မြေဆီလွှာကောင်းပြီး အထွက်နှုန်းနှင့် အရည်အသွေး တိုးစေတာ သဘာဝမြေဩဇာ

မြေဆီလွှာကောင်းပြီး အထွက်နှုန်းနှင့် အရည်အသွေး တိုးစေတာ သဘာဝမြေဩဇာ

fertilizer

သီးနှံအတွက် ပိုးမွှားနှင့်ရောဂါ များပြားလာမှုနှင့်အတူ သီးနှံထုတ် လုပ်မှုနှင့် အရည်အသွေး ကျဆင်းလာရသော အဓိကအကြောင်းတရားမှာ စိုက်ပျိုးရေးနည်းလမ်းများ မမှန် ကန်ခြင်းကြောင့်မြေဆီလွှာ၏ ထုတ် လုပ်နိုင်မှုစွမ်းအား လျော့နည်းလာခြင်းပင်ဖြစ်သည်။ စိုက်ပျိုးထုတ် လုပ်မှု ရေရှည်တည်တံ့ရေးကို စဉ်း စားလျှင် အချက်အလက်ပေါင်း များစွာကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း စိုက်ပျိုးသူကိုယ်တိုင် ထိန်းချုပ်နိုင်သော အဓိက အချက်အ လက်မှာ မြေဆီလွှာပင် ဖြစ်ပေသည်။ မြေဆီလွှာကောင်းမှ သီးနှံအထွက်တိုးပြီး တောင်သူလယ် သမားများ ဝင်ငွေတိုးပွားကာ လူနေမှုဘဝ မြင့်မားလာမည် ဖြစ်သည်။ မြေဆီလွှာကို ထိန်းသိမ်းနိုင်မှ သီးနှံအထွက်နှုန်းသည်လည်း ကာလကြာရှည်သည်အထိ နှစ်စဉ်မပျက် အမြဲတမ်း အထွက်တိုးနေမည်။ ထို့ ကြောင့် မြေဆီလွှာကို မပျောက်မပျက်အောင် ထိန်းသိမ်းထားရမည်ဟု ဆိုရာတွင် မြေယာကို ပျောက်မသွားအောင် တနည်းအားဖြင့် မရောင်းမိအောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ မြေဆီလွှာကိုမပျက်စီးရ အောင် တနည်း အားဖြင့် စိုက်ပျိုးလို့မရနိုင်တော့သည့် မြေမျိုးမဖြစ်ရ အောင် ထိန်းသိမ်းတတ်ရပေမည်။ 

မြေဆီလွှာသည် သဘာဝကပေးသော ဖျက်ဆီး၍မရနိုင်သည့် စွမ်း အားရှိသောအရာ ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု၏ ကောင်းမွန်သော သဘာဝအဖော်ဖြစ်သည်။ မြေဆီ လွှာထဲတွင် သဘာဝအရပါဝင်သော ရှိရင်းစွဲ မြေအဆီအနှစ် (သို့) အာ ဟာရဓာတ်များ ပါဝင်နေ ပါသည်။ ထိုရှိရင်းစွဲအာဟာရဓာတ်များကို အကုန် သုံးပစ်၍ မဖြစ်ပါ။ သီးနှံတစ်မျိုး စိုက်ပျိုးရိတ်သိမ်းပြီးတိုင်း ထိုသီးနှံသည် မြေဆီလွှာထဲမှ အာဟာရဓာတ်များကို ထုတ်ယူသွား ပါသည်။ သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုများလာသောအခါ မြေဆီလွှာအတွင်းမှ ရှိရင်းစွဲ အာဟာရဓာတ်များသည် တဖြည်းဖြည်း လျော့နည်းလာပြီး နှစ်ကာလကြာလာသည့်အခါ ကုန်ခမ်းလုနီးပါးဖြစ်လာသည်။ ထိုအခြေ အနေတွင် ပြန်လည်ဖြည့်သွင်းခြင်းမရှိဘဲ ဆက် လက် စိုက်ပျိုးထုတ်လုပ်နေလျှင် လုံးဝကုန်ခမ်းသွားပြီး ပြန် လည်ပြုပြင်လို့ မရနိုင်သည့် အခြေ အနေသို့ ရောက်ရှိသွားနိုင်ပါသည်။ ထို့ကြောင့် သဘာဝကပေးထားသော မြေဆီလွှာ အရင်းအမြစ်ကို မပျက်စီးခင် ကြိုတင်ထိန်းသိမ်းတတ်ဖို့ အလွန် အရေးကြီးပါသည်။ 

မြေဆီလွှာကို ထိန်းသိမ်းသည့် နည်းလမ်းများစွာ ရှိသည့်အနက် သဘာဝရှိရင်းစွဲ အာဟာရဓာတ်များကို ထိန်းသိမ်းနည်းသည် အဓိကအရေးကြီးပါသည်။ သီးနှံများ စိုက် ပျိုးထုတ်လုပ်မှု ကြာမြင့်လာသည့်အခါ မြေဆီလွှာတွင်ရှိသော အာဟာ ရ ဓာတ်များ ကုန်ခမ်းလာသည့်အ တွက် တောင်သူအခေါ်အဝေါ်အား ဖြင့် မြေပန်းလာသည့်အတွက် အာဟာ ရဓာတ်များ ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။ ထိုသို့ ပြန်လည်ဖြည့်တင်းကြရာတွင် သဘာဝမြေဩဇာများနှင့် ဓာတ်မြေ ဩဇာများကိုအသုံးပြုရမည်။ တောင်သူအများစုသည် သဘာဝမြေဩဇာအသုံးပြုမှု နည်း၍ ဓာတ် မြေဩဇာများကိုသာ အဓိကထားပြီး အသုံးပြုကြပါသည်။ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာတို့အကြား ကွဲပြားခြားနားမှု များစွာ ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှု ရေရှည် တည် တံ့နိုင်စေရန်အတွက် ဓာတ်မြေဩ ဇာများနှင့်သဘာဝမြေဩဇာနှစ်မျိုးစလုံးကို မဖြစ်မနေ အသုံးပြုရပါမည်။ 

သဘာဝမြေဩဇာတွင် အဓိကအားဖြင့် အပင်အခြေခံသဘာဝမြေ ဩဇာနှင့်တိရစ္ဆာန် အခြေခံသဘာဝမြေဩဇာဟူ၍နှစ်မျိုးတွေ့ရပါသည်။  

အပင်အခြေခံ သဘာဝမြေဩဇာများတွင် အပင်အကြွင်းအကျန်များ ဖြစ်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ နှမ်းရိုး၊ ပဲရိုး၊ သစ်ရွက်များ တို့ပါဝင်ပြီး ဝါကြိတ်ဖတ်၊ ပဲဖတ်၊ နှမ်း ဖတ် စသည့် စိုက်ပျိုးရေးဘေးထွက်ကုန်ပစ္စည်းများ၊ ဘောစကိုင်း၊ ညံပင်၊ ပိုက်ဆံလျှော်၊ ပဲမျိုးစုံ စသည့် သစ် စိမ်းမြေဩဇာများ၊ အပင်အကြွင်းအ ကျန်များကို ဆွေးမြေ့အောင် ပြု လုပ်ထားသည့် သစ်ဆွေးမြေဩဇာများ စသည်တို့ပါဝင်သည်။ ၎င်းတို့သည် အပင်ကြီးထွားမှုနှင့်မြေဆီ လွှာရှင်သန်မှုတို့ကို ကူညီပေးသော အပင်အာဟာရဓာတ်များစွာကို ထောက်ပံ့ ပေးပါသည်။ 

တိရစ္ဆာန်အခြေခံသဘာဝမြေဩ ဇာများတွင် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ ဆိတ် ချေး စသည့် တိရစ္ဆာန်ချေးများ၊ အရိုးမှုန့်၊ အသားများ၊ သွေးဖတ် စသည့် တိရစ္ဆာန် အကြွင်း အကျန်များတို့ ပါဝင်သည်။ ၎င်းတို့သည့် အပင်အခြေခံသဘာဝမြေဩဇာများထက် မြေဆီလွှာသို့   နိုက်ထရိုဂျင်ဓာတ်ကို ပိုမိုများပြားစွာ ထည့်ပေးသည်။ 

ဓာတ်မြေဩဇာများကို သီးနှံများအထွက်တိုးရေးအတွက် များပြားစွာအသုံးပြုကြခြင်းမှာ ၎င်းတို့၏တုံ့ပြန် မှုသည် လျင်မြန်သောကြောင့် ဖြစ် သည်။ ဆိုလိုသည်မှာ ဓာတ်မြေ ဩဇာထည့်လိုက်လျှင် အပင်ကြီးထွားမှု မြန်သည်။ အရွက်ဝါနေချိန်  နိုက်ထရိုဂျင်ဓာတ်မြေဩဇာထည့်လျှင် အရွက်များ စိမ်းလာသည်။ ဓာတ်မြေဩဇာ၏ အပင်အပေါ် အကျိုးသက် ရောက်မှုသည် လျှင်မြန်ပြီး ထင်ရှားပါသည်။ သို့သော် ဓာတ်မြေဩဇာများကို ရေရှည် စွဲမြဲစွာ အသုံးပြုလျှင် မြေဆီလွှာ ပျက်စီးလာနိုင်သည်။ မြေဆီလွှာထဲတွင်ရှိသော သဘာဝ ရှိရင်းစွဲ အာဟာရဓာတ်များသည် လျော့ပါးလာမည်။ ထို့ကြောင့် ဓာတ်မြေဩဇာနှင့်တွဲ၍ သဘာဝမြေဩဇာများကို မဖြစ်မနေ အသုံးပြုရမည်။ 

သဘာဝမြေဩဇာများသည် ဓာတ်မြေဩဇာများကဲ့သို့ အကျိုးသက်ရောက်မှု ပြသခြင်း မမြန်သော် လည်း သဘာဝမြေဩဇာတွင်ပါဝင်သော အာဟာရဓာတ်များသည် တစ် ခါတည်းနှင့်မကုန်ဘဲ အပင်များကို ကာလကြာရှည်စွာ ထောက်ပံ့ပေးပါသည်။ ထို့အပြင် သဘာဝမြေဩ ဇာများသည် မြေတွင်းအစိုဓာတ်ကို ပိုမိုထိန်းသိမ်းနိုင်သည်၊ အပင်အမြစ် များအတွက်လေဝင်လေထွက် ကောင်းစေသည်။မြေဆီလွှာတိုက် စားမှုကို ခံနိုင်ရည် ရှိသည်။ မြေချဉ်ငန်ဓာတ်ကို ထိန်းပေးပါသည်။ ရေ ရှည်အသုံးပြုပါက အပင်အာဟာရ ဓာတ်များ တိုးပွားလာစေပါသည်။ တောင်သူလယ်သမားများအတွက် အဓိကအကျိုးပြုသည့်အချက်မှာ မြေဆီလွှာကို ရေရှည် ကောင်းမွန်အောင် ထိန်းသိမ်းထားပေး၍ သီးနှံ အထွက်တိုးပြီး အရည်အသွေးကိုပါ ကောင်းမွန်စေပါသည်။ 

သဘာဝမြေဩဇာများကို စနစ် တကျ မှန်ကန်စွာအသုံးပြုတတ်လျှင် သီးနှံထုတ်လုပ် မှုတိုးတက်နိုင်သကဲ့သို့ သီးနှံထွက်ကုန်၏ အရည် အသွေးကိုလည်းမြှင့်တင်နိုင်ပါ သည်။ ထို့ ကြောင့် အထွက်နှုန်းရော အရည်အသွေးပါ တိုးတက်လာသည့် အတွက် တောင်သူလယ်သမားများ၏စီးပွားရေးတွက်ခြေကိုက်မှု မြင့်မားလာပြီးလူနေမှုဘဝများလည်း အဆင့်မြင့်လာနိုင်သည်။ တောင်သူလယ်သမားဦးကြီးများအနေဖြင့်မြေဆီလွှာ ရေရှည်ကောင်း မွန်စေရန် ဓာတ်မြေဩဇာတစ်မျိုးတည်းမသုံးဘဲ သဘာဝမြေဩဇာများကိုပါ တွဲဖက် အသုံးပြုနိုင်အောင် ကြိုးစားသင့်ကြပါသည်။ 

စိုးမိုးဝင်း (စိုက်ပျိုးရေး)