တောင်စောင်းဒေသများတွင် လှေကားထစ်စိုက်ခင်း တည်ဆောက်ခြင်း

တောင်စောင်းဒေသများတွင် ရေရှည်မြေတိုက်စားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရေမြေ အနေအထား ဒေသရာသီဥတုအခြေအနေ၊ သီးနှံကြိုက်နှစ်သက်မှု၊ဒေသစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှုအခြေအနေအပေါ်မူတည်ပြီး လှေကားထစ်စိုက်ခင်းပုံစံမျိုးစုံ ပြုလုပ်လေ့ရှိကြပါသည်။ လျောစောင်းရာခိုင်နှုန်း ၂၀ နှင့်အထက်ရှိသော တောင်ပေါ်ဒေသများတွင် မြေဆီလွှာထိန်းသိမ်းရန် လှေကားထစ်များဖော်၍ စိုက်ပျိုးရန်လိုအပ်သော်လည်း မိုးရေရွာသွင်းမှုများပြီး အလွန်မတ်စောက်သောနေရာများတွင် လှေကားထစ်စိုက်ခင်းများ ပြုလုပ်လေ့မရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် သီးနှံအထွက်နှင့်အကျိုးအမြတ် ရရှိမှုနည်းပါးလာသဖြင့် ကုန်းမြင့်ဒေသရှိ တောင်သူများသည် ရေရှည်လှေကားထစ်ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းနှင့် နှစ်စဉ်လှေကားထစ် စိုက်ခင်းအသစ်များ ဖော်ဆောင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။
တောင်ပေါ်ဒေသတွင် စိုက်ပျိုးမည့်မြေအား မီးရှို့ခုတ်ထွင်ရှင်းလင်း၍ နှစ်အနည်းငယ် စိုက်ပျိုးပြီးနောက် ၁၀-၁၅ နှစ်ကျော်ခန့် မြေလှပ်ထားသည့်စနစ်ဖြစ်သည့် ရွှေ့ပြောင်းတောင်ယာစနစ် (swidden farming (or) Slash and burn agriculture(or) taungya system (or) jhum cultivation) ကိုလည်း ကျင့်သုံးကြပါသည်။ ရွှေ့ပြောင်းတောင်ယာစနစ်သည် ၁၉၉၁ ခုနှစ် ဝန်းကျင်တွင် ကမ္ဘာ့စိုက်ပျိုးမြေ၏ ၃၀ ရာခိုင်နှုန်းအား မြေဆီလွှာစီမံခန့်ခွဲခြင်းနည်းအဖြစ် အသုံးပြုခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း တောင်တန်းဒေသများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကုန်းမြင့်ဒေသတောင်သူများသည် ရွှေ့ပြောင်းတောင်ယာစနစ်အပေါ် မှီခိုခဲ့ကြပါသည်။ သို့သော် လက်ရှိကာလအပိုင်းအခြားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးအတွက် ရွှေ့ပြောင်းတောင်ယာစနစ် လျော့ချရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင်တောင်ပေါ်ဒေသများတွင် အကျိုးအမြတ်ရမည့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သည့်အဟန့်အတားများ (ဥပမာ- marginal land၊ လျောစောင်းရာခိုင်နှုန်း အလွန်များသောနေရာများနှင့် သီးနှံစိုက်ပျိုးရန်မသင့်တော်သည့် ဂေဟစနစ်များ) စသည်တို့ကို ထိန်းညှိသည့်ပုံစံအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေး (Agropastoral farming)ကို တွဲဖက်သည့်စနစ်ကို လုပ်ကိုင်လေ့ရှိပါသည်။
တောင်ပေါ်ကုန်းမြင့်ဒေသများတွင် သီးနှံများရွေးချယ်စိုက်ပျိုးရာ တွင် လျောစောင်းမတ်စောက်မှုရာခိုင်နှုန်းကိုလည်း ထည့်သွင်းစဉ်းသင့်ပါသည်။ တောင်စောင်းရာခိုင်နှုန်း (၀-၃ ရာနှုန်း) - လယ်စပါး၊ တောင်စောင်း (၃-၈ ရာနှုန်း)- ယာသီးနှံ၊ (၈-၁၅ ရာနှုန်း)- ယာသီးနှံနှင့် မြေဆီထိန်းပင်များ၊ တောင်စောင်း(၁၅-၃၀ ရာနှုန်း)နှစ်ရှည်ပင်များနှင့် တောင်စောင်း (၃၀-၃၅ ရာနှုန်း)-သစ်တော၊ သစ်ပင်များအား ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ SALT-1 စနစ်သည် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သည့် ဒေသများအတွက် အသင့်တော်ဆုံးစနစ် ဖြစ်ပါသည်။
အဆင့် (၁) A- frame (အေဖရိန်) ပြုလုပ်ခြင်း

SALT-1 စနစ်ပြုလုပ်ရာတွင် စိုက်ပျိုးမည့်မြေတွင် ကွန်တိုလိုင်းများသတ်မှတ်ရန်အတွက် ကွန်တိုလိုင်းများ ရှာဖွေရပါမည်။ ကွန်တိုလိုင်းများရှာဖွေရာတွင် အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးနည်းဖြင့် A-frame ရေချိန်ကိုအသုံးပြု၍ ရှာဖွေရန်ဖြစ်ပါသည်။ အေဖရိန်ရေချိန်သည် အင်္ဂလိပ် အက္ခရာ အေနှင့်တူသည့် ရေချိန်ပါသည့် ကိရိယာတစ်ခုဖြစ်ပါသည်။ ပထမဦးဆုံး အေဖရိန် ရေချိန်ပြုလုပ်ရန်လိုအပ်ပါသည်။ အေဖရိန်ရေချိန်ပြုလုပ်ရန်အတွက် အချင်း ၁ လက်မခွဲခန့်ရှိ၍ အရှည် ၆ ပေခွဲခန့်ရှိသည့် သစ်သား (သို့) ဝါး ၂ ချောင်း၊ အချင်း ၁ လက်မခွဲခန့်ရှိ၍ အရှည် ၃ ပေ ကျော်ခန့်ရှိသည့် သစ်သား(သို့) ဝါး ၁ ချောင်း၊ ၄ ပေ အရှည်ရှိ လက်သမားချိန်သီးပါ ကြိုးတစ်ချောင်း(သို့) လက်သမားရေချိန် တစ်ခုလိုအပ်ပါသည်။ ၆ ပေခန့်ရှိသည့် သစ် သားနှစ်ချောင်းကို ထိပ်တွင်စုချည်ပြီး အောက်ပိုင်းတွင် ၃ ပေခွာ၍ တြိဂံပုံပြုလုပ်ပါ။ ထို့နောက် အေပုံသဏ္ဌာန် ဖြစ်စေရန် ၃ ပေခွဲသစ်သားချောင်းကို အလယ်ပိုင်းတွင် ကန့်လန့်ဖြတ်၍ တပ်ဆင်ပါ။ အေပုံသဏ္ဌာန်ခိုင်မာအောင်ပြုလုပ်ပြီးပါက လက်သမားရေချိန်ကို ကန့်လန့်ဖြတ်သစ်သားချောင်းပေါ်တွင် တပ်ဆင်ပါ။
အဆင့် (၂) ကွန်တိုအမှတ်များ သတ်မှတ်ခြင်း

ကွန်တိုလိုင်းဆိုသည်မှာ ကုန်းမြင့်ဆင်ခြေလျောများတွင် အမြင့်တူသည့် အမှတ်များကို ဆက်ထားသောလိုင်းဖြစ်ပါသည်။ မှန်ကန်တိကျရန်လိုအပ်ပြီး မှားယွင်းပါက မြေဆီလွှာတိုက်စားခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင် သည်။ ပထမဦးစွာ ကွန်တိုလိုင်းရှာဖွေရမည်ဖြစ်ပြီး ကွန်တို အမှတ်သားများ ပြုလုပ်ရန်နှင့် အေဖရိန်ရွှေ့ရာတွင် လွယ်ကူစေရန် ပေါင်းမြက်များ၊ ခြုံပင်များကို ရှင်းလင်းရမည်။ အေဖရိန်ရွှေ့ရန် လူ ၁ ဦးနှင့် တုတ်ချောင်းကိုအသုံးပြု၍ ကွန်တိုအမှတ် အသားမှတ်ရန် လူ ၂ ဦး လိုအပ်ပါမည်။ ကွန်တိုလိုင်းများသတ်မှတ်ရာတွင်တောင်စောင်းစိုက်ခင်း၏အမြင့်ဆုံးနေရာမှ စတင် ဆောင်ရွက်ရပါမည်။ အေဖရိန်အားမြေပေါ်တွင် ငြိမ်အောင်ထားရပါမည်။ အေဖရိန်၏ နောက်ခြေထောက်ကိုမရွှေ့ဘဲ ရှေ့ခြေထောက်ကိုမရွှေ့ပြီး မြေ ပေါ်တွင်ထားလိုက်ပါက နောက်ခြေထောက်နှင့် Levelညီသွားမည် ဖြစ်ပါသည်။ အေဖရိန်လိုင်းသည် ရေပြင်ညီလိုင်းဖြစ်ပါသည်။ အေဖရိန် ခြေ ထောက်၂ ခုကြားအလယ်တန်းပေါ်ရှိ လက်သမားရေချိန်၏ လေဟာနယ်သည် အလယ်တည့် တည့်အမှတ်တွင်ရပ်သွားပါက အေဖရိန်၏ ခြေထောက် ၂ ချောင်းသည် ရေပြင်ညီနေပါသည်။ ခြေထောက် ၂ ခု ကျသည့်နေရာတွင် ကွန်တိုအမှတ်အသားများအား တုတ်ချောင်းရိုက်၍ မှတ်သားရပါမည်။ အေဖရိန်၏ နောက်ခြေထောက်အား အရင်အေဖရိန်၏ ရှေ့ခြေထောက်ကျ သည့် နေရာနှင့်တထပ်တည်းထား၍ အေဖရိန်အား ရှေ့သို့ရွှေ့ပါ။ အေဖရိန်၏ ရှေ့ခြေထောက်အား နောက်ခြေထောက်နှင့် Levelညီအောင် ညှိပါ။ (၂-၃)ပေ အကွာတိုင်းတွင် ကွန်တိုလိုင်း အမှတ်အသားများ တွေ့ရမည်ဖြစ်ပါသည်။ ဤနည်းအတိုင်း တောင်စောင်းစိုက်ခင်းတစ်ခုလုံးအား ကွန်တို လိုင်းများ သတ်မှတ်ပါ။
အဆင့် (၃) ကွန်တိုင်လိုင်းတစ်လျှောက်မြေပြုပြင်ခြင်း

မှတ်သားထားသည့်ကွန်တိုးလိုင်းတစ်လျှောက် ခြံစည်းရိုးပင်များစိုက်ပျိုးရန် ၃ ပေ အကျယ် ထယ်ထိုး၊ ထွန်မွှေ၍ မြေပြုပြင်ပါ။
အဆင့် (၄) ပဲမျိုးရင်းဝင် ခြံစည်းရိုးပင်/ မြေဆီထိန်းပဲပင်များစိုက်ပျိုးခြင်း

ဆင်ခြေလျှောတစ်လျှောက်စီးဆင်းလာသည့် ရေစီးအရှိန်ကိုထိန်းရန်နှင့် မြေနှင့်အတူပါလာ သောမြေများကို ထိန်းထားရန်အတွက် ခြံစည်းရိုးပင်/မြေဆီထိန်းပဲပင်များကို စိုက်ပျိုးရပါမည်။ ပဲမျိုးရင်းဝင်ခြံစည်းရိုးပင်များစိုက်ရန် စိုက်မြောင်း ၂ မြောင်းအား ၁ ပေ ခွဲခန့်ခွာ၍ ပြုုလုပ်ပါ။ မျိုးစေ့အား တစ်ကျင်းလျှင် ၂-၃ စေ့ထည့်၍ မြေပြန်ဖုံးပါ။ ဘောစကိုင်း Leucaena leucocephala ကို မြေဆီထိန်းအပင်အဖြစ် စိုက်ပျိုးမည်ဆိုပါက တစ်ညရေစိမ်ထားပြီးမှ စိုက်ပျိုးရမည် ဖြစ်ပါသည်။ နိုက်ထရိုဂျင် ဖမ်းယူပေးနိုင်သည့် မြေဆီထိန်းပင်များမှာ နိုက်ထရိုဂျင်ဖမ်းယူနိုင်မှု အကောင်းဆုံး စည်းရိုးတန်းအပင် များမှာ Flemingia macrophylla (ကျေးမြီးနီ), Desmodium rensonii (ပဲမျိုးဝင်), Gliricidia sepium (မြေပြန့်ချယ်ရီ) နှင့် Leucaena diversifolia (ဘောစကိုင်း) တို့ဖြစ်ပါသည်။ ထို့ပြင် Biomass ထွက်ရှိမှုအများဆုံး စည်းရိုးပင်အဖြစ် Calliandar calothyrsus ၊ Bauhinia purperea (စွယ်တော်) တို့ဖြစ်ပါသည်။
အဆင့် (၅) တစ်ကန့်ကျော်၍ မြေပြင်ခြင်း

စည်းရိုးတန်းပင်များစိုက်ပျိုးပြီးပါက သီးနှံပင်များစိုက်ပျိုးရန် မြေပြုပြင်ရပါမသည်။ မြေပြုပြင်ရာတွင် သီးနှံပင်များကို တစ်ကန့်ကျော်၍ စိုက် ပျိုးနိုင်ရန်အတွက် တစ်ကန့်ကျော်၍ (၂၊ ၄၊ ၆၊ ၈ စသည်)ဖြင့် မြေပြင်ပါ။ တစ်ကန့်ကျော်၍ မြေပြင်ခြင်းသည် အပေါ်ပိုင်းမြေပြင်ထားသည့်အပိုင်းမှ တိုက် စားမြေများသည့် မြေမပြင်ရသေးသည့်အကန့်တွင်လာစုမည်ဖြစ်ပြီး မြေမပြင်သည့် အကန့်မှ မြေများမြဲမြံစွာ ရှိနေသဖြင့် မြေဆီတိုက်စားမှုကိုသက်သာစေပါသည်။ နိုက်ထရိုဂျင် ဖမ်းယူပေးနိုင်သည့်စည်းရိုးကန့်ပင်များ ကြီးထွားလာပါက အကန့်တိုင်းတွင် စိုက်ပျိုးနိုင်ပါသည်။
အဆင့် (၆) နှစ်ရှည်သီးနှံစိုက်ပျိုးခြင်း

နိုက်ထရိုဂျင်ဖမ်းယူပေးသည့် စည်းရိုးကန့်ပင်များနှင့် တစ်ပြိုင် တည်း နှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးရပါမည်။ နှစ်ရှည်သီးနှံများကိုရွေးချယ်ရာ ရေမြေဒေသရာသီဥတု၊ ဈေးကွက် အပေါ်မူတည်၍ ရွေးချယ်စိုက်ပျိုးပါ။ နှစ်ရှည်စိုက်ပျိုးမည့် နေရာအားကွက်၍ မြေပြင်ခြင်း၊ ပေါင်းရှင်းခြင်း ဆောင် ရွက်ပါ။ နှစ်ရှည်သီးနှံပင်များအား စိုက်ခင်း၏ တတိမြောက်အကန့်တိုင်းတွင် စိုက်ပျိုးပါ။ ကော်ဖီ၊ ငှက်ပျော၊ ရှောက်၊ သင်္ဘောနှင့် အခြားအပင်အမြင့်တူသော သီးနှံများကို နှစ်ရှည်သီးနှံများအဖြစ်စိုက်ပျိုးပါ။ အပင်မြင့်သည့်သီးနှံများကို တောင်စောင်း၏ အောက်ခြေ အနိမ့် ပိုင်းတွင်စိုက်ပျိုး၍ အပင်အရပ်နိမ့်သောသီးနှံများကို တောင်စောင်းအပေါ်ပိုင်းတွင် စိုက်ပျိုးပါ။
အဆင့် (၇) ရာသီသီးနှံများစိုက်ပျိုးခြင်း

နှစ်ရှည်သီးနှံပင်များမှ ဝင်ငွေမရမီ အစားအစာနှင့် ဝင်ငွေရနိုင်သည့် သက်တမ်းတို/ရာသီ သီးနှံများကို နှစ်ရှည်သီးနှံအကန့်များကြားစိုက်ပျိုးပါ။ စိုက်ပျိုးသင့်သည့် သက်တမ်းတိုရာသီသီးနှံ များမှာ နာနတ်၊ ဂျင်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ စပါး၊ ဂျုံ၊ ပြောင်း၊ ပဲလွမ်းနှင့် ဟင်းသီးဟင်းရွက် စသည်တို့ဖြစ်ပါသည်။ အရိပ်ကျခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အပင်အရပ်နိမ့်သော အပင်များအား အပင်အရပ်မြင့်သည့် အပင်များနှင့် ဝေးရာတွင် စိုက်ပျိုးပါ။
အဆင့် (၈) စည်းရိုးကန့်ပင်များအား ကိုင်းဖြတ်ပေးခြင်း

မြေပြင်မှ စည်းရိုးကန့်ပင်မှ (၃-၄)ပေခန့်မြင့်လာလျှင် တစ်လ (၁) ကြိမ် ကိုင်းဖြတ်ပေးပြီး အရွက် များနှင့် ကိုင်းများကို သီးနှံပင်များ၏ အောက်ခြေတွင် ဖုံးအုပ်ပေးပါ။ ထိုသို့ဖုံးအုပ်ပေးခြင်း အားဖြင့် မြေတိုက်စားခြင်းကို ထိန်းသိမ်းပေးသည့်အပြင် နှစ်ရှည်သီးနှံပင်များနှင့် ရာသီသီးနှံပင်များ အတွက် သဘာဝမြေဩဇာရရှိစေနိုင်ပြီး ဓာတုမြေဩဇာများသုံးစွဲမှုအား လျော့ချပေးနိုင်ပါသည်။
အဆင့် (၉) သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း

ရာသီသီးနှံများကို အလှည့်ကျစိုက်ပျိုးပါ။ နှံစားသီးနှံ (ယာစပါး၊ ပြောင်း၊ နှံစားပြောင်း)၊ tuber သီးနှံ(ပီလောပီနှံ၊ ကန်စွန်းဥ)၊ အခြားသီးနှံ(နာနတ်၊ မြေထောက်ပဲ)နှင့် ပဲမျိုးရင်းဝင် (ပဲတီစိမ်း၊ မြေပဲ၊ ပဲပုပ်) စသည့် သီးနှံအုပ်စုများကို အလှည့်ကျစိုက်ပျိုးပါ။ သီးနှံမျိုးစုံ အလှည့်ကျစိုက် ပျိုးခြင်းအားဖြင့် မြေဆီလွှာအာဟာရဓာတ်များကောင်းလာပြီး မြေဆီလွှာ အခြေအနေကို ကောင်းမွန်စေပါသည်။ ပိုးမွှားရောဂါကျရောက်မှုကို သက်သာစေပြီး သီးနှံအထွက်နှုန်း တိုးစေပါသည်။
အဆင့် (၁၀) အမြဲစိမ်းလှေကားထစ်များဖြစ်အောင် ထိန်းသိမ်းခြင်း

အစားအစာဖူလုံစေပြီး အပိုဝင်ငွေရစေခြင်းထက် SALT စနစ်ကို ဆောင်ရွက်ခြင်း၏ ပို၍ အရေးပါသည့် အကျိုးကျေးဇူးမှာ (၂)တန်းထပ် နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်သည့် စည်းရိုးကန့်ပင် များကို ကွန်တိုအလိုက်စိုက်ပျိုးခြင်းနှင့် လှေကားထစ်စိုက်ခင်းများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် မြေဆီလွှာတိုက်စားခြင်းကို ထိန်းသိမ်းနိုင်ခြင်းဖြစ်ပါသည်။ လှေကားထစ်စိုက်ခင်းများ ဖြစ်ပေါ် လာပြီးနောက် သီးနှံအကြွင်းအကျန်၊ ရိုးပြတ်များ၊ အရွက်များ၊ ကိုင်းများ၊ ကျောက်တုံးနှင့် ကျောက်ခဲများအား စည်းရိုးကန့်အပင်များ၏ အောက် ခြေတွင်ထားပေးပါ။ ထိုသို့ပုံမှန်လုပ်ဆောင် ပေးခြင်းအားဖြင့် အချိန် ကြာမြင့် လာသည့်အခါ တောင်စောင်းစိုက်ခင်းများ၏ အဖိုးတန်မြေများကို မြဲမြန်စွာ၊ သဘာဝ အတိုင်း အစိမ်းရောင်လှပသည့် လှေကားထစ်များကို တည်ဆောက်ပြီးသား ဖြစ်လာပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် တောင်စောင်းဒေသ လူဦးရေထူထပ်လာ၍ မြေယာအသုံးချမှု တိုးပွား လာခြင်း၊ မြေယာပျက်စီးပြုန်းတီးမှု၊ ရေရှည်စိုက်ပျိုးနည်းစနစ်များ အသုံးပြုမှုနည်းပါးခြင်း၊ ပြင်ပသွင်းအားစု များကိုအားပေးမှုများပြားခြင်း၊ နည်းပညာဖြန့်ဝေနိုင်မှုအခက်အခဲတို့ကြောင့် တောင် ပေါ်ဒေသများတွင် မြေဆီလွှာပြုန်းတီးများ ကြုံတွေ့နေရပါသည်။ အဆိုပါအခက်အခဲများကို ကျော်လွှားရန်နှင့် ရေရှည်တောင်ပေါ်မြေဆီလွှာထိန်းသိမ်းရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စိုက်နည်းစနစ်များနှင့် သဘာဝအရင်းအမြစ်များကို အခြေခံသည့်စိုက်ပျိုးနည်းစနစ်နှင့် ရေရှည်မြေယာအသုံးချမှုစနစ်များကို အသုံးပြုရန်လိုအပ်ပါကြောင်း ဖော်ပြအပ်ပါတယ်ရှင်။
မြင့်မြင့်ထွန်း(မြေအသုံးချဌာနခွဲ)