်ကာ ရနံ့မွှေးကုထုံးတွင် အသုံးပြုကြ၏။  စပါးလင်မှရရှိသော Citronella oil ကို ခြင်ပြေးဖျန်းဆေး၊ခြင်ပြေးလိမ်းဆေး၊ အင်းဆက်ပိုးသတ်ဆေးအဖြစ် ထုတ်လုပ်အသုံးပြုကြ၏။

စပါးလင်ကို ဟင်းခတ်အမွှေး   အကြိုင်အဖြစ်သာမက ဟင်းသီး ဟင်းရွက်အဖြစ်ပါ စားဖိုဆောင်တွင် နေ့စဥ် အသုံးပြု လေ့ရှိကြ၏။   

မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသည့် မုန့်ဟင်းခါးချက်လျှင် စပါးလင်သည် မပါမဖြစ်။ စပါးလင်ရနံ့သင်းသည့် မုန့်ဟင်းခါးဟင်းရည်ပူပူလေးနှင့် နံနက်ခင်းအတွက် အဆာပြေစားလိုက်ရမှ၊ မုန့်ဟင်းခါးဆိုလျှင် တစ်ရေးနိုးပဲ နှိုးကျွေးကျွေးစားမည်ဆိုသောအဖွဲ့များအတွက် စပါးလင်ကို နေအိမ်ခြံဝင်းအတွင်းတွင်သော်လည်းကောင်း၊ မြေအိုးလေးထဲတွင်လည်းကောင်း စိုက်ထားပါက လိုချင်သည့်အချိန် လတ်လတ်ဆတ်ဆတ် အလွယ် တကူ ခူးဆွတ် လိုက်ရုံပင်။

ယခုလို ရာသီပြောင်းချိန်မှာ ခံစားဖြစ်ပွားတတ်ကြသော တုပ်ကွေးဖျားနာ၊ နှာပိတ်၊ ချောင်းဆိုးခြင်း ဝေဒနာများအတွက် လတ်လတ် ဆတ်ဆတ်ခူးထားသော စပါးလင်ကို ရေဆေး၊ ပါးပါးလှီးကာ နှစ်သက်ရာ ကြက်သား/ငါး/ ပုစွန်/ ပုစွန်ခြောက်တို့နှင့် အတူရောပြီး သံပရာရည်ရွှဲရွှဲညှစ်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုတ် သီးစိမ်း ခပ်ပါးပါးညှပ်ပြီး ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်တို့နှင့် သမအောင် ရောနယ်ပေးပါ။ ပူပူရှိန်းရှိန်းမွှေးမွှေးလေး အနံ့အရ သာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့်  စပါးလင်သုပ်လေး ရပါပြီ။  ထမင်းဖြူနှင့်တွဲစားစား၊ ရေနွေး ကြမ်း ပူပူလေးနှင့် တွဲဖက်စေကာချွေးစို့ပြီး လျှာရင်းမြက်စေမည့် ထမင်းဝိုင်းအတွက် ဟင်းတစ်မယ်တိုးစေပြီ။

အသား/ငါး ဟင်းလျာများ ချက်ပြုတ်ရာတွင်လည်း စပါးလင်ကို ထုထောင်းထည့်ကာ ချက်ပြုတ်ခြင်းဖြင့် ဟင်းလျာ၏ ရနံ့ကို တိုးစေရုံမျှမက အာဟာရတန်ဖိုးကို မြင့်တက်လာစေကာ ခံတွင်းမြိန်စေ၏။

ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ စပါးလင် လက်ဖက်ရည်ကြမ်း သောက်ကြဖို့ ပြင်ဆင်ကြရအောင်...

  • လတ်ဆတ်သော စပါးလင် ၃ ပင်ကို ခူးဆွတ်ပြီးနောက် အပြင်ဖက်မှ ရင့်သည့်အဖတ်များကို ဖယ်ရှားပြီး သန့်စင်အောင် ရေဆေးပေးပါ။ အပေါ်ဘက်မှ အရွက်ပိုင်းများကို ဖယ်ရှားပြီး အောက်ဖက်မှ ပင်စည်နုနုတုတ်တုတ်လေးများကို တစ်လက်မအရွယ်ခန့်လှီးဖြတ်ထားပါ။ 

  • အရသာအတွက် သကြားထမင်း စားဇွန်း ၂ ဇွန်း၊ အနံ့အတွက် အကွင်းလိုက် လှီးထားသော သံပရာ/သံပယိုသီး ၅ ကွင်း နှင့် အတူ ရေသန့်လီတာဝက်တို့ကို အသင့်ပြင်ထားပေးပါ။

  • အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးလျှင် စပါးလင်ထည့်ပြီးငါးမိနစ်ကြာအောင် တည်ပေးပါ။ ထို့နောက်အပူချိန်ကို အလယ်အလတ်ထိလျှော့ချပြီး နောက်ထပ် ငါးမိနစ်တည်ပေးပါ။ 

  • ဖန်ခွက်ကြီးတစ်ခုထဲသို့ သကြားထည့်ကာပွက်ပွက်ဆူသော စပါးလင်ပြုတ်ရည်များကို ထည့်ပြီး သကြားပျော်သည်အထိမွှေပေးပါ။ (စပါးလင် အဖတ်များကို ဖယ်ရှားပေးပါ။) ခပ်‌နွေးနွေး သောက်သုံးလိုလျှင် သံပုရာရည်လေးညှစ်ပြီး သောက်သုံးနိုင်သကဲ့သို့ အအေးခံပြီးနောက် ရေခဲတုံးလေး များထည့်ကာ အအေးအဖြစ်လည်း သောက်သုံးနိုင်၏။

  • ဖယ်ရှားထားသော စပါးလင် ဖတ်များကို အရိုးပြုတ်ရည်များပြုလုပ်ရာတွင်သော်လည်းကောင်း/ အရည် သောက်ဟင်းလျာများ ချက် ပြုတ်ပြင်ဆင်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုနိုင်၏။

သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် စပါးလင်ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ် တနိုး တန်ဖိုးထား ပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင် ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်