သဘာဝကပေး အစာနှင့်ဆေး ၊ မှိုနားတို

သဘာဝကပေး အစာနှင့်ဆေး ၊ မှိုနားတို

clover

ကျွန်မတို့ငယ်စဥ်မူလတန်းကျောင်းသားဘဝ မြန်မာဘာသာရပ်တွင် သင်ယူခဲ့ရသည့်ရိုးတစ်လျှောက်ကဗျာ ထဲတွင် ပါဝင်သည့် မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်ဟု တင်စားခေါ်ဝေါ်ထားသည့် မှိုနားတိုပင်၏ ထူးခြားသောအစိတ်အပိုင်းမှာ   သေးသွယ်ပျော့ပျောင်းသော ‌ငွေရောင်ဖျော့ဖျော့ ရိုးတံပေါ်တွင် နူးညံ့သောအမြစ်မွှားလေးများစွာရှိပြီး ယင်းရိုးတံမျှင်တွင် ထိပ်တွင် အရွက်လေးရွက်ဆိုင်ထွက်သည့် အပင်လေးဖြစ်၏။ မှိုနားတိုပင်သည် ရွှံ့နွံမြေကို နှစ်သက်ပြီး ရေရှိပြီး စိုစွတ်သောနေရာတွင် ပေါက်ပွားကြီးပြင်းသည့်အပင်မျိုးဖြစ်၏။ မိုးတွင်းချိန်ခါ လယ်ကွင်းထဲတွင် သန်စွမ်း လှပစွာ ဖြစ်ထွန်းပေါက်ရောက်ပြီး နွေရာသီတွင် စိမ့်စမ်းနှင့် ရေမပြတ်တမ်းရှိသည့်ချောင်း၊ ရေအိုင်စပ်တို့တွင် ရှင် သန်ဖြစ်ထွန်း၏။ ခူးဆွတ်သည့်အခါ ရေနှင့်လွတ်သည့်နေရာမှ ရိုးတံကို ခူးဆွတ်နိုင်လျှင် အမြစ်နှင့် ရေမှော်ကင်းသော မှိုနားတိုကို ရနိုင်၏။  

 မှိုနားတို (မှိုနတို) ၏ အင်္ဂလိပ်အမည်မှာ four leaf clover, European water clover နှင့်   water creeper ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Marsiales quardrifolia Linn ဖြစ်ကာ  မျိုးရင်း Marsileaceae တွင်ပါဝင်၏။ မှိုနား တိုပင်သည် ဆေးဖက်ဝင်ပင်ပျော့မျိုးဖြစ်ပြီး ဥရောပအလယ်ပိုင်းနှင့် တောင်ပိုင်း၊ အာရှတိုက်မြောက်ပိုင်းရှိ  Siberia ဒေသ၊ အာဖဂ္ဂန်နစ္စတန်၊ အိန္ဒိယအနောက်တောင်ပိုင်း‌ဒေသများ၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှနိုင်ငံများ တို့တွင် သဘာဝအလျှောက် ပေါက်ရောက်သည့်အပင်မျိုးအဖြစ် ရှင်သန်ကြီးထွား၏။ အချို့သောဒေသများတွင် မှိုနားတိုပင်ကို ပေါင်းပင်ဟုသတ် မှတ်ထားကြ၏။ မြန်မာနိုင်ငံတွင် မှိုနားတိုပင်သည် စိုစွတ်သောဒေသများတွင် အများဆုံး ဖြစ်ထွန်းလေ့ရှိ၏။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ကျော်ခန့်ကတည်းက အစားအစာရှားပါးပြီးငတ်မွတ် ခေါင်းပါးဘေး ကြုံနေချိန်တွင် မှိုနား တိုပင်ကို အားပြည့်စေသော သဘာဝအစားအစာအဖြစ်အသုံးပြုခဲ့ကြ၏။ 

မှိုနားတိုတွင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်း၊ သွေးဖိအားကို မျှခြေရှိနိုင်စွမ်း၊ ကိုယ်တွင်းရောင် ရမ်းနာကျင်ခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ အဏုဇီဝပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်း၊ အဖုအကြိတ်များဖြစ်နိုင်မှုကို ဟန့်တားနိုင်စွမ်း၊ အဆစ်အမြစ်ရောင်ရမ်းနာ ကျင်ခြင်းကို သက်သာနိုင်စွမ်း၊ ဆီးရွှင်စေနိုင်စွမ်း၊ ၀မ်းပျော့စေနိုင်စွမ်း၊ အဖျားပြတ် စေနိုင်စွမ်းနှင့် ကိုယ်ခန္ဓာကို အေးမြစေနိုင်စွမ်း၊ ပြည်တည်နာကို သက်သာစေနိုင်စွမ်းနှင့် မြွေဆိပ်ပြေနိုင်စွမ်းတို့ရှိ၏။

ညဖက်အိပ်မပျော်နိုင်သူများအတွက် ကစီဓာတ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သည့် မှိုနားတိုပင်ကို စားသုံးပေးခြင်းဖြင့် ကိုယ်ရော စိတ်ပါ အနားယူခြင်းကို ဖြစ်စေပြီး ခွန်အားကိုပြန်လည်ဖြည့်တင်းပေးနိုင်၏။

ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းတို့အတွက်လည်း မှိုနားတိုပင်ကို ကြိတ်ပြီး ရရှိလာသည့်အရည်ကို သောက်သုံးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်၏။

တရုတ်လူမျိုးများကမူ မှိုနားတိုကို ဖျားနာခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်းနှင့် အရက်စွဲနာဖြစ်ခြင်းတို့ အတွက် ဆေးဝါးအဖြစ် အသုံးပြု
ကြ၏။

ဂျပန်လူမျိုးများက မှိုနားတိုကို အရေပြားကျန်းမာရေးထိန်းသိမ်းရန်အလို့ငှာ အသုံးပြုကြ၏။ ထို့အပြင် ဝက်ရူးပြန်ခြင်းနှင့် လေသင်တုန်း ဖြတ်ခြင်းတို့အတွက်လည်း ဆေးဝါးအဖြစ် အသုံးပြုကြ၏။ ရိုးရာတိုင်းရင်းဆေး ပညာရပ်အရ မှတ်ဉာဏ်အားကောင်းစေသောဆေးအဖြစ်လည်း အသုံးပြုကြ၏။ ဆီးချိုရောဂါဖြစ်နိုင်ချေကိုဆန့်ကျင်နိုင်စွမ်းလည်း ရှိ၏။

အီစထရိုဂျင်ဟိုမုန်းသည် အမျိုး သမီးများ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်တွင်း အင်္ဂါများ၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မျှခြေအနေအ ထားဖြစ်အောင် ထိန်းညှိပေး၏။  သွေးဆုံးခါနီးအမျိုးသမီးများတွင် အီစထရိုဂျင် ဟိုမုန်းကျဆင်းလာခြင်းနှင့်အတူ အမျိုးသမီးများ၏ တစ်နေ့တာအတွင်း လုပ်ငန်းလုပ်ဆောင်နိုင်မှု အရည်အသွေးများ ကျဆင်းလာကာ တဖြည်းဖြည်းနှေးကွေးလာ၏။ အရိုးများပွခြင်း၊ အာရုံကြောဆဲလ်များ၏ တုံ့ပြန်စွမ်းဆောင်မှုလည်း နှေးကွေးလာတတ်၏။ မှိုနားတိုတွင် အီစထရိုဂျင်ကွန်ပေါင်း ကြွယ်ဝစွာပါဝင်သည့်အတွက် သွေးဆုံးခါနီး အမျိုးသမီးများအတွက်အသင့်လျော် ဆုံးသော သဘာဝဆေးတစ်လက် ဖြစ်စေ၏။ ယင်းကို နေ့စဉ်ပုံမှန် ပမာဏတစ်ရပ် သတ်မှတ်ကာ စားသုံးပေးခြင်းဖြင့် အမျိုးသမီးများအ တွက် လိုအပ်သည့် အီစထရိုဂျင်ဟိုမုန်းကို အနေအထားတစ်ခုအထိ ရောက်ရှိစေနိုင်ပြီး ကျန်းမာသွက် လက်ဖျတ်လတ်စေခြင်း၊ အရိုးသိပ် သည်းဆ အားကောင်းစေခြင်း၊ အာရုံ ကြောဆဲလ်များကို  ပြန်လည် ကျန်း မာစေနိုင်ခြင်းတို့ကို ရရှိစေနိုင်၏။

မှိုနားတို ဘယ်လိုစားမလဲ...

မှိုနားတိုပင်၏ သဘာဝအလျောက်ခူးဆွတ်လိုက်သည့်အခါ ရိုးတံတွင် သဲနှင့်ရွှံ့များပါလာတတ်သည့်အ တွက်  ရေဖြင့် စနစ်တကျ စင်ကြယ်အောင် ဆေးကြောပြီးမှသာ စားသုံးရန် ပြင်ဆင်သင့်၏။

သန့်စင်ပြီးသား မှိုနားတိုကို ငပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ငံပြာရည်ချက်၊ ခရမ်းချဥ်သီးထောင်း၊ ငါးပိချက်၊ ငရုတ်သီးထောင်း အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ်  စားသုံးတတ်ကြ၏။

 မှိုနားတိုရိုးတံနှင့် အရွက်များကို နှစ်သက်သလို လှီးဖြတ်ပြီး ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်ကာ ကြော်ချက် ချက်စားနိုင်၏။   နှစ်သက်ရာအခြားသော ဟင်းရွက်များလည်း ထည့်သွင်းချက်ပြုတ်နိုင်၏။

 ကြက်ရိုးပြုတ်ရည် သို့မဟုတ် ငါးစွပ်ပြုတ်ရည် အစရှိသည်တို့ထဲတွင်လည်း မှိုနားတိုကို ခပ်ပြီး ဟင်းချိုချက်သောက်ခြင်းဖြင့် ခွန်အားကိုတိုးစေပြီး ကိုယ်ခံစွမ်းအား ကောင်းစေ၏။

သန့်စင်ထားသော မှိုနားတိုကို နှစ်သက်သလို လှီးဖြတ်ပြီးနောက် အခြားသော ရာသီပေါ် ဟင်းရွက်များဖြစ်သည့် ရေသရက်ကင်းရွက်၊ ပင်စိမ်းရွက်၊ မြင်းခွာရွက်တို့နှင့်အတူ ရောကာ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊  ဟင်းခတ်မှုန့် အနည်းငယ်၊ ပါးပါးလှီးထားသောငရုတ်သီးစိမ်း၊ ပဲဆီမွှေးအနည်းငယ်ဆမ်း၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။  ဆေးဖက်လည်းဝင်၊ ကိုယ်တွင်းအဆိပ်အတောက်လည်း ပြေ၊ ခံတွင်းမြိန်စေသည့် သဘာဝဆေးဖက်ဝင် ရွက်စုံသုပ်လေးကို ပြင်ဆင်စားသုံးနိုင်၏။  

ရာသီချိန်ခါနှင့်အညီ သဘာ၀တ ရားကပေးသည့် လက်ဆောင်မွန် မှိုနားတိုပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက် ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့်ကုန်ကျစရိတ် သက် သာစေပြီးကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်