ပြည်ပဈေးကွက်ဝင် ငါးသလောက်၏ သဘာဝနှင့် အသုံးဝင်ပုံ

မြန်မာလူမျိုးတို့နှစ်သက်ကြသည့်ငါးများတွင် ငါးသလောက်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ ယင်းငါးသလောက်ကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာသာ ဖမ်းဆီးရမိသည်ဟု သိရသည်။ ယင်း ၁၁ နိုင်ငံထဲတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာ ၃ နိုင်ငံတွင် အဓိကဖမ်းဆီးရမိခြင်းဖြစ်ပြီး ကျန်နိုင်ငံများမှာ ပါကစ္စတန်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများ ဖြစ်သည်။
ငါးသလောက်သည် ရေငန်နေသော ငါးမျိုးစိတ်ဖြစ်ပြီး သားပေါက်ရန်အတွက်ရေချိုကိုပြန်လာကြသည့် (Anadromous Fish) မျိုးစိတ်များ ဖြစ်ကြပါသည်။ သက်တမ်း တစ်နှစ်နှင့်နှစ်နှစ်မှာအရွယ်ရောက်ကြပြီး ရေချိုမြစ်အတွင်း ဥချသား ပေါက်လေ့ရှိပါသည်။ သားပေါက်များသည် ၅ လ၊ ၆ လသားအရွယ်တွင် ရေချိုရေငန်စပ်နှင့် ပင်လယ်ပြင်ကိုပြန်လေ့ရှိကြပါသည်။
ငါးသလောက်၏ ခန္ဓာဗေဒအချက်အလက်များ
ငါးသလောက်ကို ပါဏဗေဒအမည်အားဖြင့် ‘ဟီလဆာ အလီရှား'ဟု ခေါ်သည်။ အရသာရှိသော ငါးအဖြစ် အသိများသည်။ ရေချိုရေငန်နှစ်ရပ်လုံးတွင် နေနိုင်သည်။ မိုးတွင်းနှင့် ဆောင်းရာသီအကုန်ပိုင်းတွင် ဥဥရန် ပင်လယ်မှ မြစ်ထဲသို့ ဆန်တက်လာလေ့ရှိသည်။ ဥပြီး ငါး သလောက်သည်ကြုံလှီသွားကာ အရသာပျက်သွားတတ်သည်။ ငါးသလောက်၏ကိုယ်သည် ပြား၍ ဗြက်အနည်းငယ်ကျယ်သည်။
ကျောဆူးတောင်အထက်နားသည် အလယ်၌ ခွက်နေ၏။ အမြီးခွသည် စောက်နက်၍အဖျားနှစ်ခုသည် ဘေးသို့ကားထွက်နေသည်။
အကြေးများသည် ခေါင်းမှ အမြီးတိုင်အောင်ညီညီညာညာရှိကြသည်။ အရောင်မှာ ရွှေရောင်သန်းလျက်ရှိရာ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများ ထင်နေတတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင်ကျောပိုင်း၌ ကန့်လန့်အမည်းစင်းများပါလေ့ရှိသည်။ ကိုယ်ရှည် ၁ ပေမှ ၂ ပေအထိ ရှိတတ်၏။
နေထိုင်မှုအလေ့အထ
ငါးသလောက်ငါးမှာ ရေပေါ်ရေလွှာနေငါး (pelagic fish) များ ဖြစ်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည်ရာသီဥတုအလိုက် နေရာဒေသ ပြောင်းရွှေ့ကျက်စားသော သဘာဝရှိကြသည်။ သက်တမ်းမှာ ၁-၃ နှစ်ထိရှိပြီး ငါးသလောက်အမမှာ ဥပေါင်း ၃ သိန်းမှ ၁သန်းထိ ဥဥနိုင်ကြပါသည်။ အပင်မျှောလှေး (plank-ton)နှင့် ရေညှိရေမှော်(algae)များကို အများဆုံး စားသုံးကြသည်။
ငါးသလောက်များသည် ကမ်းရိုးတန်းတစ်လျောက်တွင် အုပ်စုဖွဲ့ကာ နေထိုင်ကျက်စားကြသလို မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ ငါးသလောက်သည် အနံ့အရသာကောင်းမွန်ရုံသာမက အသားမှာလည်း နူးညံ့လှသဖြင့် ပြည်ပပို့ကုန်အဖြစ်နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။
မြန်မာ့ငါးသလောက်မျိုးစိတ်များ
မြန်မာနိုင်ငံတွင် တွေ့ရများသော ငါးသလောက်မျိုးစိတ်၂မျိုးမှာ မြန်မာအခေါ်အရ ငါးသလောက်နှင့် ငါးသလောက်ယောက်ဖဟု အမည်တွင်ပြီး ဒေသအခေါ်မှာ အာနီ၊ အာကြမ်းဟု ခေါ်ဆိုကြကာ အင်္ဂလိပ်အမည်မှာ Tenualosa ilisha (သို့) Hlisa shad (သို့) ilisha shad နှင့် Tenualosa toil (သို့) Toli shad ဟူ၍ဖြစ်သည်။
Hilsa Shad (သို့) ilisha Shad (သို့) Ar-ni (အာနီ) ငါးတွင် ကျောဘက်ပိုင်း၌ ဆူးများမရှိကြဘဲ ပျော့ပျောင်းသော အရေးအကြောင်း ၁၈-၂၁ ခုထိရှိကြပါသည်။ အာနီငါးများသည် ဆလင်ဒါပုံ သွယ်လျလျ ရှိကြပြီး အရွယ်အစားမှာ အမြင့်ဆုံး ၆၀ စင်တီမီတာရှိပြီး အများအားဖြင့် ၃၀ မှ ၃၆ စင်တီမီတာရှိကြောင်း တိုင်းတာမှုလေ့လာမှုအရ သိရှိရပါ သည်။
အာနီငါးသလောက်ငါးသည် ငွေမှင်ရောင်ရှိပြီး ရွှေရောင်နှင့် ခရမ်းရောင်တို့လည်း အနည်းငယ်စပ်ဟပ်ရှိကြပါသည်။ သားလောင်းများအ ရွယ်ရောက်ချိန်တွင် သေးငယ်သော အမဲရောင်အစက်အပျောက်များ အစီအရီ ထူးခြားစွာ ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။ အမြီးပိုင်းမှာ ဦးခေါင်းပိုင်းကဲ့သို့ ရှည်လျားသွယ်လျကြပါသည်။
အာနီငါးသလောက်ထုတ်လုပ်မှုသည် ၂၀၀၂ခုနှစ်တွင် ၁၂၀၀၀ တန်ထိ အမြင့်ဆုံး ထွက်ရှိပါသည်။ အာနီငါးသလောက်မျိုးစိတ်ကို ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရကြောင်းကို မှတ်တမ်းများအရ သိရှိရပါသည်။
Toil shad (သို့) Ar- gyan (အာကြမ်း) (သို့) ငါးသလောက် ယောက်ဖမျိုးစိတ်၏ ကျောဘက်ပိုင်းနှင့် စအိုဘက်ပိုင်းတွင် ဆူးချွန်များ မရှိကြပါ။ ခန္ဓကိုယ်ပုံသဏ္ဍာန်မှာ ဆလင်ဒါ ပုံသွယ်လျလျရှိပြီး အမြီးပိုင်း သည် ဦးခေါင်းပိုင်းထက် ပိုရှည်လျားသည်ကို တွေ့ရှိရပါသည်။ ပါးဟပ်နောက်ဘက်ပိုင်းတွင် အမည်းရောင် အမှတ်အသားများကိုတွေ့ရပြီး အစက်အပြောက်များကိုမူ မတွေ့ရှိရပါ။ အာကြမ်းငါးများသည် ငွေမှင်ရောင်ရှိပြီး အခြား အစိတ်အပိုင်း အနည်းငယ်တွင် အပြာ၊ အစိမ်းနှင့်အမည်းရောင်များ အနည်းငယ်စီ စပ်ဟပ်လျှက် ရှိသည်ကို တွေ့ရှိကြရပါသည်။
အမြင့်ဆုံးခန္ဓာကိုယ်အလျားသည် ၅၀ စင်တီမီတာရှိပြီး အများအားဖြင့် ၃၀-၄၀ စင်တီမီတာ အထိရှိကြပါသည်။ အာကြမ်းငါးသလောက်မျိုး စိတ်ကို အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်အများဆုံးတွေ့ရှိရပါသည်။
Herring Fish (ငါးသလောက်နွယ်ဝင်ငါး) သည် တစ်နှစ်ပတ်လုံး နှစ်ရာသီ သားပေါက်ကြပြီး ရှည် လျားမိုးတွင်းကာလ (မိုးရာသီ) တွင် တစ်ကြိမ်၊ တိုတောင်းသောဆောင်းရာသီအကုန်ပိုင်းတွင် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် သားပေါက်ကြပါသည်။
ငါးသလောက်အမများသည် ဥပေါင်း ၃ သိန်းမှ ၁ သန်းအထိ ဥ ဥနိုင်ကြပါသည်။ ဥ ဥချပြီး နောက် သားလောင်းလေးများသည် မြစ်ကြောင်းမှတစ်ဆင့် ပင်လယ်ပြင်သို့ ဆင်းသက်သွားကြပြီးမွေး ရပ်မြေမှဝေးသောနေရာများတွင် ကြီးပြင်းကြပါသည်။ သားလောင်းလေးများသည် ပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် ဝေးသောဒေသများသို့ သွားလာခြင်း မပြုလုပ်ကြတော့ပါ။ သို့သော်လည်း ရေတိမ်သောင်ခုံနှင့် ကမ်းခြေဝန်းကျင်တစ်လျှောက် သွားလာ လှုပ်ရှားတတ်ကြပါသည်။
Hilsa Shad(သို့) Ar-ni (အာနီ) ငါးသလောက်နှင့် Toil shad (သို့) Ar- gyan (အာကြမ်း) ငါးသ လောက်ကို စက်တင်ဘာလမှ မတ်လအတွင်း အများဆုံး ဖမ်းဆီးရမိကြပြီး အမြင့်ဆုံးကိုမူ နိုဝင်ဘာနှင့် ဒီဇင်ဘာဆောင်းတွင်းကာလ၌ ဖမ်းဆီးရမိ ကြပါသည်။
ငါးသလောက်ငါးများကို တိုင်းတာလေ့လာချက်အရ အရွယ်အစား အသေးဆုံးမှာ ၂၈ စင်တီမီတာ၊ အလေးချိန်အားဖြင့် ၁၆၀ ဂရမ်ရှိပြီး အရွယ်အစား အကြီးဆုံးမှာ ၄၂ စင်တီမီတာ၊ အလေးချိန်အားဖြင့် ၆၅၀ ဂရမ်ထိ ရှိကြောင်း တိုင်းတာတွေ့ရှိရပါသည်။ အလွန်ကြီးမား သော ငါးသလောက်ငါး ၁၀၀၀ ဂရမ်ကိုမူ တစ်ခါတစ်ရံမှသာတွေ့ရတတ်ကြောင်း သိရှိရပါသည်။ ထို့အပြင် အာနီငါးသလောက်မှာ အာကြမ်းငါးသလောက်ငါးထက် ပိုမိုဖမ်းဆီး ရမိကြောင်း လေ့လာတွေ့ရှိရသည်။ အရွယ်အစားအကြီးဆုံးကိုမူ အာနီငါးသလောက်ငါးတွင် တွေ့ရှိရသည်။
ဒေသခံများသည် ငါးသလောက်ငါးကို ပေါင်းစား၊ ကင်စား၊ ကြော်စား၊ချက်စား၊သုပ်စားကြပါသည်။ အာနီ/အာကြမ်းငါးသလောက်များကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် တွေ့ရှိရပြီး ပြည်တွင်းတွင် ငါးစို၊ ငါး ဆားနယ်၊ ငါးခြောက် ၃ မျိုးလုံးကို တွင်ကျယ်စွာ ရောင်းချကြသည်။
ငါးသလောက်နှင့် ကျန်းမာရေး
ငါးသလောက်သည် တိုင်းရင်းဆေးကျမ်းများအလိုအရ ချိုဆိမ့်သည်။ဆူ၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်း မီးကိုပျက်စေ၏။ သည်းခြေနိုင်၏။ သလိပ်ကိုပျက်စေ၏။ သုက်ကို ပွားစေ၏။ လေကိုနိုင်၏။
ဓာတ်သဘောအရ သီတ၊ အာပေါ၊ ပထဝီ(တက်စာ သွေးကြွစေ၏။) သွေးတိုးသူများ၊ သွေးယားသူများ၊ မျက်စိနာနေသူများ၊ ဖျားနာနေသူ များမစားသင့်ဟုဆိုသည်။ခွေး တောက်၊ တမာ၊ ကြောင်လျှာ၊ကြက်ဟင်းခါး၊ ဆူးပုပ်ကြီး စသော တက်စာများကို တစ်နေ့တည်း နှစ်မျိုး၊သုံးမျိုးရောစပ်၍ စားသုံးလျှင် သွေး တက်ပြီး ဦးနှောက်သွေးကြောပြတ် သည်အထိ ဖြစ်နိုင်သည်ကို သတိပြုဖို့လိုသည်။ ငါးသလောက်နှင့် တ ညင်းသီး၊ ဆူးပုပ်ကြီး၊ တမာရွက်၊ ကြက်ဟင်းခါးသီး၊ ခွေးတောက်ရွက်၊ မှို၊ ဝက်သား၊ မျှစ်ချဥ်၊ ဒံပေါက် စသည်များကို တွဲမစားသင့်ပေ။
တက်စာ ငါးသလောက်
ငါးသလောက်ကို တက်စာဟု လူများသိကြသည်။တက်စာဆိုသည်မှာ သွေးတက်ခြင်းကို ဆိုလိုသည်။ ငါး သလောက်ဟင်းချက်စားပြီးလျှင် အစာကြေပြီး တစ်နာရီခန့်ကြာသောအခါ အိပ်ငိုက်လာတတ်သည်။
သွေးတိုးရောဂါမရှိသူများပင် သွေး တိုးသကဲ့သို့ ခံစားရလေ့ရှိသည်။သို့သော် ထိုသို့ဖြစ်ခြင်းမှာ တနေကုန် မကြာတတ်။နာရီပိုင်းနှင့်ပင် ပြေပျောက်သွားလေ့ရှိသည်။ထို့ကြောင့် တက်စာဟုဆိုသော် လည်း မကြောက်ကြပေ။လူတိုင်းလိုလိုနှစ်သက်ကြသော ငါးမျိုးဖြစ်သည်။
ငါးသလောက်ကို မတက်စေရန်အတွက် မရမ်းသီးနှင့် ရောချက်စားလျှင် အချဥ်အရသာနှင့် အဆိမ့် အရသာနှစ်မျိုးတွဲပြီး အလွန်စားကောင်းသည်။မရန်းသီးအစိမ်းမရသောရာသီတွင် မရမ်းသီးခြောက်၊ သရက်သီးခြောက်များနှင့်လည်း ရောချက်စားနိုင်သည်။
ငါးသလောက်ပေါင်းဟင်း
ငါးသလောက်သည် အလွန်အရိုးများသောငါးမျိုး ဖြစ်သည်။ သို့သော် အသား၏အရသာမှာ ချိုဆိမ့်သည်။ ငါးသည် အကောင်ကြီးပြီး ဆူဖြိုး သည်။ ထို့ကြောင့် ဝယ်ယူစားသုံးမှု အလွန်များသည်။အကြေးရှိသော ငါးမျိုးဖြစ်ပြီးအားရှိသောအာဟာရပြည့်သောအစာဖြစ်သည်ဟု ယုံကြည်စားသုံးကြသည်။
ငါးသလောက်ကို အရိုးပါမကျန် စားသုံးရန်အတွက် ပေါင်းစားကြသည်။ ငါးသလောက်ပေါင်းနည်းမှာလည်း အမျိုးမျိုးရှိသည်။အချို့မှာ ရှောက်ရည်၊သံပရာရည်ညှစ်ထည့်ပြီး ရေနွေးငွေ့လုံသည့် ပေါင်းအိုးဖြင့်ပေါင်းပြီးခေတ်ပေါ်နည်းမှာ ငါးသ လောက်ကို အရိုးမြန်မြန်နူးစေရန် ရှာလကာရည်ကို အသုံးပြုပြီး ပေါင်းကြသည်။ ရှာလကာရည်မှာ အရိုးကိုနာရီဝက်ခန့်ပေါင်းရုံဖြင့်နူးစေနိုင် သည်။ သို့သော် အချို့သူများက ရှာလကာရည်နှင့်ပေါင်းသည်ကို မကြိုက်။သဘာဝအတိုင်းရှောက်ရည်၊ သံပရာရည်ဖြင့် ပေါင်းသည့်အရသာကို ပို၍ကြိုက်ကြသည်။

အချို့ရာသီတွင် ငါးဖမ်းသူများ၏မဆင်မခြင်ဖမ်းဆီးမှုကြောင့် ဥများ ပြည့်နေသည့် ငါးသလောက်အမကြီးများကို ဖမ်းမိလာသည်ကိုတွေ့ရသည်။ငါးရောင်းသူများက ငါးသ လောက်ဥကို ထုတ်ယူပြီး သီးခြားရောင်းချကြသည်။ငါးသ လောက်ဥသည် ဖွတ်ဥကဲ့သို့ပင် အလွန်ဆိမ့်သောအရသာရှိ သည်ဟု ရှေးလူကြီးများပြောကြသည်။ ငါးသ လောက်ဥသည် တက်စာဖြစ်ပြီး ငါး သလောက်စားသည်ထက်ပင် ပို၍ သွေးတက်စေနိုင်သည်ဟုဆိုသည်။အလွန်အ ကျွံမစားဘဲသင့်ရုံသာစားသင့်သည်။
ငါးသလောက်ဥကို ဆားနယ်ထားပြီးနောက် တစ်နေခန့်လှန်းပြီးမှ ခပ်ခြောက်ခြောက်ဖြစ်နေချိန်တွင် ဆီ ဖြင့်အမြုပ်ကြော်ထားလျှင် ထိုငါးသ လောက်ဥကြော်သည် တာရှည်အထားခံသည်။ငါးသလောက်ဥကြော် နှင့် ကောက်ညှင်းပေါင်း၊ဆီထမင်း စသည်များ တွဲဖက်စားလျှင် အလွန်စားကောင်းနှုတ်မြိန်သည်ဟု ဆိုသည်။
ငါးသလောက်ဟင်းကြိုက်နှစ်သက် သူများသည်တက်စာဖြစ်သော် လည်းနေ့စဥ်ရက်ဆက်မစားဘဲ တစ်ခါတစ်ရံစားလျှင် နှုတ်မြိန်စေသောဟင်းမျိုးဖြစ်ပါသည်။ ငါးသလောက်ပေါင်းသည်လည်း အရိုးပါနူးသဖြင့် ငါးစားလျှင် အရိုးကြောက်၍ မစားသူများပင် ငါးသလောက်ပေါင်းစားကြသည်ကို တွေ့ရသည်။
တက်စာမှန်သမျှ သက်စာနှင့် တွဲစားလျှင်ဘေးမဖြစ်စေနိုင်ပါ။ ရှောက် ရည်သည်သက်စာဖြစ်သည်။ အာ ပေါဓာတ် အရည်ရွှမ်းသည့် မရမ်းသီး၊စောင်းလျားသီး၊ဆီးဖြူသီး စသည်များနှင့် ရောပြီးချက်လျှင် ငါးသလောက်၏တက်စေသော အတက်ဓာတ်ကို ထိုက်သင့်သ လောက် ချေဖျက်နိုင်မည်ဖြစ်သည်။
ရှောက်သီးဖျော်ရည်၊သံပရာရည်၊ဆီးဖျော်ရည် စသည်များ သောက်သုံးပေးလျှင် အအီပြေသည့်အပြင် သွေးတက်ခြင်းများမှလည်း ကာကွယ်နိုင်မည် ဖြစ်သည်။
ငါးသလောက်ထုတ်လုပ်မှု
ငါးသလောက်ကို ကမ္ဘာပေါ်တွင် အများဆုံးရမိသောနိုင်ငံမှာဘင်္ဂလား ဒေ့ရှ်ဖြစ်သည်။ ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်း(ယခု ၈၆ ရာခိုင်နှုန်းဟုသိရ) အထိ ဖမ်းဆီးထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ဘင်္ဂလားဒေ့ရှ်အနေဖြင့် ငါးသလောက်ငါးကို နိုင်ငံ၏ အမျိုးသားငါးအဖြစ်ပင်သတ်မှတ်ထားကြောင်းလည်း သိရပါသည်။
အိန္ဒိယတွင်တော့ ၂၅ ရာခိုင်နှုန်း (ယခု ၁၀ ရာခိုင်နှုန်း) ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင်တော့ ၃ ရာခိုင်နှုန်း နှင့် ကျန်သည့်နိုင်ငံ ၈ နိုင်ငံတွင် အနည်းငယ်ဖမ်းဆီးရမိကြပါသည်။
ပြည်ပပို့ကုန် ငါးသလောက်
မြန်မာ့ငါးသလောက်ကို ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊တရုတ်၊ဂျပန်၊စက်ာပူ၊ယူအေအီး(UAE)စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချကြသည်ဟု သိရသည်။
ငါးသလောက်နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်များ
မြန်မာနိုင်ငံမှာ ငါးသလောက်မျိုးမသုဥ်းစေရန် လွန်ခဲ့သော ၂၀၁၁ ခုနှစ်လောက်က ဥပဒေများပြဋ္ဌာန်းခဲ့သလို ငါးသလောက်ငါး မဖမ်းရရာသီကိုလည်း သတ်မှတ်ထားသည်ဟုသိရပါသည်။
ငါးသလောက်ငါးများ ဥချသား ပေါက်ရန် ရေချိုသို့တက်ရောက်လာသည့် နှစ်စဥ် စက်တင်ဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ ငါးသလောက် ဖမ်းဆီးခြင်းမပြုရန် ပိတ်ပင်တားမြစ် ထားခြင်း ဖြစ်သည်။
ထို့ပြင် ငါးသလောက်ဖမ်းရာသီတွင်တရားဝင်မှတ်ပုံတင်ထားသူများ သာ ဖမ်းခွင့်ပြုထားသည်။ ဤကား ငါးသလောက်ဖမ်းဆီးမှုကိုကန့်သတ် လိုက်ခြင်းပင်ဖြစ်သော်လည်း ဥကပ်ငါးသလောက်ဖမ်းဆီးမှုကိုတော့ တားမြစ်ထားခြင်း မရှိသေးပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဥကပ်ငါးသလောက်ဖမ်းယူခြင်းကို ဥပဒေဖြင့်ကာကွယ်ပေးလျက် ထိန်းသိမ်း ထားကြောင်း သိရပါသည်။ ဥကပ်ငါးနှင့် ငါးသားပေါက်ဖမ်းယူမှုကို ဥပဒေဖြင့် တားမြစ်ပေးခြင်းသည် ငါးသ လောက်မျိုးသုဥ်းမည့် အန္တရာယ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံဥပဒေများပါအရေးကြီး သော အချက်တစ်ချို့ကို ဖော်ပြလိုပါ သည်။ ယင်းတို့မှာ-
၁။ သုံးထပ်ပိုက်များဖြင့် ငါးသ လောက်ဖမ်းဆီးခြင်းခွင့်မပြုခြင်း။
၂။ ပိုက်ကွက် ၄ လက်မအောက် ကျဥ်းသောပိုက်ကွက်များဖြင့် ငါးသလောက်ပိုက်မျှောခြင်း ခွင့်မပြုခြင်း။
၃။ ငါးသလောက်ငါး၏ အဓိကသားပေါက်ရာသီဖြစ်သော စက်တင်ဘာမှ အောက်တိုဘာ အထိ ငါးမဖမ်းရရာသီ အဖြစ်သတ်မှတ်ခြင်း။
၄။ သင့်လျော်သောနေရာဒေသများကို ငါးသလောက်ဘေးမဲ့နေရာများ သတ်မှတ်ပေးစေခြင်း စသည်တို့ဖြစ်သည်။
ကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာနိုင်
ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်(GDP) စုစုပေါင်း၏ ၁ ဒသမ ၁၅ ရာခိုင်နှုန်းကို ငါးသ လောက် ဖမ်းဆီးမှုမှရရှိပြီး ရေလုပ် သားငါးသိန်းခန့် အလုပ်အကိုင်ရရှိကာ လူဦးရေ ၂ ဒသမ ၅ သန်းလောက် ဆက်စပ်ပြီး အလုပ်အကိုင်ရရှိကြကြောင်း သိရှိရသည်။
ငါးသလောက်ဥချခြင်း၏ အမြင့်ဆုံးအချိန် အောက်တိုဘာ ၆ ရက်နေ့မှ ၂၂ ရက်နေ့အထိကိုလည်း ‘တစ်နိုင်ငံလုံးငါးသလောက်မဖမ်းရ’ အဖြစ် ပိတ်ပင်ထိန်းသိမ်းထားခြင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငါးသလောက်ထုတ်လုပ်မှုကို ကမ္ဘာ့ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းသို့ တိုးတက်လာစေကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ ငါးသလောက်တင်ပို့မှုမှာ နှစ်စဥ်တန်ချိန် ၁၃ဝဝဝ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တင်ပို့မှု ကတော့ တန်ချိန် ၄၅၀၀၀၀ ခန့်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ထုတ်လုပ်မှုထက် တန်ချိန် ၁၀၀၀၀၀ ကျော် တိုးတက်ထုတ်လုပ်နိုင်မှုမှာ နှစ်စဥ်ငါးသလောက်သားပေါက်ရာသီတွင်ငါးဖမ်းဆီးခွင့်ပိတ်ပင်ခြင်း က အဓိကကျနေခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ငါးသလောက်သားပေါက်ချိန်ရာသီအလိုက် ငါးဖမ်းခွင့်ပိတ်ပင်ခြင်းနှင့် ငါးမဖမ်းရဧရိယာများ သတ်မှတ်နိုင်ခဲ့ခြင်းသည် သယံဇာတထိန်းသိမ်းရေးအတွက် လွန်စွာကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ရေရှည်တည်တံ့စေရန်ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သင့်
ရေပေါ်ရေလွှာနေ ငါးသလောက်မျိုး စိတ်များသည် သဘာဝအားဖြင့် ထူးခြားသကဲ့သို့ အရသာမှာလည်းထူးခြားကောင်းမွန်ပြီး ကျန်းမာရေးအတွက်ကောင်းကျိုးပြုပါသည်။ မြန် မာ့ငါးသလောက်ငါးသည် အရသာကောင်းမွန်သဖြင့် ပြည်တွင်းသာမက ပြည်ပစျေးကွက်ထိပါ တင်ပို့ရောင်းချနေရသဖြင့် သဘာဝကပေးထားသည့် အခြေ အနေကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံတွင် လွန်စွာကောင်းမွန်သည့်ငါးလုပ်ငန်းစီမံခန့်ခွဲမှု (Fishery Management) ဆောင်ရွက်နိုင်ခြင်းက အခြေခံရေ လုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ ဖြိုးတိုးတက်လာမည့်အပြင်ရေ ထွက် ပို့ကုန်များ တိုးမြှင့်တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်ခြင်း၊ မြန်မာပြည်သူများနှစ်သက်ကြသည့် ငါးသလောက်သယံဇာတ ရေရှည်တည်တံ့ကာ စဉ်ဆက်မပြတ်စားသုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူး များ ရရှိစေမည်ဖြစ်သည်။ထို့ကြောင့် ငါး သလောက်မျိုးစိတ်ရေရှည်တည်တံ့စေရေးအတွက် ရေလုပ်သားများ၊ဒေသခံ ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ပါကြောင်း လေ့လာရေး သားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
(1)Fish Base of Myanmar
(2)Inland Fisheries of Myanmar