မွေးမြူရေးငါးများစားသော အစာအမျိုးအစားများနှင့် အစားစားပုံအလေ့အထများ

မွေးမြူရေးငါးများ၏ အာဟာရဓာတ်လိုအပ်မှုသည် ငါးအမျိုးအစားအလိုက်ကွာ ခြားမှုရှိပါသည်။
ဥပမာအားဖြင့် အသားစားငါးအုပ်စုဝင်ငါးခူများ၏ အသားဓာတ်လိုအပ်ချက်မှာ ၄င်း၏အစားအစာတွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ရန် လိုအပ်ပါသည်။ထို့အတူ အသီးအရွက်စားငါးအုပ်စုဝင်ငါးများအတွက်၄င်းတို့၏ အစား အစာတွင် အသားဓာတ် ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်ရန် လိုအပ်ပါသည်။
မွေးမြူရေးငါးများ၏ အစာစားပုံအလေ့အထများ
မွေးမြူရေးငါးများ၏ အစာစားပုံ အလေ့အထအရ ငါးများအား အောက်ပါအတိုင်း အုပ်စုများ ခွဲခြား ထားနိုင်ပါသည်။
•အသီးအရွက်စားငါးများ(ဥပမာ-တီလားပီးယား၊မြက်စားငါးကြင်း)
•အသားစားငါးများ(ဥပမာ-ငါးခူ၊ကကတစ် စသည်များ)
•အစုံစားသတ္တဝါများ(ဥပမာ-ငါးကြင်း အုပ်စုဝင်ငါးများ)
•အပင်နှင့် သတ္တဝါမျှောလှေးစားငါးများ(ဥပမာ-ငွေရောင်ငါးကြင်း)
•ကန်အောက်ခြေမှ အညစ်အကြေးများ စားသုံးသည့်ငါးများ(ဥပမာ- မိုဇမ်ဘစ်တီလားပီးယား) ဟူ၍ ရှိသည်။
မွေးမြူရေးငါးများစားသော အစားအစာအမျိုးအစားများ
မွေးမြူရေးငါးများ၏ အစားအစာများအား အောက်ပါအတိုင်းအုပ်စုများ ခွဲခြားနိုင်ပါသည်။
(က) သဘာဝအစားအစာများ
(ခ) ဖြည့်စွက်အစားအစာများ
(ဂ) စပ်စာများ
(ဃ) တစ်နိုင်တစ်ပိုင်မွေးကန်များတွင်ပြုလုပ်သော စပ်စာ
(င) စက်ရုံများမှ ထုတ်လုပ်သော စပ်စာအစာတောင့်များဟူ၍ ဖြစ်သည်။
(က)သဘာဝအစားအစာများ
၄င်းအုပ်စုသည် ငါးများအတွက် အကောင်းဆုံး အစားအစာများဖြစ်ပြီး အဓိကအားဖြင့် အပင်မျှောလှေး များ၊သတ္တမျှောလှေးများ၊ကန်အောက်ခြေလွှာတွင်နေထိုင်ကျက် စားသည့် ခရုများ၊ ရေတီများ၊ အင်း ဆက်များနှင့်အင်းဆက်သား လောင်းများ၊ရေအောက်အပင်ငယ်များ စသည်တို့ ပါဝင်ပါသည်။
ငါးသည် အသားစားငါးအမျိုးအစားဖြစ်ပါက ငါးငယ်ကလေးများသည် ၄င်းတို့၏ အစားအစာပင်ရင်း ဖြစ်ပါသည်။အချို့ငါးများသည် အစား အစာ တစ်မျိုးတည်းကိုသာ စားသုံးကြပြီး အချို့မှာ တစ်မျိုးထက်ပိုမို သော အစားအစာများကို စားသုံးလေ့ရှိပါသည်။

(ခ)ဖြည့်စွက် အစားအစာများ
ငါးများအား ဖြည့်စွက်စာအဖြစ်ကျွေးမွေးသော အစားအစာများ ဖြစ်ပါသည်။ အများစုမှာ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများဖြစ်သော ဖွဲနု၊ ပဲဖတ် စသည်တို့ဖြစ်သော်လည်း ငါးများစားသုံးသောအစားအစာများမှာ အများအပြားရှိပါသည်။မွေးမြူထားသော ငါး၏အမျိုးအစားအပေါ်တွင် မူတည်ပြီး ထမင်းကျန်များ၊ဆန်ကွဲများ၊ ပေါင်မုန့်အပိုင်းအစများ၊ ဖွဲနု၊ငါးအသားမှုန့်၊ ပြောင်းဖူးအစေ့များ၊ ဂျုံကြမ်း၊ ဘာလီစပါး၊ စပါးအရိုင်း၊ အာလူး၊ ပဲပုတ်ကြိတ်ဖတ်များ၊ ပဲဖတ်၊ ပြောင်းဖူးကြိတ်ဖတ်များ၊ ဝါစေ့ဆီကြိတ်ဖတ်များ၊အုန်းဆီ ကြိတ်ဖတ်၊ပိုလျှံသောတိရစ္ဆာန်အသားများ၊ တိရစ္ဆာန်မစင်အညစ်အကြေးများ စသည်ဖြင့် အမျိုးအစားစုံလင်သော ပိုလျှံဘေးထွက်ပစ္စည်းများအားဖြည့်စွက်စာအဖြစ်ကျွေးမွေးနိုင်ပါသည်။
(ဂ)စပ်စာများ
စပ်စာများသည် ငါးများစားသုံးရန်အတွက် ဖော်စပ်ထားသော အစားအစာများ ဖြစ်ပါသည်။
၄င်းတို့အားနှစ်ပိုင်းခွဲခြားနိုင်ပါ သည်။ တစ်နိုင်တစ်ပိုင်ငါးမွေးကန်တွင် ပြုလုပ်သော စပ်စာများနှင့် စီးပွားဖြစ် ထုတ်လုပ်သောစပ်စာဖြစ်သည့် အစာတောင့်များ ဖြစ်ကြပါ သည်။
(ဃ)တစ်နိုင်တစ်ပိုင်မွေးကန်များတွင် ပြုလုပ်သောစပ်စာ
၄င်းအမျိုးအစား စပ်စာများသည် ဖြည့်စွက်စာများအား အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်လာစေရန် ပေါင်းစပ်ကျွေးမွေးခြင်း ဖြစ်ပါသည်။ပြည်တွင်း ငါးမွေးမြူရေးတွင် အဓိကအားဖြင့် ဖွဲနုနှင့်ပဲဖတ်အား သင့်လျော်သလို သီးခြားစီကျွေးမွေးလေ့ရှိပါသည်။ထိုသို့ကျွေးမွေးရာမှ ကြီးထွားနှုန်းပိုမိုကောင်းမွန်စေရန်အတွက် မိမိမွေးမြူထားသော ငါးများ၏ အသားဓာတ်လိုအပ်ချက်နှင့် ကိုက်ညီအောင်ရောစပ်ပြီး ကျွေးမွေး ခြင်းဖြစ်ပါသည်။အချို့ငါးကန်များမှ ထုတ်လုပ်သောစပ်စာမှာ ရောစပ်ထားသောအစာအား အလုံးငယ်များအဖြစ် ထုတ်လုပ်ကျွေးမွေးကြပြီး အချို့သောငါးကန်များတွင်မူ ၄င်းရောစပ်ထားသောအစာအား လက်နှစ်ကြိတ်စက်ဖြင့် အစာတောင့်ပုံစံ ပြုလုပ်ကျွေးမွေးလေ့ရှိပါသည်။ တစ်နိုင်တစ်ပိုင်ငါးကန်များတွင် အသုံးများသော အစာကုန် ကြမ်းများတွင် ပါဝင်သည့် အာဟာရဓာတ်ပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အစာကုန်ကြမ်းများတွင် ပျှမ်းမျှအာဟာရဓာတ်ပါဝင်မှု ဆန်းစစ်ချက်ငါးစာကုန်ကြမ်းဟုဆိုရာတွင် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ မြေပဲဖတ်၊ နှမ်းဖတ်၊ငါးအသားမှုန့်၊ပုစွန်ဖွဲ (အကျိုးအကြေ)၊အုန်းဆံသား၊နေကြာစေ့၊ ဂုံး၊ခရုအခွံတို့ ပါဝင်သည်။
ဆန်ကွဲတွင်-ရေငွေ့ရာခိုင်နှုန်း ၁၂ ဒသမ ၀၆၊ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း ၇ ဒသမ ၉၅၊ အဆီဓာတ်ရာခိုင်နှုန်း ၁ ဒသမ ၅၂၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၀ ဒသမ ၅၂ ၊ ပြာဓာတ် ရာခိုင်နှုန်း ၁ ဒသမ ၀၂ ၊ ထုံးဓာတ်ရာခိုင်နှုန်း ၀ ဒသမ ဝ၃၊ မီးစုံးဓာတ်ရာခိုင်နှုန်း ၀ ဒသမ၂၀ ပါဝင်သည်။ ဖွဲနုတွင်- ရေငွေ့ရာခိုင်နှုန်း ၁၀ ဒသမ ၉၃၊ ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း ၁၀ ဒသမ ၃၊ အဆီဓာတ်ရာခိုင်နှုန်း ၁၀ ဒသမ ၉၁၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၃ ဒသမ ၇၄၊ ပြာဓာတ် ရာခိုင်နှုန်း ၆ ဒသမ ၂၀၊ ထုံးဓာတ်ရာခိုင်နှုန်း ၀ ဒသမ ၀၆၊ မီးစုံးဓာတ်ရာခိုင်နှုန်း ၁ ဒသမ ၄၇ ပါဝင် သည်။
ပြောင်းတွင်- ရေငွေ့ရာခိုင်နှုန်း ၁၂ ဒသမ ၇၉၊ ပရိုတင်း(အသားဓာတ်) ရာခိုင်နှုန်း ၉ ဒသမ ၄၃၊ အဆီဓာတ်ရာခိုင်နှုန်း ၃ ဒသမ ၉၃၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၂ ဒသမ ၁၃၊ ပြာဓာတ်ရာခိုင်နှုန်း ၁ ဒသမ ၈၊ ထုံးဓာတ်ရာခိုင်နှုန်း ၀ ဒသမ ၀၃၊ မီးစုံးဓာတ် ရာခိုင်နှုန်း ၀ ဒသမ ၂၇ ပါဝင်သည်။
မြေပဲဖတ်တွင်- ရေငွေ့ရာခိုင်နှုန်း ၇ ဒသမ၂၅၊ ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း ၄၂၊ အဆီဓာတ်ရာခိုင်နှုန်း ၆ ဒသမ ၅၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၅ ဒသမ ၀၅၊ ပြာဓာတ်ရာခိုင်နှုန်း ၆ ဒသမ ၆၊ ထုံးဓာတ်ရာခိုင်နှုန်း ၀ ဒသမ၂၊ မီးစုံးဓာတ် ရာခိုင်နှုန်း ၀ ဒသမ ၅၅ ပါဝင်သည်။
နှမ်းဖတ်တွင်-ရေငွေ့ရာခိုင်နှုန်း ၈၊ ပရိုတင်း(အသားဓာတ်) ရာခိုင်နှုန်း ၃၅၊ အဆီဓာတ်ရာခိုင်နှုန်း ၈ ဒသမ ၁၁၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၆ ဒသမ ၅၄၊ ပြာဓာတ်ရာခိုင်နှုန်း ၁၀ ဒသမ ၂၄၊ ထုံးဓာတ်ရာခိုင်နှုန်း ၂၊ မီးစုံးဓာတ်ရာခိုင်နှုန်း ၁ ဒသမ ၃ ပါဝင်သည်။
ငါးအသားမှုန့်တွင်-ရေငွေ့ရာခိုင် နှုန်း ၁၅ ဒသမ ၂၃၊ ပရိုတင်း (အသားဓာတ်) ရာခိုင်နှုန်း ၅၅၊အဆီဓာတ်ရာခိုင်နှုန်း ၃ ဒသမ ၁၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၀ ဒသမ ၇၊ ပြာဓာတ်ရာခိုင်နှုန်း ၂၅ ဒသမ ၃၅၊ ထုံးဓာတ်ရာခိုင်နှုန်း ၄ ဒသမ ၅၊ မီးစုံးဓာတ်ရာခိုင်နှုန်း ၂ ဒသမ ၅၈ တို့ ပါဝင်သည်။
ပုစွန်ဖွဲ(အကျိုးအကြေ)တွင်-ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း ၅၂ ဒသမ ၄၃၊ပြာဓာတ်ရာခိုင်နှုန်း ၁၆ ဒသမ ၉၁၊ ထုံးဓာတ်ရာခိုင်နှုန်း ၇ ဒသမ ၄၃ တို့ ပါဝင်သည်။
အုန်းဆံသားတွင်- ရေငွေ့ဓာတ်ရာခိုင်နှုန်း ၉ ဒသမ ၅၇၊ ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း ၂၁ ဒသမ ၅၈၊ အဆီဓာတ်ရာခိုင်နှုန်း ၈ ဒသမ ၇၈၊ အမျှင်ဓာတ်ရာခိုင်နှုန်း ၁၁ ဒသမ ၀၇၊ ပြာဓာတ်ရာခိုင်နှုန်း ၆ ဒသမ ၆၈ တို့ပါဝင်သည်။
နေကြာစေ့တွင်-ရေငွေ့ရာခိုင်နှုန်း ၉ ဒသမ ၄၊ ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း ၂၅ ဒသမ ၅၃၊အဆီဓာတ်ရာခိုင်နှုန်း ၉ ဒသသမ ၄ တို့ ပါဝင်သည်။
ဂုံး၊ခရုအခွံတွင် ထုံးဓာတ်ရာခိုင်နှုန်း ၃၅ ပါဝင်သည်။
(င)စက်ရုံများမှထုတ်လုပ်သော စပ်စာအစာတောင့်များ
၄င်းအမျိုးအစားစပ်စာအတောင့်များသည် ငါးအမျိုးအစားအလိုက်နှင့် အရွယ်အစားအလိုက် လိုအပ်သောအာဟာရဓာတ်တန်ဖိုးများအား ပြည့်ဝစွာ ပါဝင်အောင် တွက် ချက်ရောစပ်ထုတ်လုပ်ထားသည့်အပြင် ငါး၏အသက်အရွယ်အလိုက် ငါးများစားသုံးနိုင်မည့်အစာတောင့် ၏အရွယ်အစားများအလိုက်ခွဲခြား ၍ ထုတ်လုပ်ထားပါသည်။၄င်းပြည့်ဝ အစာတောင့်များတွင် သတ်မှတ်ငါးအမျိုးအစားအလိုက်၄င်းတို့လို အပ်မည့် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်အောင် ထည့်သွင်းပေးထားသည့်အတွက် သဘာဝအစားအစာများအပေါ်မှီခိုရန် မလိုအပ်တော့ပါ။ယခုအခါရေတွင်နစ်မြုပ်သော အစာတောင့်များသာမက ရေပေါ်တွင်ပေါ်သော အစာတောင့်များကိုပါဝယ်ယူရရှိနိုင်ပါသည်။

ရေပေါ်အစာတောင့်များသည် ရေပေါ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ပေါလောပေါ်နေသောကြောင့် ငါးများအား အစာကျွေးရာတွင် အစာအား ပိုလျှံစွာကျွေးမွေးမိခြင်းဖြင့် အစာလေလွင့်မှုကို ထိရောက်စွာထိန်းသိမ်းနိုင်ပါသည်။ပြည့်ဝအစာတောင့်များသည် အရည်အသွေးမြင့်မားသော်လည်း ၄င်းအစာတောင့်များ၏ စျေးနှုန်းမှာ မြင့်မားသည့်အတွက် အထူးဂရုစိုက်မွေးမြူသောနည်းစနစ် (Intensive method) တွင် အသုံးပြုသင့်သော်လည်းမိသားစုတစ်နိုင်တစ်ပိုင် အသေးစားငါးမွေးမြူရေးကန်များ အတွက် သုံးစွဲရန် အခက်အခဲရှိနိုင်ပါသည်။
ဇော်ကြီး(ငါးဦးစီး)