ရေကြီးရေလျှံမှု လျော့ကျရေး၊ ဆည်မြောင်းတာတမံ ဝိုင်းဝန်းထိန်းသိမ်းပေး

ရေကြီးရေလျှံမှု လျော့ကျရေး၊ ဆည်မြောင်းတာတမံ ဝိုင်းဝန်းထိန်းသိမ်းပေး

PaungLaung

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။ ထိုသို့ဖြစ်ပေါ်လာသောသဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလည်း တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရသည်။ သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်အောင် တားဆီးမှုမပြုလုပ်နိုင်သော်လည်း သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးသက်သာအောင် အားလုံးပူး ပေါင်းဆောင် ရွက်နိုင်ကြမည်ဖြစ်ပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်းနှင့် အနောက်မြောက်ပိုင်းတို့တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်တို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ်မြင့်တက်ကာ နေပြည်တော်ကောင်စီနယ်မြေ၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၁၆ ရက်နေ့ ကောက်ယူသော စာရင်းများအရ ရုံး/ဌာန အဆောက်အအုံ ၁၁၇ လုံး၊ စာသင် ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးကာ စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧကကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် ခြောက်သွေ့နေသော မြေနေရာများသို့ ရေစီးဆင်းမှုကြောင့် နစ်မြုပ်သွားခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ ရေကြီးမှုဆိုင် ရာ ညွှန်ကြားချက်၏ အဆိုအရ ပုံမှန်အားဖြင့် ရေဖုံးလွှမ်းမနေသော မြေများ ရေဖုံးလွှမ်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

ရေစီးဆင်းမှုဆိုရာတွင် လှိုင်းများကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခြင်းလည်းပါဝင်သည်။ ရေရှိရာနေရာများဖြစ်သော မြစ်နှင့်ရေကန်များတွင် တာရိုးများပေါ် ရေကျော်ခြင်းနှင့် တာရိုးကျိုးပျက်ခြင်းတို့ကြောင့် ရေလျှံကျပြီး အချို့ရေများ ၎င်းတို့ပုံမှန်တည်ရှိရာနယ်နိမိတ်မှကျော်လွန် ထွက်သွားသည့်အခါတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်တတ် သည်။ 

ထို့အပြင် ရေစိမ့်မဝင်နိုင်သော မြေများပေါ်တွင် မိုးရေများ အများအပြား ကျရောက်ခြင်းကြောင့်လည်း ရေလွှမ်းမိုးမှုဖြစ်နိုင်သည်။ မြစ်များအတွင်း ရေစီးနှုန်းမှာ မြစ်ကြောင်း၏ ရေထိန်းနိုင်မှုပမာဏကို ကျော်လွန် သွားသည့်အခါတွင်လည်း ရေလျှံမှုဖြစ်ပေါ်တက်ပြီး ပုံမှန်အားဖြင့် မြစ်ကွေ့မြစ်ကောက်များတွင် ဖြစ်ပေါ်တတ်ကြောင်းသိရသည်။

ယင်းသို့ ရေကြီးရေလျှံမှုများကို ကာကွယ်ပေးရန် အပါအဝင် စိုက်ပျိုးရေ/သောက်သုံးရေရရှိရေး၊ မြေအောက်ရေရရှိရေး၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းတွင်ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်းထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရေကြီး ရေလျှံမှုကို အထိုက် အလျောက်ကာကွယ်ပေးရန်နှင့် ပြည်တွင်းစားနပ် ရိက္ခာဖူလုံရေး၊စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတစ်ဝန်းတွင် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း ရေအားအဆောက်အုံ ၈၈၀ ခုကို ထိန်းသိမ်းထားရှိကာ စိုက်ပျိုးရေပေးဝေနိုင်သည့် စိစစ်ဧကပေါင်း ၃၁ သိန်းကျော် ရှိကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ဆည်ပေါင်း ၂၄၆ ခုမှ  ၅၄ ခုတွင် ရေပိုလွဲမှ ရေကျော်ခြင်းသာဖြစ်ခဲ့သည်။ ယင်းရေကျော်မှုများသည် စိုးရိမ်စရာ အခြေအနေမရှိကြောင်းကိုလည်း သက်ဆိုင်ရာဌာနက ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများသည် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဖြစ်ပေါ်လာသော မိုးတိမ်များမှ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းနှင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် တည်ရှိသော မြစ်ချောင်းနှင့် မြောင်းများ တိမ်ကောကျဉ်းမြောင်းလာခြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တိုးတက်များပြားလာသော လူဦးရေအတွက် နေရာချဲ့ထွင်ခြင်း၊ ချောင်းနှင့်မြောင်းများအတွင်း ရေစီးဆင်းနှုန်းအား လျော့ပါးစေနိုင်သည့် သီးနှံများ စိုက်ပျိုးခြင်းတို့ကြောင့် ပုံမှန် စီးဆင်းရမည့် ရေများ မစီးဆင်းနိုင်တော့ဘဲ ရေလျှံမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်လည်း ဆည်များ တည်ဆောက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေး အန္တရာယ်များကို ကြိုတင်တွက်ချက် ကာ တည်ဆောက်ထားခြင်းဖြစ်ပြီး အခြေအနေအရ ရေကျော်မှုများဖြစ်ပေါ်လာပါကလည်း ရေထုတ်မြောင်းများနှင့် ကျော်ကျလာသော ရေများကို တာတမံများနှင့် ရေလွှဲဆည်များ တည်ဆောက်ကာ ရေကြီးရေလျှံမှု သက်သာစေရန် ဆောင်ရွက်ထားကြောင်းသိရသည်။ 

ထိုမှတစ်ဆင့်ရေများကို မြစ်များအတွင်း ရေများ လျင်မြန်စွာ စီးဆင်းနိုင်ရေးအတွက် ချောင်း၊ မြောင်းများတူးဖော်ခြင်း၊ရှိပြီးသားချောင်း မြောင်းများကိုလည်း ရေစီးရေလာ ကောင်းမွန်စေရန် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို  နှစ်စဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်မှု မရှိစေရေးအတွက်အများပြည်သူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ချနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ဇော်လင်းထွဋ်