သဘာဝကပေး အစာနှင့်ဆေး ၊ သမုန်းပင်

သဘာဝကပေး အစာနှင့်ဆေး ၊ သမုန်းပင်

သမုန်းပင်

သမုန်းပင်ကို သင်ပုန်းပင်၊ သမားမုန်းပင်ဟုလည်း ခေါ်ဆိုကြပြီး ယင်း ၏ ရုက္ခဗေဒအမည်မှာ Boscia variabilis Collett & Hemsl. ဟု ခေါ်ဆိုသကဲ့သို့ Hypselandra variabilis (Collette & Hemsl.) Pax & K Hoffm. ဟုခေါ်ဆိုကာ မျိုးရင်း Capparaceae တွင်ပါ၀င်ပြီး မြန်မာနိုင်ငံတွင် အဓိကတွေ့ရှိရသည်။ အပင်၏အစိတ်အပိုင်းများမှာ ဆေးဖက်ဝင်ပြီး သမားတော်များကပင်မုန်းရသည့်အပင်ဖြစ်သည့်အတွက် သမားမုန်းပင်၊ နောက်ပိုင်းတွင် သမုန်းပင်အဖြစ် ခေါ်ဆိုလာခဲ့ကြ၏။ 

သမုန်းပင်သည် ပူပြင်းသည့်ရာသီဥတုရှိပြီး ကျောက်စရစ်ကုန်း မြေကို နှစ်သက်ကြ၏။ ထိုသို့သော အခြေအနေမျိုးတွင် အခြားသောအပင်များ ရှင်သန်ရန် မလွယ်ကူလှသော်လည်း သမုန်းပင်က ကောင်း မွန်စွာ ရှင်သန်ကြီးထွားနိုင်၏။ ရုက္ခ ဗေဒအဆိုအရ ခြောက်သွေ့သည့်ဒေသတွင် ပေါက်ရောက်သည့်အပင် xerophytic plants ဟု သတ်မှတ်ခေါ်ဆိုထား၏။ သမုန်းပင်သည် နှစ်ရှည်ခံ အပင်ငယ်မှ အပင်လတ်မျိုးဖြစ်ပြီး အမြင့် ၁၀ မှ ၁၈ မီတာခန့်အထိ ရှင်သန်ကြီးထွား ပေါက်ရောက်၏။  မြန်မာနိုင်ငံ၏ အထက်အညာဒေသ၊ အထူးသဖြင့် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း‌ဒေသများတွင် ဖြစ်ထွန်းကြ၏။ ပူပြင်းလှသည့် အညာနွေကို အန်တုကာ ကြီးပြင်းပေါက်ရောက်သည့် သမုန်းပင်၏ ငယ်သရုပ်မှာ အရွက်ပုံစံ သေးသွယ်ပြီး အပင်ကြီးလာသည့်အခါ အရွက်မှာ ဘဲဥပုံစံ‌သို့ ပြောင်းလဲလာကြ၏။  သမုန်းပင်၏ ပင်စည်မှာ မီးခိုးရောင် ပြောင်လက်နေသည့် အခေါက်ရှိ၏။ သမုန်းကိုင်းများမှာ ဆလင်ဒါပုံစံ ရှိ၏။  အရွက်များမှာ ရွက်စွယ်ရှိပြီး ရွက်လွှဲထွက်၏။ သမုန်းပင်သည် ဖေဖော်ဝါရီ၊ မတ်လတို့တွင်  အညွန့်လေးမှ အဖူးအပွင့်များ ဝေဖြာစွာထွက်ရှိ၏။ သမုန်းပင် အပွင့်ပွင့်သည့်အချိန်တွင် အပွင့်နှင့် အရွက် ရောယှက်နေသည့်အတွက် ပွင့်နေမှန်းသိရန် မလွယ်ကူလှပေ။ သမုန်းပန်းခိုင်မှာ ထိပ်ထွက်ကြားထွက် အမျိုးအစားဖြစ်ပြီး အစိမ်းနုရောင် ပန်းပွင့်လေးများ ပွင့်ကာ  အရေအတွက် ၁၀ ပွင့်မှ အပွင့် ၂၀ ခန့်ထိ ပါ၀င်၏။သမုန်းသီးမှာ လုံးဝန်းပြီး အက်ကွဲခြင်းမရှိသော ဘယ်ရီသီး မျိုးနွယ်ဖြစ်ပြီး အစေ့ ၃ စေ့မှ ၄ စေ့ခန့်ထိ ပါဝင်၏။ 

သမုန်းပင်

သမုန်းပင်တွင် လူသားတို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းများကို ပေးစွမ်းနိုင်သော ဖလေဗာနွိုက်၊ အယ်လ်ကာလွိုက်၊ တန်နင်၊ ဖီနောလ်၊ ဆာပိုနင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်၏။ သတ္တုဓာတ်များ အနေဖြင့် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ အိုင်းယွန်း၊ ဇင့်ခ်၊ ခရိုမီယမ်တို့ ကြွယ်ဝစွာ ပါဝင်၏။  နှစ်စဥ် သမုန်း ရွက်နုနှင့် အဖူးအပွင့်များလှိုင်လှိုင်ဆွတ်ခူးရရှိသည့်ရာသီချိန်တွင် ရာသီစာဟင်း သီးဟင်းရွက်အဖြစ် စားသုံးခြင်း ဖြင့် တစ်သက်တာ ကျန်းမာရေးကောင်း မွန်စေရန် အထောက်အပံ့ကောင်းပေးနိုင်သည်ဟု မှတ်ယူကြ၏။  

မြန်မာလူမျိုးအများစု အထူးသဖြင့် ကျေးလက်ဒေသနှင့် နယ်မြို့များတွင် နေထိုင်သူအများစုသည် ‌ဒေသ အလိုက် ကွဲပြားစုံလင်လှပြီး ရာသီချိန်ခါနှင့်အညီ ရရှိသည့် သဘာဝ ပေါက်ပင်များမှ အစိတ်အပိုင်းများကို ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်များအဖြစ်တန်ဖိုးထားကာ ချက် ပြုတ်စားသုံးလေ့ရှိကြ၏။ သဘာဝ ပေါက်ပင်များမှရရှိသည့်အသီး အရွက်များမှာ သတ္တုဓာတ်များ၊ ဗီ တာမင်များ၊ အမျှင်ဓာတ်များ ကြွယ် ဝစွာပါ၀င်ပြီး ပြည့်ဝဆီပါဝင်မှု နည်း ပါးသည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်၏။

သမုန်းပင်၏ အရွက်၊ အဖူး၊ ပန်းပွင့်၊ သမုန်းဖု (သမုန်းဥ)၊ အခေါက်၊ အမြစ်တို့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုလေ့ရှိကြ၏။

- သမုန်းရွက်သည် ခါး၏၊ သလိပ် ကိုနိုင်၏၊ ရင်ပြည့်ရင်ကြပ်၊ အကြော တက်၊ အကြောအောင့်နာကျင်ခြင်း၊ အညောင်းအညာမိပြီး ကိုက်ခဲနေသူများအနေဖြင့် သမုန်းရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ သုပ်စားခြင်း များ ပြုလုပ်သင့်သည်ဟု ဆို၏။

-မျက်စိအောင့်ခြင်း၊ မျက်စိနာခြင်း ဝေဒနာများအတွက် သမုန်းဥကို သွေးပြီး မျက်လုံးတစ်ဝိုက် လိမ်းပေး ခြင်းဖြင့် ‌ဝေဒနာကို သက်သာစေ၏။

-ကျောက်ကပ်ဝေဒနာရှင်များအ တွက် သမုန်းရွက်နှင့် အရိုးများကို ရေနွေးဖြင့် သောက်သုံးပေးခြင်းဖြင့်  ‌ဝေဒနာသက်သာစေပြီး ကျောက်ကပ်ကို အားကောင်းစေနိုင်၏။

- အသည်း‌‌‌ယောင် အသားဝါဖြစ်ခြင်း၊ အသည်းကြီးခြင်း၊ ဘီပိုး၊ စီပိုး အရှိသည့် အသည်းရောဂါများအတွက်  သမုန်းရွက်ကို သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး လက်ဖက်ရည် တစ်ပန်းကန်လုံးစာနှုန်းနှင့် တစ်နေ့လျှင် သုံးကြိမ်ကို တစ်ပတ်ကြာ သောက်သုံးခြင်းဖြင့် ဝေဒနာကို သက်သာပျောက်ကင်းစေသည်ဟု ဆို၏။

- သမုန်းရွက်နု၊ အဖူးနှင့်အပွင့်လေးများကို ရေနွေးဖျောပြီး သုပ်စားခြင်းဖြင့်လည်း မျက်စိကို အေးစေ၏။

- သမုန်းဥသည် ခါး၏၊ စဥ်းငယ်ပူ၏၊ ဆေးဖက်ဝင်၏၊ ခြေလက်များအေးခြင်း၊ ဖော‌ယောင်ခြင်း၊ ညောင်းကိုက်ထုံကျင်ခြင်း၊ မျက်စိမှုန်ခြင်း၊ ကိုယ်လက်လေးလံခြင်းတို့ကို ပျောက် ကင်းစေ၏။

- ဝက်ခြံဖုများထွက်ပါက သမုန်းဖုကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်၏။

- သမုန်းရွက်နှင့် အမြစ်များကို ကိုယ်လက်ကိုက်ခဲခြင်း၊ ဖော‌ယောင်ခြင်း၊ အအေးမိခြင်း၊ အစာအိမ်ရောင်နာ ဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသလိပ်ထခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း ဝေဒနာများအတွက် ဆေးဝါးအဖြစ် အသုံးပြုကြ၏။

မြန်မာနိုင်ငံ အထက်အညာဒေသတွင် နွေဦးရောက်ချိန် သမုန်းပင်၏ ရွက်နုဖြာချိန်တွင် အရွက်နုများနှင့် အဖူးလေးများကို ခူးဆွတ်ကာ ဟင်း လျာများအဖြစ် ပြင်ဆင်ချက်ပြုတ်စားသုံးလေ့ရှိကြ၏။ ခူးဆွတ်ပြီးရရှိလာသည့် သမုန်းရွက်နုနှင့် အဖူးလေးများကို ရေဖြင့်သန့်စင်ဆေး ကြောပြီးနောက် ရေနွေးပွက်ပွက်ဆူထဲ ၂ မိနစ်ခန့်ဆူအောင် တည်ပြီး ပြန်ဆယ်ယူကာ ရေအေးအေးဖြင့် ၃ ကြိမ်ခန့်ဆေးကြောပေးပါ။ ပြီးလျှင် ရေကုန်အောင်ညှစ်ပြီး ငှက်ပျောဖက် /အင်ဖက်တို့ဖြင့်ထုပ်ပိုးသိမ်းဆည်းထားနိုင်၏။ သမုန်းဖူးပြုတ်ကို အညာ‌ဒေသထွက် စားသောက်ကုန် ရောင်းချသူများထံမှ တစ်ဆင့် နိုင်ငံအနှံ့မှဝယ်ယူစားသုံးနိုင်နေပြီဖြစ်၏။

- သမုန်းရွက်နုနှင့် သမုန်းဖူးပြုတ်များကို ငါးပိရည်ကျိုဖျော်၊ ခရမ်းချဥ်သီးချက်၊ ငရုတ်သီးစိမ်းချက်၊ ငပိချက် စသည်တို့နှင့် တွဲဖက်ကာ 
တို့စရာ အဖြစ် စားသုံးတတ်ကြ၏။

-  သမုန်းရွက်နုနှင့် သမုန်းဖူးပြုတ်များကို ဓားဖြင့် ပါးပါးလှီးပေးပါ။   ပြီးလျှင် ပါးပါးလှီးထားသော ကြက် သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆံထောင်း၊ ကြက် သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရာသီစာ သမုန်းဖူးသုပ်လေး ရပါပြီ။ ကြက်သွန်ဖြူလေးကိုက်၊ ငရုတ်သီးစိမ်းလေးကိုက်ကာ ရေနွေးကြမ်းပူပူလေးနှင့်လည်း ကောင်း၊ နေ့ခင်းဖက် အဆာပြေ ထမင်းကြမ်းလေးနှင့်လည်းကောင်း  တွဲဖက်သုံးဆောင်နိုင်၏။ ရာသီစာလည်းဖြစ် ဆေးဖက်လည်းဝင်၊ အာ ဟာရတန်ဖိုးလည်း မြင့်မားလှသည့် နှုတ်မြိန်စာ ဟင်းတစ်မယ်ဖြစ်၏။

-  ကြက်သွန်ဖြူ၊ ပုစွန်‌ခြောက်မညက်တညက်ထောင်းနှင့် ဟင်းခါးရည်ချက်ကာ ဟင်းရည်ကျသည်အထိ တည်ပြီး  သမုန်းရွက်နုဖူးလေးများ ခပ်ကာ ဟင်းခါးချက်သောက် လျှင်ကျန်းမာရေးအတွက် သင့်လျော်၏။

သမုန်းပင်များကို လမ်းဘေးဝဲယာများတွင် စိုက်ပျိုးခြင်းဖြင့် ပတ် ဝန်းကျင်စိမ်းလန်းစိုပြေစေခြင်း၊   ဆေးဖက်ဝင် ပရဆေးအဖြစ် အသုံး ပြုနိုင်ခြင်း၊ ခုံဖိနပ်အပါအဝင် အခြားသော အိမ်ထောင်ပရိဘောဂများ ပြုလုပ်နိုင်ခြင်း အပါအဝင် လောင်စာအဖြစ်လည်း အသုံးပြုကြ၏။   

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် သမုန်းပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက် သာစေပြီး ကျန်းမာရေးအကျိုးကျေး ဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

ကြေးမုံငယ်