စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၂)

(ယခင်အပတ်မှအဆက်)
(င) ဇီဝထုတ်လုပ်မှုမဟာဌာန (Faculty of Bio-Industry)ဤမဟာဌာန၏ကြီးကြပ်မှု အောက်တွင်
(င-၁) ဇီဝထုတ်လုပ်ခြင်းဌာန (Department of Bio-Production)
(င-၂) ရေလုပ်ငန်းဆိုင်ရာ ဇီဝသိပ္ပံဌာန (Department of Aquatic Bioscience)
(င-၃) အစားအစာနှင့် အလှပြင်မှုဆိုင်ရာပညာဌာန (Department of Food and Cosmetic Science) (ကျွန်တော်တို့နိုင်ငံတွင်ဆိုလျှင် စိုက်ပျိုးရေးနှင့်ဘာမှ မဆိုင်ဘူးဟုဆိုကာ ကန့်ကွက် နေမလားမသိပါ)
(င-၄) ကူးသန်းရောင်းဝယ်ရေးပညာသိပ္ပံနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုဌာန (Department of Business Science and Regional Development)
(င-၅) ဤမဟာဌာနနှင့် ဆက်စပ်သော အဖွဲ့အစည်းများ (Attached to the Faculty) စသည်တို့ဖြစ်ပါသည်။
တက္ကသိုလ်နှင့်အတူတူ အထက်တန်းကျောင်းလည်း နေရာ/ နယ်မြေ (Same Campus) တစ်ခုတည်းအတွင်းတွင် ရှိပါသည်။ နောက်ထပ် အထက် တန်းကျောင်းခွဲ ၂-ကျောင်းမှာ ဂန်းမာ (Gunma) နှင့် ဆိုင်တမ (Sai-tama) တွင်တည်ရှိပြီး ဤစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်မှ တိုက်ရိုက်ကြီးကြပ်ပါသည်။
ဤတက္ကသိုလ်နှင့် အထက်တန်း ကျောင်း၊ အလယ်တန်းကျောင်းများတွဲဖက်ထား ရခြင်းမှာ-
(က) အထက်တန်းကျောင်းမှ အောင်မြင်ပြီး စိုက်ပျိုးမွေးမြူရေးကို စိတ်ဝင်စားပါက ဤတက္ကသိုလ်တွင်ဘဲ လွယ်ကူစွာ စိုက်ပျိုးရေးမွေးမြူ ရေး ပညာများ ဆက်လက်သင်ယူ နိုင်စေရန်(Educational Continuity)
(ခ) အထက်တန်းကျောင်းသား၊ကျောင်းသူဘဝကထဲကစိုက်ပျိုးမွေး မြူရေးပညာများသည် တိုင်းပြည် စားနပ်ရိက္ခာ လုံခြုံ၊ဘေးကင်း၊ စိတ် ချစွာ စားသောက်နိုင်ရေး အသိပညာများ ရရှိနိုင်စေရန် (Specialized Curriculum)
(ဂ) တက္ကသိုလ်နှင့်ကျောင်းတွဲဖက်ထား၍ သုတေသနအခွင့်အလမ်းများ၊ တီထွင် ဖန်တီးလိုစိတ်များ ရရှိနိုင်စေရန် (Research Opportunities)
(ဃ) တက္ကသိုလ်ရှိ စာကြည့်တိုက်၊ ဓာတ်ခွဲခန်း၊ စိုက်ကွင်းများကို အကျိုးရှိစွာအသုံးချတတ်စေရန် (University Resources)
(င) တိုကျိုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လွယ်ကူစွာဝင်ရောက်ဖြေဆိုနိုင်စေရန်လေ့ကျင့်ပေးနေခြင်း (Preparation for University Entrance)
(စ) မိဘများက တိုင်းပြည်အတွက် စိုက်ပျိုးမွေးမြူရေးပညာကို အားပေးလာစေရန် (Promotion of Agricultural Education in the country) စသည့် အချက်များဖြင့် ပုဂ္ဂလိက အထက်တန်းကျောင်းနှင့် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ပူးတွဲဖွင့်လှစ်ထားပါသည်။ ကျောင်းလခကမူ တနှစ်စာ ၆၇၀၀၀၀-၉၀၀၀၀၀ (ခြောက်သိန်းခုနှစ်သောင်းမှ ကိုးသိန်း) အထိရှိပါသည်။
တက္ကသိုလ်နယ်မြေများ (University Campuses) မှာ တိုကျိုတွင် နှစ်နေရာနှင့် မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းတွင် အိုခို့စ်နယ်မြေ (Hokkai-do-Okhotsk Campus) တစ်နေရာ စုစုပေါင်း ၃ နေရာ ပါရှိရာ ထိုနယ်မြေမောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက်လည်း ပြည်တွင်းလေကြောင်းလိုင်းစီးကာ ကျွန်တော်တို့သွားရပါသေးသည်။ ဧပြီလကြီးဖြစ်သော်လည်း ဂျပန်မြောက်ပိုင်း တစ်နယ်လုံး နှင်းတွေဖုံးလွှမ်းနေပါသည်။
(သူတို့ဆီက ရေလုပ်ငန်းပညာသိပ္ပံဌာန (Department of Fishery and Aquaculture) ကို လေ့လာရေးသွားရာအပူပိုင်းဒေသတွင်ဖြစ်ထွန်းသော တီလားပီးယား ငါးများဖြစ်ထွန်းမှုကိုသုတေသနပြုနေတာတွေ့ခဲ့ရပါသည်။ ကျွန်တော်က "ဘာရည်ရွယ် ချက်နဲ့သုတေသနပြုနေပါသလဲ" ဟူ၍ မေးကြည့်ရာ ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် တို့နေရာတွေပါ ပူနွေးလာရင် (ဂျပန်လူမျိုးများ၏ အဓိကအစားအစာ ငါး၊ ပုစွန်များလျော့ပါးမသွားစေရန်) ငါးမွေးမြူရေး အဆင်သင့်ဖြစ်အောင် ကြိုတင် လေ့လာနေခြင်းဟု ရှင်းလင်းပြသခဲ့ပါသည်။ အဲဒီ့လောက်အထိအောင် အနာဂတ်ကို ကြိုတင်ပြင်ဆင်ထားခြင်းပါ။ အလွန် အတုယူစရာ ကောင်းလှပါသည်။
ဤတက္ကသိုလ်သည် ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်သော်လည်း ပါမောက္ခ ၁၇၈ ဦးနှင့် တွဲဖက်ပါမောက္ခ ၁၂၂ ဦး အထိရှိနေသော ကမ္ဘာ့အဆင့်မီ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဖြစ်ပါသည်။ သူတို့ဆီက ရာထူးတိုးစနစ်မှာ သူတို့ ကြိုက်နှစ်သက်ပါက အသက်ငယ်သော်လည်း ချက်ချင်း ပါမောက္ခဖြစ်နိုင်သော ရာ ထူးတိုးစနစ်ဖြစ်ပါသည်။ ပါမောက္ခနေရာသည်လည်း တစ်နေရာ၊ နှစ်နေရာ စသည်ဖြင့် အသေမရှိပါ၊ ဌာနမှူးနေရာကိုလည်း အများစုက မလုပ်ချင်ကြပါ။ ကျွန်တော်တို့နိုင်ငံသည် လုပ်သက်နှင့် ပေးခြင်းစနစ်ဖြစ်သည်။ ကျွန်တော်တို့လိုမျိုးမနက် နှင့် ညနေ Duty Report တင်တာကွာသွားတာနှင့်လုပ်သက်တွက် ချက်မှု အမှတ်တွေကွာသွားတာမျိုး တွက်ချက်မည်မထင်ပါ။ နိုင်ငံတကာအသိအမှတ်ပြု ဂျာနယ်များတွင် ရေးသားထုတ်ဝေမှုမှာလည်း လိမ်၍တင်ပြလို့ရမည်မထင်ပါ။)
ဤတက္ကသိုလ်တွင် ၂၀၂၂-ခုနှစ်၌ ကျောင်းသား ၆၈၄၉ ဦး၊ ကျောင်းသူ ၄၈၆၇ ဦးဖြင့် စုစုပေါင်း (၁၁၇၁၆) ဦး၊ အငယ်တန်းကောလိပ်၌ (၆၅၈)ဦး လက်ရှိ ပညာသင်ကြားလျက်ရှိပါသည်။ ဤတက္ကသိုလ်မှ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ရဲတင့်ထွန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသန်းသန်းစိုးတို့က ပါရဂူဘွဲ့၊ ဒေါ်အိမ့်သက်ထားဦး၊ ဦးစစ်မှူးဆွေတို့က မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ ရခဲ့ပါသည်။ ယခုလက်ရှိ ဒေါ်ဇင်ဝေမော်၊ ဒေါ်အိမ့်သက်ထားဦး၊ ဦးစစ်မှူးဆွေ တို့က ပါရဂူဘွဲ့ တက် ရောက်လျက်ရှိပြီး ၂၀၂၄-ခုနှစ်တွင် ဦးဇေဖြိုးထွန်း၊ ဒေါ်တင်မေဦး၊ ဦးညီညီထွဋ်တို့က မဟာစိုက်ပျိုးရေး သိပ္ပံဘွဲ့ရသွားပြီးဒေါ်ခင်သန္တာအောင်၊ ဒေါ်ဖြိုးစုစုကျော်တို့က ဘွဲ့ကြို သင် တန်းများ ဘွဲ့ရပြီး မဟာစိုက်ပျိုးရေးသိပ္ပံ ဆက်တက်နေပါသည်။
အတုယူစရာများ (Lessons Learned)
(၁) စိုက်ပျိုး၊ မွေးမြူရေးပညာများကို အစိုးရ တက္ကသိုလ်၊ ကောလိပ်သိပ္ပံများ (Public Universities) တွင် သာမက ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်သိပ္ပံများ (Private Universities) ပါ ပြည်နယ်နှင့်တိုင်း၊တိုင်းရင်းသားနယ်မြေများတွင် အချိုးညီညီ တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်သင့်ပါသည်၊ (ပြီးခဲ့သော ဆောင်းပါးအမှတ် ၈-တွင် အိန္ဒိယနိုင်ငံစနစ်က ပြည်နယ်/တိုင်း တစ်ခုတွင် အနည်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တစ်ခုစီရှိပါသည်)
(၂) အထက်တန်းကျောင်းနှင့် ပုဂ္ဂလိကတက္ကသိုလ် တစ်ခုတည်းထားခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးကိုဝါသနာပါသောတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူများကို မိဘများကတက္ကသိုလ်ရပ်ဝန်းအတွင်း ငယ်စဉ်ကတည်းက ပို့ထားနိုင်ပါသည်။ တစ်ချို့နယ်မြေမှာ အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအိပ်၊ ကျောင်းစား နေနိုင်သော အဆောင်များပါ ပါရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးသိပ္ပံများနှင့် နီးစပ်ရာစိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းများ တွဲဖက်ထားလျှင်ရနိုင်ပါမည်လား?
(၃) ပါမောက္ခက ကြီးကြပ်ရသော ဓာတ်ခွဲခန်းစနစ် (Laboratory System led by a Professor) ဖြစ်သဖြင့် စာသင်ရင်း သုတေသနကို ဇောက်ချ၍ လုပ်နိုင်ပါသည်။ မြန်မာ နိုင်ငံတွင်မူ ပါမောက္ခ (ဌာနမှူး) ဖြစ်သွားလျှင် ရာထူးမတိုးမချင်း၊ အငြိမ်းစား မယူမချင်းအပေါ်မှ အုပ်ချုပ်ကြီးကြပ်သွားသဖြင့် ကြာလာပါက အာဏာရှင်စနစ် ဆန်သွားပါသည်။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များလည်း ဤစနစ်သာဖြစ်နေ၍ လူငယ်များ၏ တီထွင်၊ ဆန်းသစ်မှု အခွင့်အရေး မရနိုင်တော့ပါ။
(၄) အစိုးရတက္ကသိုလ်များ တက် ရောက်ရန် အမှတ်မမီသော်လည်း ကျောင်းလခ ပေးသွင်းနိုင်ပါက သား၊ သမီးများအား စိုက်ပျိုးမွေးမြူရေးပညာများကိုလေ့ကျင့် သင်ကြား ပေးနိုင်ပါသည်၊ မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (၁) ကျောင်းတည်းသာရှိနေ၍ (တစ်နိုင်ငံလုံး အများ ဆုံးလက်ခံနိုင်သော ဦးရေ ၁၅၀-၃၀၀ အထိသာဖြစ်၍)အကြောင်းအမျိုးမျိုးကြောင့် အမှတ်မမီသော၊ ငွေကြေး မတတ်နိုင်သော အထူးသဖြင့် ပြည်နယ်နှင့်တိုင်းများမှတိုင်းရင်းသား/သူကလေး များ သူတို့ဒေသအတွက် အလွန်အရေးပါလှသော၊ လက်တွေ့ကျသော၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုသောဤဘာသာရပ်များကိုလေ့ကျင့် သင်ကြားခွင့်မရကြတော့ပါ၊ကျောင်း သား/သူ အများစုမှာ သာမန် အဝေးသင်ဘွဲ့ တစ်ခုနှင့်သာ ဘဝကို အဆုံး သတ်လိုက်ရပါသည်။
ဂျပန်နိုင်ငံရှိ ကျန်စိုက်ပျိုးရေးတက္ကသိုလ်များအကြောင်း ဆက်လက်ရေးသားပါဦးမည်။
ဒေါက်တာမျိုးကြွယ်
(တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်အကြောင်း သိလိုသမျှဖြေကြားပေးသော ထိုတက္ကသိုလ်မှ မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ကိုဇေဖြိုးထွန်းအား ကျေးဇူးတင်ရှိပါသည်)