စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၆)

(က) ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘားညို့စ် (UPLB, The Philippines)
ကျွန်တော် တက္ကသိုလ်မှာရှိစဉ်က ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ ပေးနေသော တက္ကသိုလ် ၂ ကျောင်းကို လေ့လာခဲ့ ရပါသည်။
ပထမတစ်ကျောင်းက မြန်မာကျောင်းသား၊ကျောင်းသူ ပေါင်းများစွာ တက်ရောက် ဘွဲ့ရလာခဲ့သော ကလာဘာဇွန်ဒေသ (Calarbarzon Region) လဂူးနားပြည်နယ်ခွဲ (Laguna Province) လော့ဘာညို့စ်မြို့ရှိ နာမည်ကြီး ဖိလစ်ပိုင်တက္ကသိုလ်၊ (University of The Philippines, Los Banos - UPLB) ပါ။
ဤတက္ကသိုလ်သည် သုတေသနအခြေပြုတက္ကသိုလ် (Research-based University) တစ်ခုဖြစ်ပါသည်။ဤတက္ကသိုလ်များသည်ပြောင်းလဲလာသည့် အဆင့်မြင့် ပညာရေး စနစ်သစ်နှင့်အညီ တက္ကသိုလ်များမှ နိုင်ငံတော်၏ လိုအပ်ချက်အလိုက် ပညာရှင် ဘွဲ့ရ များကို မွေးထုတ်ပေးရုံတင်မဟုတ်ဘဲ ဆက်စပ်နေသည့် ဘာသာရပ်များမှ လိုအပ်သည့် အသုံးချသုတေသနများ (Applied Research)၊ အခက်အခဲများ၊ ပြဿနာများကို အခြေခံသော သုတေသနများ (Problem-based Research)ဥပမာ - စိုက်ပျိုးရေး ပညာပိုင်းတွင် တောင်သူများတွင် ကြုံတွေ့နေသော အခက်အခဲများကို ဦးတည်၍ သုတေသနများ ပြုလုပ်ဆောင်ရွက်နေသည်ကို တွေ့ခဲ့ရပါသည်။
ဘွဲ့ကြိုနှင့် ဘွဲ့လွန်သုတေသနများတွင် အတွေ့အကြုံရှိနေသော ကျောင်းသား/သူ များ၏ ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူ) သုတေသနက ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါလိမ့်မည်။ တချို့တက္ကသိုလ်များတွင် ဥပမာ- ထိုင်းနိုင်ငံရှိ အာရှနည်းပညာတက္ကသိုလ် (Asian Institute of Technology, AIT)၊ အိန္ဒိယနိုင်ငံရှိ အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (Indian Agri-cultural Research Institute, IARI) တို့တွင် ဘွဲ့လွန်သင်တန်း များသာ လက်ခံသင်ကြားပေးပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာ သုတေသနကို အခြေခံသော အဆင့်မြင့်ပညာ သင်ကြားပေးရန်အတွက်ဟူ၍ ဆိုလိုပါသည်။ အဆင့်မြင့်ပညာသင် တက္ကသိုလ်များတွင်လည်း တိုင်းပြည်၏လိုအပ်ချက် (Country Needs) သင်ယူရသော ပညာများမှ အလုပ်အကိုင်ရရှိမှု (Job Opportunity)၊ တချို့နိုင်ငံများတွင် ဥပမာ - ဈေးကွက်သဘောအရ ဘွဲ့ကြို၊ ဘွဲ့လွန်ပညာများ သင်ကြားပေးခြင်းဖြင့် နိုင်ငံခြားမှ ကျောင်းသား/သူများ လာရောက်ကာ ကျောင်းလခ၊ နေထိုင်စရိတ်၊ စားစရိတ်တို့ပေး ခြင်းဖြင့် တိုင်းပြည်အတွက် ဝင်ငွေများစွာ ရရှိခြင်း (Income Generation) စသည်တို့ဖြစ် ပါသည်။ (ဥပမာ- မြန်မာနိုင်ငံတက္ကသိုလ်များတွင် မြန်မာစာကို နိုင်ငံခြားသားများအား သင်ပေးခြင်းဖြင့် ဝင်ငွေရရှိခြင်း)၊ တချို့သော တက္က သိုလ်များသည် ဘာသာရပ်ပေါင်းစုံကို လေ့လာသင်ကြား သုတေသနပြုနေသော တက္ကသိုလ်များ (Multi-disciplinary Approach; Comprehensive Universities) ဖြစ်သဖြင့် ဘာသာရပ်တစ်ခုတည်း ဦးတည် သင်ကြား၊ သုတေသနပြုနေသော တက္ကသိုလ်များထက် ဘာသာရပ်ပေါင်းစုံ စုပေါင်း သုတေသနပြုလုပ်ရသဖြင့် (Integrated research or Inter-disciplinary approach) ဘာသာရပ်ပေါင်းစုံ ချဲ့ထွင်နိုင်မှု အခွင့်အလမ်းပိုများပါသည်။တက္ကသိုလ် တော်တော်များ များတွင် ဘွဲ့ကြိုသင်တန်းများထက် ဘွဲ့လွန် (မဟာ၊ ပါရဂူ) ဘွဲ့သင်တန်းများက ဦးစား ပေး သင်ကြားပို့ချလျက်ရှိနေပါသည်။
ဖိလစ်ပိုင်တက္ကသိုလ်များတွင် မြို့တည်နေရာ အလိုက် တက္ကသိုလ် (၇) ကျောင်းရှိ ပါ သည်။ ယူပီ-မနီလာ (၁၉၀၈-ခုနှစ်စတင်တည်ထောင်) (UP-Manila, 1908)၊ ယူပီ-လော.ဘာညို့စ် (UP-Los Banos, 1909)၊ ယူပီ-ဗီစာရာ (UP-Visayas, 1918)၊ ယူပီ-ဒီလီမာန် (UP Diliman, 1949)၊ ယူပီ-ဘတ်ဂူယို (UP-Baguio, 1961)၊ ယူပီ-အဝေးသင် (UP-Open University, 1995)၊ ယူပီ- မင်ဒါနာအို (UP-Mindana0, 1995) တို့ရှိပါသည်။
ဖိလစ်ပိုင်တက္ကသိုလ် University of Philippines Los-Banos (UPLB) တွင် ကောလိပ် ၉ ခု၊ အဆင့်မြင့်ကျောင်း ၂ ကျောင်းရှိပါသည်။ ၁၉၀၉-ခုနှစ်မှ စတင်တည်ထောင် ခဲ့သော စိုက်ပျိုး၊ မွေးမြူရေးနှင့် အစားအစာ သိပ္ပံကောလိပ် - (College of Agriculture and Food Science)၊ ဝိဇ္ဇာသိပ္ပံကောလိပ် (College of Arts and Sciences)၊ ဖွံ့ဖြိုးမှု ဆက်သွယ်ရေးဆိုင်ရာကောလိပ် (College of Development Communication)၊ စီးပွါးရေးနှင့်စီမံခန့်ခွဲမှုပညာကောလိပ် (College of Economics and Management)၊ အင်ဂျင်နီယာနှင့်စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းကောလိပ် (College of Engineering and Agro-Industrial Technology)၊ သစ်တောနှင့်သဘာဝသယံဇာတကောလိပ် (College of Forestry and Natural Resources)၊ လူမှုရေးရာကောလိပ် (College of Human Ecology)၊ လူထုဆက်ဆံရေးပညာကောလိပ် (College of Public Affairs)၊ မွေးမြူကုသရေးဆိုင်ရာ ဆေးပညာကောလိပ် (College of Veterinary Medicine) နှင့် ပတ်ဝန်းကျင်သိပ္ပံ နှင့် အုပ်ချုပ်မှု နည်းပညာသင်တန်းကျောင်း (School of Environmental Sciences and Management) တို့ရှိပါသည်။ ဘွဲ့လွန် ကျောင်းသား/သူ ကိစ္စများ သီးသန့်ဆောင်ရွက်ပေးသော ဘွဲ့လွန်သင်တန်းကျောင်း (Graduate School) လည်းရှိပါသည်။ တက္ကသိုလ်၏ရည်မှန်းချက်မှာဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးပညာ နှင့် စိုက်ပျိုးရေး သုတေသန တို့ကိုတိုးတက် ထွန်းကားစေရန် (To Promote Agricultural Education and Agricultural Research in the Philippines) ရည်ရွယ်ပါသည်။
သုတေသနဌာန (Research/ Institute) များမှာ လယ်ယာမွေးမြူလုပ်ငန်းနှင့် မြေဆီလွှာ သုတေသနဌာန (Farming Systems and Soil Resources Institute) ၊ မွေးမြူရေးသိပ္ပံ သုတေသနဌာန (Institute of Animal Science)၊ အပင်မွေးမြူရေး သုတေသန ဌာန (Institute of Plant Breeding) ၊ အမျိုးသားသီးနှံကာကွယ်ရေးဌာန (National Crop Protection Center)၊ အစားအသောက်သိပ္ပံနှင့် နည်းပညာသုတေသန ဌာန (Institute of Food Science and Technology)နှင့် အမျိုးသားအဆင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒနှင့် ဇီဝနည်းပညာသုတေသနဌာန (National Institute of Molecular Biology and Biotechnology) တို့ဖြစ်ကြပါသည်။
(A) စိုက်ပျိုး၊ မွေးမြူရေးနှင့် အစားအစာ သိပ္ပံကောလိပ် ကြီးကြပ်မှု၏ အောက်တွင်
(က) စိုက်ပျိုးရေးနည်းစနစ်ဆိုင်ရာသိပ္ပံဌာနခွဲ(Agricultural Systems Institute- ASI)က
(က-၁)စိုက်ပျိုးရေးသိပ္ပံဘွဲ့(စိုက်ပျိုးပညာပေးရေးအဓိကဘာသာ) BS (Agriculture) Major in Agricultural Extension;
(က-၂)စိုက်ပျိုးရေးသိပ္ပံဘွဲ့ (စိုက်ပျိုးနည်းစနစ်အဓိကဘာသာ) BS (Agriculture) Major in Agricultural Systems (မြန်မာနိုင်ငံတွင်ဤအထူးပြုပညာဘွဲ့ မပေးနိုင်သေးပါ)
(က-၃) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းအဓိကဘာသာ)
BS(Agriculture) Major in Agroforestry (မြန်မာနိုင်ငံအတွက်လိုအပ်သောဘာသာရပ်ဖြစ်ပါသည်၊ ဘွဲ့ဒီဂရီ မပေးနိုင်သေးပါ)
(က-၄) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (မြေဆီလွှာသိပ္ပံ အဓိကဘာသာ) BS (Agriculture) Major in Soil Science; တို့ဘွဲ့ပေးပါသည်။
(ခ) သီးနှံသိပ္ပံ ဌာနခွဲ (Institute of Crop Science - ICS) က
(ခ-၁) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (လယ်ယာသီးနှံ စိုက်ပျိုးရေးအဓိကဘာသာ) BS (Agriculture) Major in Agronomy;
(ခ-၂) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးရေးအဓိကဘာသာ) BS (Agriculture) Major in Horticulture; တို့ဘွဲ့ပေးပါသည်။
(ဂ) မွေးမြူရေး သိပ္ပံဌာနခွဲ (Institute of Animal Science - ICS) က
(ဂ-၁) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (မွေးမြူရေးသိပ္ပံ အဓိကဘာသာ) BS (Agriculture) Major in Animal Science; တို့ဘွဲ့ပေးပါသည်။
(ဃ) အစားအသောက်သိပ္ပံနှင့်နည်းပညာ ဌာနခွဲ (Institute of Food Science and Technology - IFST)၊ က
(ဃ-၁)အစားအသောက်သိပ္ပံနှင့်နည်းပညာဘွဲ့(အစားအသောက်ဓာတုဗေဒအဓိကဘာသာ)BS(Food Science and Technology) Major in Food Chemistry;
(ဃ-၂) အစားအသောက်သိပ္ပံနှင့်နည်းပညာဘွဲ့ (အစားအသောက် အဏုဇီဝဗေဒအဓိကဘာသာ) BS (Food Science and Technology) Major in Food Microbiology;
(ဃ-၃) အစားအသောက်သိပ္ပံနှင့်နည်းပညာဘွဲ့ (အစားအသောက် အင်ဂျင်နီယာအဓိကဘာသာ) BS (Food Science and Technology) Major in Food Engineering; တို့ဘွဲ့ပေးပါသည် (မြန်မာနိုင်ငံတွင်ဤ အထူးပြုပညာဘွဲ့ မပေးနိုင်သေးပါ)။
(င) ပေါင်းသိပ္ပံ၊ ကိမိလဗေဒနှင့် အပင်ရောဂါဗေဒ ဌာနခွဲ (Institute of Weed Science, Entomology and Plant Pathology - IWEP) က
(င-၁) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (ကိမိလဗေဒအဓိကဘာသာ) BS (Agriculture) Major in Entomology;
(င-၂) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (အပင်ရောဂါဗေဒအဓိကဘာသာ) BS (Agriculture) Major in Plant Pathology;
(င-၃) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (ပေါင်းသိပ္ပံပညာ အဓိကဘာသာ) BS (Agriculture) Major in Weed Science; တို့ကိုဘွဲ့ပေးပါသည်။
ထို့အပြင် ဌာနများစုပေါင်း၍ စိုက်ပျိုးရေး ဆိုင်ရာဇီဝနည်းပညာဘွဲ့ BS (Agricultural Biotechnology) နှင့် စိုက်ပျိုးရေးဆိုင်ရာဓာတုဗေဒဘွဲ့ BS (Agricultural Chemistry) တို့ကို သင်ကြား၍ ဘွဲ့ပေးလျက်ရှိနေပါသည်။
(B) ဝိဇ္ဇာသိပ္ပံကောလိပ် (College of Arts and Sciences) မှ နေ၍
(က) သိပ္ပံဘွဲ့ (စာရင်းအင်းပညာ) BS (Statistics/Biostatistics) (မြန်မာနိုင်ငံအတွက် လိုအပ်သော ဘာသာရပ်ဖြစ်ပါသည်၊ စီးပွားရေးတက္ကသိုလ်က ပေးသော B.Econ. (Statistics)ဘွဲ့မှာ လူမှုရေးသိပ္ပံပညာ (Social Science) အတွက်သာဖြစ်နေသဖြင့် ဇီဝသိပ္ပံသမား (Biological Science) များအတွက်
ဤဘွဲ့သည်လည်း အရေးတကြီး လိုအပ်ပါသည်)
(ခ) သိပ္ပံဘွဲ့ (ဇီဝဗေဒ) BS (Biology) သိပ္ပံဘွဲ့ (ရုက္ခဗေဒ)/(သတ္တဗေဒ) အပြင် (ဇီဝဗေဒဘာသာအထူးပြု မြန်မာနိုင်ငံတွင်လည်းလိုအပ်ပါသည်)
(ဂ) သိပ္ပံဘွဲ့ (ဓာတုဗေဒ) BS (Chemistry)
(ဃ) သိပ္ပံဘွဲ့ (သင်္ချာနှင့်အသုံးချသင်္ချာ ) BS (Maths and Applied Mathematics)
(င) သိပ္ပံဘွဲ့ (အသုံးချရူပဗေဒ) BS (Applied Physics)
(စ) သိပ္ပံဘွဲ့ (ကွန်ပျူတာသိပ္ပံ) BS (Computer Science)
(ဆ) ဝိဇ္ဇာဘွဲ့ (ဆက်သွယ်ရေးပညာ) BA (Communications Arts) (ကျွန်တော့်အထင် မြန်မာနိုင်ငံတွင်မရှိသေးပါ)
(ဇ) ဝိဇ္ဇာဘွဲ့ (လူမှုရေးပညာ) BA (Sociology) (ကျွန်တော့်အထင် မြန်မာနိုင်ငံတွင် မရှိသေးပါ)
(ဈ) ဝိဇ္ဇာဘွဲ့ (ဒသနိကဗေဒ) တို့ ပေးအပ်နေပါသည်။
(C) ဖွံ့ဖြိုးမှုဆက်သွယ်ရေးဆိုင်ရာကောလိပ် (College of Development Communication) မှ
(က) သိပ္ပံဘွဲ့ (ဖွံ့ဖြိုးရေးဆိုင်ရာ ဆက်သွယ်မှု) BS (Development Communication) (ကျွန်တော့်အထင် မြန်မာနိုင်ငံတွင်မရှိသေးပါ) ဘွဲ့ပေးပါသည်။
(D) စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာကောလိပ် (College of Economics and Management) က
(က)သိပ္ပံဘွဲ့ (စိုက်ပျိုးစီးပွားရေးနှင့် အသုံးချစီးပွားရေးပညာ) BS (Agricultural and Applied Economics)
(ခ) သိပ္ပံဘွဲ့ (စီးပွားရေးပညာ) BS (Economics)
(ဂ) သိပ္ပံဘွဲ့ (စိုက်ပျိုးရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးနှင့်စွန့်ဦးတီထွင်မှုလုပ်ငန်းပညာ) BS (Agribusiness Management and Entrepreneurship) ဘွဲ့ပေးပါသည်။
(E) အင်ဂျင်နီယာနှင့်စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းကောလိပ် (College of Engineering and Agro-Industrial Technology) မှ
(က) သိပ္ပံဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာနှင့် ဇီဝစနစ်အင်ဂျင်နီယာပညာ) BS (Agricultural Engineering and Biosystems Engineering) စိုက်ပျိုးရေးအင်ဂျင်နီယာ ဘွဲ့သင်တန်းများကိုတော့ မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်များတွင်ဖွင့်လှစ်ပြီး ဒုတိယ၊ တတိယနှစ်တန်းအထိ ရောက်နေပြီဟု ထင်ပါသည်၊ စိုက်ပျိုးရေးအင်ဂျင်နီယာနှင့် ဇီဝစနစ်အင်ဂျင် နီယာပညာ ဘွဲ့လွန်သင်တန်းများကိုတော့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အပါအဝင် မဖွင့်လှစ်နိုင်သေးပါ။ အလွန်နောက် မကျခင် အလျင်အမြန် သုတေသနများ စွာပြုလုပ်ပြီး ဘွဲ့လွန်သင်တန်းများ၊ တောင်သူလယ်သမားကြီးများ၏ စက်မှုလယ်ယာ၊ ကြိတ်ခွဲမှု ပြဿနာ အခက်အခဲများကို အခြေခံသော ဘွဲ့လွန် သုတေသနများစွာ ပြုလုပ်သင့်ပါပြီ။
(ခ) သိပ္ပံဘွဲ့ (စက်မှုလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာပညာ) BS (Industrial Engineering)
(ဂ) သိပ္ပံဘွဲ့ (မြို့ပြအင်ဂျင်နီယာပညာ) BS (Agricultural Engineering and Biosystems Engineering)
(ဃ) သိပ္ပံဘွဲ့ (စက်မှု အင်ဂျင်နီယာပညာ) BS (Industrial Engineering)
(င) သိပ္ပံဘွဲ့ (ဒြပ်ပစ္စည်းဆိုင်ရာ အင်ဂျင်နီယာပညာ) BS (Materials Engineering)
(စ) သိပ္ပံဘွဲ့ (ဓာတု အင်ဂျင်နီယာပညာ) BS (Chemical Engineering) နှင့်
(ဆ)သိပ္ပံဘွဲ့(လျှပ်စစ် အင်ဂျင်နီယာပညာ) BS (Electrical Engineering) စသည့်ဘွဲ့များ ပေးပါသည်။
ဒေါက်တာမျိုးကြွယ်