အခြားနည်းသုံးစွဲခွင့်ရတာနဲ့ မြေပိုင်ရှင်ဖြစ်ပြီလား

အခြားနည်းသုံးစွဲခွင့်ရတာနဲ့ မြေပိုင်ရှင်ဖြစ်ပြီလား

အခြားနည်း

"အခြားနည်း” ဆိုတဲ့ ဝေါဟာရကတော့ မြေယာလောကမှာရေပန်းစားနေတဲ့ စကား ရပ် တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီစကားရပ်ရဲ့ အဓိပ္ပါယ်ကို တိတိကျမသိကြသော်လည်း တစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့နဲ့ဖြစ်စေ၊ နေထိုင်ရေးအတွက်သော်လည်းကောင်း၊ စီးပွား ရေးလုပ်ကိုင်ရန်အတွက်သော်လည်း ကောင်း အဆောက်အဦတစ်ခုတည် ဆောက်နိုင်ဘို့အတွက် အခြားနည်း အသုံးပြုခွင့် လိုတယ်ဆိုတာ လူတော်တော်များများသဘောပေါက်ထားကြပါတယ်။ ယခင်တုံးကဆိုရင် လ/န -၃၉ ဆိုတဲ့ အသုံးနှုန်းနဲ့ လူသိများခဲ့ကြပါတယ်။

အခြားနည်းအသုံးပြုခွင့်ဆိုတာကတော့ လယ်ယာမြေများဖြစ်စေ၊ မြေလွတ်၊ မြေရိုင်းမှ ဖြစ်စေ၊ အခြားစားကျက်မြေ၊ သစ်တောမြေစတဲ့ ဘယ်မြေမျိုးမဆို အခြားနည်းသုံးစွဲခွင့် ခွင့်ပြုချက် ရရှိအောင် သတ်မှတ်တဲ့နည်းလမ်းအတိုင်းတောင်းခံဆောင်ရွက်ရမဲ့အနေအထားဘဲ ဖြစ်ပါတယ်။

ဒီလိုခွင့်ပြုချက်တင်ပြတောင်းခံခြင်းမရှိဘဲ ကိုယ်ထင်ရာကိုယ်လုပ်ပြီး အဆောက်အဦ ဆောက်တာ၊ မြေဖို့တာ၊ ခြံစည်းရိုးကာတာတွေ လျှောက်လုပ်ရင်တော့ ကျူးလွန်သူအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ခံရပြီးတာနဲ့ တဆက်တည်း မိမိလုပ်တဲ့မြေမျိုးပေါ် မူတည် ကာ သက်ဆိုင်ရာဥပဒေအရ အရေး ယူခံရနိုင်ပါတယ်။ ဒီလိုအရေးယူခံရလို့ စီမံခန့်ခွဲရေး နည်းလမ်းအရ ချမှတ်တဲ့ ပြစ်ဒဏ်ကို မလိုက်နာ လို့ရှိရင် တရားစွဲဆိုခြင်း ခံရနိုင်ပြီး ငွေဒဏ် ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့ ထောင်ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်ခြင်း ခံရနိုင် ပါတယ်။

ဒီနေရာမှာ “ကျူးလွန်သူ” ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်ကို အများနားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် “မြေရာ” တစ်ရပ်ကို အသုံးပြုရာမှာ ဥပဒေအရ သတ်မှတ်ပေးအပ်ထားတဲ့ အခွင့်အရေးထက် ကျော်လွန်ပြီး အသုံးပြုတဲ့သူလို့ပြောရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် လယ် ယာမြေဆိုရင် စိုက်ပျိုးလုပ်ကိုင်ဘို့ဘဲ လယ်ယာမြေဥပဒေအရ ခွင့်ပြုထားခြင်းရှိပါတယ်။ အလားတူဘဲ စားကျက်မြေဆိုရင် တိရစ္ဆာန်များအစာစားဘို့ လွှတ်ကျောင်းဘို့ဖြစ်ပါမယ်။ ဒီမြေပေါ်မှာ ဝင်ရောက်ပြီး ခြံခတ်တာ၊ အဆောက်အဦဆောက်တာ ဝင်လုပ်ရင် ကျူးလွန် ဆောင်ရွက် တာဘဲ ဖြစ်ပါတယ်။

 ဒါကြောင့် ကာယကံရှင်၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနဲ့ မိမိတို့ရဲ့ လိုအပ်ချက် လိုအင်ဆန္ဒအပေါ်မူ တည်ပြီး လက်ဝယ်ရရှိထားတဲ့မြေတွေ၊ လက်ဝယ်ရရှိဘို့ မျှော်မှန်းထားတဲ့ မြေတွေပေါ်မှအဆောက် အဦစတဲ့ မူလခွင့်ပြု စည်းမျဉ်း၊ စည်းကမ်းမှာမပါတဲ့ လုပ်ငန်းကို တည်ဆောက်လုပ် ကိုင်လိုတယ်ဆိုရင် ပထမဦးဆုံး အခြားနည်းသုံးစွဲခွင့်ရရှိရေးသက် ဆိုင်ရာဥပဒေနည်းဥပဒေများနဲ့အညီလိုက်နာလျောက်ထားရယူရမှာဖြစ်ပါတယ်။ လယ် ယာမြေ ဆိုရင် လယ် ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဆိုရင် မြေလွတ်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့ အညီ လျှောက်ထားရပါမည်။ စားကျက်မြေဆိုရင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန သစ်တော မြေဆိုရင် သစ်တောဦးစီးဌာနတွေမှာ ပယ်ဖျက်ခွင့်ဦးစွာလျှောက်ထားပြီးမှ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့အညီ လျှောက်ထားရမှာဖြစ်ပါတယ်။

ယခုလို လျှောက်ထားပြီးပြီဆိုရင်တော့ အဆင့်ဆင့်သောဌာန/ အဖွဲ့အစည်းများက ကာယကံရှင်အဆိုပြုချက်အပေါ် ခွင့်ပြုပေးသင့်ပေးထိုက်ကြောင်း စိစစ်ရရှိပါက သက်ဆိုင်ရာအဖွဲ့ အစည်းက အခြားနည်းသုံးစွဲခွင့် ထုတ်ပေးမှာဖြစ်ပါတယ်။ လယ် မြေဆိုရင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊လယ်မြေမဟုတ်တဲ့ စိုက် ပျိုးမြေတွေဆိုရင်နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းတွေဆိုရင် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့က ထုတ်ပေးမှာဖြစ်ပါတယ်။

အခုလို သက်ဆိုင်ရာအဖွဲ့အစည်းက အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဟာ ယခင် မူလ မြေမျိုးကြီးကနေ အဆိုပြုလုပ်ငန်းကို တရားဝင်ဆောင်ရွက်နိုင်အောင် မြေမျိုးကြီးပြောင်းလဲ ပေးလိုက်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဆိုပြုလုပ်ငန်းဆောင်ရွက်ခွင့်၊ မြေမျိုးသတ်မှတ်စည်းကမ်းချက်ညီညွတ်သွားအောင် ဥပဒေနှင့်အညီ ခွင့်ပြုပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဒီကိစ္စမျိုးအတွက် ယခင် လန/၃၉ ဆိုပြီး ပေးတဲ့ခေတ်ကပင် “ နိုင်ငံတော်သမ္မတက လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကို မည်သည့်အတွက် အသုံး ချရမည်ဟု အမိန့်ချမှတ်သည်နှင့်တစ်ပြိုင်နက် အဆိုပါ လယ်ယာမြေ၏ အခြေအနေသည် ဥပဒေအရ ပြောင်းလဲသွားပါတယ်၊ “ဥပမာအားဖြင့် ဆန်စက်တည်ဆောက်ရန် လန/၃၉ ခွင့်ပြုလျှင် ဆန်စက်မြေ” အဖြစ် ပြောင်း လဲသွားပါတယ်။ နိုင်ငံတော်ပိုင် လယ်ယာမြေအဖြစ်မှအစိုးရသဘော ရှိ အသုံးချထားနိုင် သော မြေဖြစ်သွားခြင်းဖြစ်ပါသည်ဟု ပြဋ္ဌာန်းထားမှုရှိပါတယ်။ အခြားနည်းသုံးစွဲခွင့်ပြု မိန့်ပါ စကားရပ်များတွင် ပိုင်ရေးဆိုင်ရေးအတွက် ပြဋ္ဌာန်း ထားမှုမရှိကြောင်း လေ့လာတွေ့ရှိနိုင်ပါတယ်။

ဒီနေရာမှာ ကာယကံရှင်များအနေဖြင့် သတိပြုရမှာက အဆိုပြုမြေကို အခြားနည်းသုံးစွဲခွင့် ရပြီဆိုတာနဲ့တန်းပြီးအဆောက်အဉီဆောက်တာတွေ၊ လုပ်ငန်းဆောင် ရွက်တာတွေ တန်းပြီး လုပ်လို့မရဘူးဆိုတာပါဘဲ။ ဆောက်လုပ်ခွင့်ပေးနိုင်တဲ့ စည်ပင်သာယာရေးကော်မတီဌာန၊ ဒါမှမဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဆောက်လုပ်ခွင့်လုပ်ငန်း ဆောင်ရွက်ခွင့် ဆက်လက်တင်ပြီး ခွင့်ပြုချက်ရမှ ဆောင်ရွက်နိုင်တယ်ဆိုတာ သတိပြုဘို့လိုအပ်ပါတယ်။ တနည်းပြောရရင် စက်သုံးဆီဆိုင်အတွက် ခွင့်ပြုမိန့်ရခဲ့ရင် ရပြီဆိုတာနဲ့ ဆိုင်ကိုတန်းဆောက်၊ ဆီစရောင်း လုပ်လို့ မရပါဘူး။ သက်ဆိုင် ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းများကို တင်ပြ၊ လိုင်စင်ရပြီဆိုမှသာ ဒီလုပ်ငန်း လုပ်လို့ရမှာ ဖြစ်ပါတယ်။

အထက်အပိုဒ်အထိ ရေးသားဖော်ပြထားချက်အရ မြေပိုင်ဆိုင်ခွင့်ဆိုတဲ့ကဏ္ဍမပါရှိသေး ဘူးဆိုတာ သတိပြုမိမယ်ထင်ပါတယ်။ အထက်အပိုဒ်များပါရေးသားထားတဲ့အတိုင်း လုပ်ဆောင်ဘို့ အခြားနည်းသုံးစွဲခွင့်ရခဲ့ပြီဆိုရင် လုပ်ငန်းဆောင်ရွက်ဘို့ သက်ဆိုင်ရာကို ခွင့်ပြု မိန့် တင်ပြနေသလို မြေအမည်ပေါက် ပိုင်ဆိုင်ဘို့ တနည်းမြေငှားဂရန်ရရှိဘို့ သက် ဆိုင်ရာ ဌာနများမှာ မပျက်မကွက် လျှောက်ထားရမှာဖြစ် ပါတယ်။ ဒီလိုနဲ့ မြေငှားဂရမ် ရသွားပြီဆိုရင်တော့ မြေကိုအမည်ပေါက် ပိုင်ဆိုင်သွားပြီလို ဆိုရမှာဖြစ်ပါတယ်။ ယခင် လန/၃၉ ခေတ်က ညွှန်ကြားချက်အရလည်း ဖော်ပြထားသည်မှာ ဆန်စက်တည်ရန် “Industrial Lease” စက်မှုလက်မှုဂရံထုတ်ပေးသောအခါ စက်မှုလက်မှု ဂရံမြေအဖြစ် ပြောင်း လဲသွားပါသည်ဟုဖော်ပြထားပါတယ်။ အဆိုပါ မြေငှားဂရံတွင် အမည်ပါရှိသူသာ အမည်ပေါက်ပိုင်ဆိုင်မှု စတင်မည်ဖြစ်ပါတယ်။ 

ဒါကြောင့် နိဂုံးချုပ်အားဖြင့် တင်ပြရရင် အခြားနည်းသုံးစွဲခွင့်ရရုံလေးနဲ့ မြေပိုင်ရှင်ဖြစ်ပါပြီလို့ ပြောလို့ လုံးဝမရနိုင်ပါကြောင်းနဲ့ သက် ဆိုင်ရာဌာနက ထုတ်ပေးမဲ့ မြေငှားဂရံမှာ အမည်ပါရှိပြီးမှ သာ မြေပိုင်ရှင်စစ်စစ်အဖြစ် မှတ်ယူရနိုင်မှာဖြစ် ကြောင်း အသိပေးလိုက်ရပါတယ်။

ကိုကိုဦး