သဘာဝကပေး အစာနှင့်ဆေး၊ ဒရင်ကောက်ပင်

ဒရင်ကောက်ပင်ဟု လူသိများကြသည့် ကျောက်ခက်ပင်ကို ကောက်ကောက်ပင်၊ ကြို့တကောက်ပင်ဟုလည်း ခေါ်ဆိုကြပြီး ယင်းတွင် စားသုံး၍ရသော မျိုးစိတ်နှင့် စားသုံးရန်မသင့်သည့် မျိုးဟူပြီး နှစ်မျိုးရှိ၏။ ယခုရေးသားသည့် အမျိုးအစားမှာ စားသုံးရန်သင့်သည့်မျိုးစိတ်ဖြစ်ပြီး ယင်း၏ အင်္ဂလိပ်အမည်မှာ Vegetable Fern နှင့် Fiddlehead Ferns ဟု ခေါ်၏။ ရုက္ခဗေဒအမည်မှာ Diplazium esculentum (Retz.) Sw. ဟုခေါ်ဆိုပြီး မျိုးရင်း Athyriaceae တွင်ပါဝင်၏။ ယင်းအပင်သည် အာရှတိုက်နှင့် ကျွန်းနိုင်ငံများတွင် အဓိကပေါက်ရောက်လေ့ရှိ၏။
ဒရင်ကောက်ပင်သည် ကမ္ဘာအနှံ့နိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဂီနီ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင်လည်း ပေါက်ရောက်ကြ၏။
ဒရင်ကောက်ပင်သည် ပန်းပွင့်လေ့မရှိသော အပင်မျိုးဖြစ်ပြီး ငှက်မွှေးသဏ္ဍာန်အရွက်များရှိသည့် ကျောက်ခက် ပင်မျိုး ဖြစ်၏။ ယင်းသည် တောတောင်များအကြား၊ အေးမြစိုစွတ်သော စိမ့်စမ်းများ၊ တောင်ကြားများတို့တွင် အလေ့ကျပေါက်ရောက်လေ့ရှိ၏။ ဒရင်ကောက်ပင်သည် နှစ်ရှည်ခံအပင်မျိုးဖြစ်ပြီး ယင်းတွင် ထောင် မတ်သော မြေအောက်ပင်စည်ရှိ၏။
ဒရင်ကောက်ညွန့်တစ်ပန်းကန်လုံးတွင် အစာစွမ်းအင် ၄၆ ကယ်လိုရီ၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်တို့ ကြွယ်ဝစွာပါဝင်၏။ ဒရင်ကောက်ပင်သည် ကိုယ်တွင်းရောင်ရမ်းနာကို သက် သာနိုင်စွမ်း၊ ကင်ဆာရောဂါဖြစ်နိုင်ချေကို ဟန့်တားနိုင်စွမ်း၊ ဆီးချိုရော ဂါ ဖြစ်ပွားနိုင်မှုကို တိုက်ဖျက်နိုင်စွမ်း၊ ဘက်တီးရီးယားပိုးများ ကို သေစေနိုင်စွမ်း၊ အရွယ်တင်နုပျိုနိုင်စွမ်းတို့ရှိ၏။
ဒရင်ကောက်ပင်ကို ဆီး ချိုရောဂါ၊ ရေကျောက်ပေါက်ခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ ဒူလာပါဒရက် ရောဂါ၊ ဝမ်းကိုက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဝက်သက်ပေါက်ခြင်း၊ သွေးဖိအားတိုးခြင်း၊ ဝမ်းချုပ်ခြင်း၊ သုတ်ပိုးအရေအတွက်နည်းခြင်း၊ အရိုးပွခြင်း၊ လင့်ကြိတ်ရည်များရောင်ရမ်းခြင်း၊ အရေပြားနှင့်ဆက်စပ်ရောဂါများအတွက် ဆေးဝါးအဖြစ် အသုံးပြုကြ၏။
အရိုးအက်ပါက ဒရင်ကောက်ညွန့်ကို အနှစ်ဖြစ်အောင် ပြုလုပ်ပြီး ဒဏ်ရာပေါ်တွင်အုံကာ စည်းနှောင်ထားပေးခြင်းဖြင့် ဝေဒနာကို အမြန်ဆုံး
သက်သာစေနိုင်၏။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်သည့် ဒရင်ကောက်ညွန့်သည် ငါးကို စားသုံးခြင်းမပြုသူများ အတွက် အကောင်းဆုံးသော အိုမီဂါသရီးဖက်တီးအက်စစ်ကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့်အတွက် စားသုံးပေးသင့်၏။
ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် ဒရင်ကောက်ညွန့်သည် သွေးဖိအားကို ပုံမှန်ဖြစ်စေရန် အထောက် အကူကောင်းဖြစ်စေ၏။
ဗီတာမင်စီကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကြံ့ခိုင်အားကောင်းစေ၏။
အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့် ဒရင်ကောက်ညွန့်အနုလေးများကို ပြုတ်ပြီး ဆား၊ အရသာမှုန့်မထည့်ဘဲ ထမင်းနဲ့အတူ အနည်းဆုံး ရက်သတ္တတစ်ပတ်မှသည် ၁၀ ခန့်ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါရှိသူများအတွက် ဆီးချိုတက်ခြင်းကို ထိန်းထားပေးနိုင်သည်ဆို၏။အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အဆာခံနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်၏။ ကိုယ်အလေးချိန် လျော့ကျလိုသူများအတွက် စားသုံးသင့်သည့် အစားအစာတစ်မျိုးဖြစ်၏။ ဝမ်းချုပ်ခြင်းမှကင်းဝေးပြီး အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာစေခြင်း၊ သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရောများကို ကျဆင်းစေနိင်၏။

Fiddlehead Ferns
မဂ္ဂနီစီယမ်ဓာတ်သည် လူသားတို့ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်ကို ထိန်းပေးနိုင်စွမ်း၊ သွေးအတွင်းရှိ သကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးနိုင်စွမ်းနှင့် သိုင်းရွိုက်ဂလင်း၏ လုပ်ဆောင်မှုများကို ထိန်းညှိပေးနိုင်စွမ်းတို့ ရှိ၏။ ဒရင်ကောက်ညွန့်တွင် မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ဝမ်းကိုက်ဝေဒနာခံစားရပါကဒရင်ကောက်ပင်၏အမြစ်ကြိတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။
ဒရင်ကောက်ပင်၏အမြစ်ကြိတ်ရည်ကို သံကျဆေးအဖြစ် အသုံး ပြုကြ၏။
ရေကျောက်ပေါက်ပါက ဒရင်ကောက်ပင်၏အမြစ်ကို ကြိတ်ပြီး ရရှိလာသည့်အနှစ်ကို အုံပေးခြင်းဖြင့် ဝေဒနာကို သက်သာစေရန် အသုံးပြုကြ၏။
ဒရင်ကောက်ပင်၏ထိပ်ပိုင်းရှိ ခရုပတ်ပုံလေးရစ်ဝိုင်းကာ ရှိနေသည့်အညွန့်လေးကို ခူးဆွတ်ကာ ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုတ်ပြင်ဆင် စားသုံးကြ၏။
ဒရင်ကောက်ညွန့်နုနုလေးများကို ရေနွေးဖျောပြီး ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ခရမ်းချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေဖျော်၊ ငရုတ်သီးထောင်း၊ ငပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။ အနည်းငယ်ချွဲကျိကျိလေးနှင့် ဝါးလို့ကောင်းလှ၏။
ရေနွေးဖျောပြီးသားဒရင်ကောက်ညွန့်လေးများကို နှစ်သက်သလို လှီးဖြတ်ပြီးနောက် ကြက်သွန်နီပါးပါးလှီး၊ မြေပဲလှော်၊ နှမ်းလှော်ထောင်း၊ ပဲကျက်မှုန့်၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ပုစွန်ခြောက်မှုန့်၊ သံပရာရည်ညှစ်ပြီး နှံ့အောင်နယ်ပြီး သုပ်စားလျှင်လည်း အလွန်ပင် ခံတွင်းမြိန်စေသည့် အသုပ်လေးတစ်ပွဲရ၏။
ဒရင်ကောက်ညွန့်အနုလေးများကို သန့်စင်အောင်ရေဆေးပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းတို့ကို မညက်တညက်ထောင်းပြီး ဟင်းခတ်အဖြစ် နှစ်သက်ရာ ပုစွန်/ပုစွန်ခြောက်၊ ငါး/ငါးခြောက်၊ ငါးပိစိမ်းစား အနည်းငယ်၊ ဆား၊ နနွင်းမှုန့်၊ အရသာမှုန့်အနည်းငယ်ခပ်ပြီး အိုးတစ်လုံးထဲထည့်၊ အားလုံးသမအောင် ရောနယ်ပြီး အိုးအဖုံးအုပ်ပြီးတည်ပါ။ ဟင်းရွက်လေးများနွမ်းလာသောအခါ အဖုံးဖွင့် မန်ကျည်းနှစ်ပျစ်ပျစ်ဖျော် ပြီးထည့်၊ ရေနွေးအနည်းငယ်ထည့်ကာ သမအောင်မွှေပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ချဥ်ငံစပ်အရသာလေးနှင့် ထမင်းမြိန်စေမည့် ကောက်ကောက်ညွန့်စပ်ချဥ်ချက်လေး ရ၏။ အရန်ဟင်းဖြစ်သော်လည်း အသားဟင်းနှင့် မလဲနိုင်ပေ။
သန့်စင်ပြီးသား ဒရင်ကောက်ညွန့်နုလေးများကို ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်၊ ပုစွန်ခြောက် မညက်တညက်ထောင်း/ပုစွန်အစိုဆီသတ်၊ မွှေးလာပြီဆိုလျှင် ခရမ်းချဉ်သီးအနည်းငယ်ထည့်မွှေ၊ ပြီးလျှင် ဒရင်ကောက်ညွန့်လေးများထည့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ခရုဆီလေးအနည်းငယ်ထည့်ပြီး သမအောင်မွှေကြော် ပြီးလျှင် အလွန်အရသာရှိသော ဒရင်ကောက်ညွန့်ကြော်လေး ရ၏။ ရိုးရှင်းပြီး အရသာရှိကာ ထမင်းမြိန်စေ၏။
ကြက်ရိုးပြုတ်၊ ငါးဟင်းခါးရည်တို့ထဲတွင်လည်း ကောက်ကောက်ညွန့်ကို ခပ်ပြီး အရည်သောက်ဟင်း ချက်စားလျှင်လည်း ကောင်း၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ဒရင်ကောက်ပင်မှ ရရှိသည့် အစိတ်အပိုင်း များကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်း ဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။
ကြေးမုံငယ်