မွေးမြူရေးတောင်သူများ သတိပြုရမည့် ဝါစေ့ထဲမှ ဂေါ်စီပေါ အဆိပ်အတောက်

ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်သည် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည့် ဝါလုပ်ငန်း ၏ ဘေးထွက်ပစ္စည်းများ ဖြစ်ပါ သည်။ ဝါစေ့ကြိတ်ဖတ်တွင် အာဟာ ရတန်ဖိုးကြွယ်ဝပြီး အထူးသဖြင့် အသားဓာတ်မြင့်မားစွာ ပါဝင်သည်။ သို့သော်လည်း ဝါစေ့တွင် ဂေါ်စီပေါဒြပ်ပေါင်းပါဝင်နေခြင်းကြောင့် တိရစ္ဆာန်အစာအဖြစ် အသုံးဝင်မှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ ဂေါ်စီပေါသည် ပေါ်လီဖီနောလစ်ဒြပ်ပေါင်းဖြစ်ပြီး ဝါပင်၏ အစိတ်အ ပိုင်းများ၊ အထူးသဖြင့် အစေ့တွင် အများဆုံး တွေ့ရှိရပါသည်။ ဝါအမျိုးအစားကိုလိုက်၍ ဂေါ်စီပေါ ပါဝင်မှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၁မှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပါသည်။
တိရစ္ဆာန်အစာအဖြစ် ဝါစေ့ကို အသုံးပြုခြင်းကြောင့် ဖြစ်လာနိုင်သည့် အဓိက အကျိုးနှင့် အပြစ်များကို ယခုဆောင်းပါးတွင် ဆွေးနွေး သွားပါမည်။

အကျိုးကျေးဇူးများ
၁။ အသားဓာတ်မြင့်မားခြင်း
ဝါစေ့တွင် အသားဓာတ်ကြွယ်ဝစွာပါဝင်ပြီး အကောင်းဆုံး အမိုင်နိုအက်ဆစ်များလည်း မြောက်များစွာ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်းဖြင့် ကြီးထွားနှုန်းနှင့် နို့ထွက်နှုန်းကို မြင့်မားစေပြီး ထုတ်လုပ်မှု တိုးတက်
စေမည်ဖြစ်ပါသည်။
၂။ အင်အားဓာတ်ကြွယ်ဝခြင်း
ဝါစေ့သည် အသားဓာတ်အပြင် အင်အားဓာတ်ကြွယ်ဝသော တိရစ္ဆာန်အစာလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဝါစေ့ကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များကို အထောက်အကူ
ပြုမည်ဖြစ်ပါသည်။
ဂေါ်စီပေါကြောင့် ဖြစ်ပေါ်နိုင်သည့် ပြဿနာများ
၁။ အဆိပ်အတောက်ဖြစ်နိုင်ခြင်း
ဂေါ်စီပေါသည် ဝါစေ့ထဲတွင် လွတ်လပ်သောပုံစံ (Free form) နှင့် ဓာတ်ပြုပြီးပုံစံ (Bound form) ဟူ၍ ပုံစံနှစ်မျိုးဖြင့် ရှိနေပါသည်။ Free ဂေါ်စီပေါသည် အစာအိမ်တစ်ခန်းတည်းရှိသော သတ္တဝါများ (အထူးသဖြင့်) ဝက်နှင့်ကြက်တွင် အဆိပ်အတောက်ဖြစ်စေနိုင်ပါသည်။ ဝါစေ့ သို့မဟုတ် ဝါစေ့ကြိတ်ဖတ်ကို အမြောက်အများစားမိသော တိရစ္ဆာန်များတွင် အစာစားနှုန်းလျော့ကျခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စသည်တို့ဖြစ်ပေါ်နိုင်ပြီး အလွန်အကျွံစားမိလျှင် သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ နွား၊ သိုး၊ ဆိတ်ကဲ့သော အစာအိမ်လေးခန်းရှိသည့် သတ္တဝါများသည် ဂေါ်စီပေါ၏ အဆိပ်အတောက်ကို အတန်အသင့် ခံနိုင်ရည်ရှိပါသည်။
၂။ မျိုးပွားခြင်းဆိုင်ရာပြဿနာများ
ဂေါ်စီပေါသည် လူနှင့် တိရစ္ဆာန်များတွင် မျိုးပွားခြင်းဆိုင်ရာပြဿ နာများနှင့် ဆက်နွယ်မှုရှိကြောင်း သုတေသနစမ်းသပ်ချက်များအရ သိရှိရပါသည်။ အထီးသတ္တဝါများတွင် သုက်ပိုးထုတ်လုပ်မှုနှင့် သုက်ပိုးများ၏ရွေ့လျားနိုင်စွမ်းအပေါ် ထိ ခိုက်စေနိုင်ပြီး အမသတ္တဝါများတွင်မူ မြိုင်စက်ဝန်းပုံမမှန်ခြင်း၊ သန္ဓေ သားသေဆုံးခြင်း၊ သားလျောခြင်း
များ ဖြစ်စေနိုင်ပါသည်။
ဆောင်ရန် ရှောင်ရန်များ
ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ရန် သတိပြုရမည့် အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဝါစေ့ဆီထုတ်လုပ်ခြင်းစနစ်
အပူပေး၍ ဆီထုတ်ခြင်းသည် အပူမပေးဘဲဆီကြိတ်ခြင်း နည်းစ နစ် ထက် ဝါစေ့ကြိတ်ဖတ်ထဲရှိ ဂေါ်စီပေါ၏ အဆိပ်အတောက်ကို လျော့ ကျစေပါသည်။ အပူပေးလိုက်ခြင်းဖြင့် ဂေါ်စီပေါထဲရှိ အဆိပ်အတောက်ဖြစ်စေသော Free ပုံစံ အဖြစ်မှ အပူနှင့်ဓာတ်ပေါင်းလိုက်ခြင်းဖြင့်အဆိပ် အတောက်နည်းသည့် Bound ပုံစံအဖြစ်သို့ပြောင်းလဲသွားသော
ကြောင့် ဖြစ်ပါသည်။
၂။ တိရစ္ဆာန်အမျိုးအစားအပေါ်မူတည်၍ ကျွေးမွေးခြင်း
မွေးမြူတိရစ္ဆာန်များသည် အမျိုးအစားကိုလိုက်၍ ဂေါ်စီပေါ၏ အဆိပ်အတောက်ကို ခံနိုင်ရည် ကွဲပြားကြပါသည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် ဝက်ကဲ့သို့သော အစာအိမ်တစ်ခန်းပါသတ္တဝါများ သည် နွားကဲ့သို့သော အစာအိမ်လေးခန်းပါ သတ္တဝါများလောက် ဂေါ်စီပေါ၏ အဆိပ်အတောက်ကို ခံနိုင်ရည် မရှိ သည့်အတွက် ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်ကို လျှော့ချ ကျွေးမွေးရမည်ဖြစ်ပါသည်။
၃။ ဖြည့်စွက်အာဟာရကျွေးမွေးခြင်း
ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်ချည်းသာ အမြောက်အများကျွေးမည့်အစား အစေ့အဆံနှင့် ပဲမျိုးနွယ်ဝင်အပင်များကဲ့သို့ အခြားအာဟာရများကိုလည်း အစာထဲတွင် ဖြည့်စွက်ကျွေးမွေးခြင်းဖြင့် ဝါစေ့ထဲရှိ ဂေါ်စီပေါ၏ အဆိပ်အတောက်ကို အတန် အသင့်ပြေလျော့စေမည်ဖြစ်ပါ သည်။ ဝါစေ့၏ အာဟာရတန်ဖိုးကို အကျိုးရှိစွာအသုံးချနိုင်ပြီး ထုတ်လုပ် မှုမြင့်မားသည့် အကျိုးရလဒ်ကိုလည်း ရရှိမည်ဖြစ်ပါသည်။
ဝါစေ့နှင့် ဝါစေ့ကြိတ်ဖတ်သည် အာဟာရတန်ဖိုး မြင့်မားစွာပါဝင်သည့် တိရစ္ဆာန်အစာဖြစ်သော်လည်း ဂေါ်စီပေါပါဝင်နေခြင်းကြောင့် တိရစ္ဆာန်အစာအဖြစ် ရာနှုန်းပြည့် အသုံးပြုနိုင်ရန် မဖြစ်နိုင်သေးပါ။ ဝါစေ့ဆီထုတ်လုပ်မှုနည်းစနစ်နှင့် တိရစ္ဆာန်အမျိုးအစားအလိုက် ဂေါ်စီပေါ ခံရည်နိုင်ရည်ရှိမှု အတိုင်းအတာကို နားလည်ခြင်းဖြင့် ဂေါ်စီပေါ၏ အဆိပ်အတောက်အန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဝါအမျိုးအစားများနှင့်ပတ်သက်၍ အာဟာရတန်ဖိုးနှင့် ဂေါ်စီပေါပါဝင်မှုပမာဏကို လေ့လာသော သုတေ သနများကို လုပ်ဆောင်ခြင်းဖြင့် မွေးမြူတောင်သူများနှင့် မွေးမြူရေးလောကအတွက် များစွာ အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း တစ်စေ့တစ်စောင်း လေ့လာတင်ပြအပ်ပါသည်။
သက်စုမြတ်(မွေး/ဆေး)