ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်မြေများအတွက် ရဲနွယ်ချောင်းရေဖြင့် သီးထပ်စိုက်ဧရိယာများ ဖော်ဆောင်ပေးခဲ့

ပဲခူးရိုးမမှ မြစ်ဖျားခံ စီးဆင်းလာသော ရဲနွယ်ချောင်း၊ ဘိုင်းဒါးချောင်းတို့သည် ညောင်လေးပင် မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းကာ စစ်တောင်းမြစ်အတွင်း စီးဝင်သွားသည်။ ရိုးမကို မြစ်ဖျားခံ စီးဆင်းလာသော မြစ်ချောင်းများ၏ ရေချိုအရင်းအမြစ်ကို အလဟဿ မဖြစ်စေဘဲ စိုက်ပျိုးရေး အတွက် အကျိုးရှိရှိ အသုံးချသွားနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနသည် ရဲနွယ်ရေလှောင်တမံကို ၂၀၀၆-၂၀၀၇ခုနှစ်တွင်လည်း ကောင်း၊ ဘိုင်းဒါးချောင်းတွင် ဘိုင်းဒါးရေလှောင်တမံကို ၂၀၀၂-၂၀၀၃ ခုနှစ်တွင်လည်းကောင်း အကောင်အထည်ဖော် တည်ဆောက် ပြီးစီးခဲ့သည်။
ညောင်လေးပင်မြို့နယ်သည် စပါး၊ ပဲမျိုးစုံ အပါအဝင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိပြီး လက်ရှိ မိုးစပါးစိုက်ဧက ၁၃၅၇၀၃ ဧက၊ နွေစပါးစိုက်ဧက ၇၆၃၆ ဧကရှိသည်။
“ဒီဒေသတွေမှာက စိုက်ပျိုးရေးက စပါး၊ ပဲမျိုးစုံ အပါအဝင် သီးနှံမျိုးစုံစိုက်ပျိုးတယ်။ ဒီလို စိုက်ပျိုးတဲ့အခါ တစ်သီးစားတင်မကဘဲ တောင်သူတွေ သီးထပ်စိုက်နိုင်အောင် ကျွန် တော်တို့ဌာန အနေနဲ့ ဆောင်ရွက်သွားမယ့် အစီအမံတွေ ရှိပါတယ်။ ရဲနွယ်ရေလှောင်တမံ တည်ဆောက်ပြီးစီးခဲ့ သော်လည်း ရေသောက်စနစ်တစ်ခုလုံးအပြည့်အဝ မပြီးစီးသေးပါဘူး။ အခုကတော့ ရဲနွယ်ချောင်းရေနဲ့ ညောင်လေးပင်မြို့နယ်အတွင်းမှာ စိုက်ပျိုးနိုင်ဖို့ Quick Win အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ ရာသီပတ်လုံး ရေရှိတဲ့ရဲနွယ်ချောင်းရေကိုအသုံးပြုပြီး စိုက်ပျိုးရေပေးနိုင်ဖို့ တမံမြှင့်ပိတ်ပေးပြီး ဒီကနေ အောင်းကြီး -၂ ချောင်းကိုပြန်တူးပြီး အောင်းကြီး-၂ ချောင်း ဧရိယာတွေ နွေသီးနှံ စိုက်နိုင်အောင် ရေသွင်းပေးလျက် ရှိပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင် ရွက်နိုင်သည့် မြေသယံဇာတ များနှင့် စိုက်ပျိုးရေအတွက်လည်း မြစ်ချောင်းအင်းအိုင်များစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်အတွက် စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးနိုင်ရုံဖြင့် ကျေနပ်နေ၍မရဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားသည်။
မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများ၏ စုစုပေါင်းစီးဆင်းရေ ပမာဏသည် ဧကပေသန်းပေါင်း ၈၇၀ ခန့်ရှိသော်လည်း ဧကပေသန်းပေါင်း ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး ကျန်ဧက ပေသန်းပေါင်း ၈၃၀ ခန့်မှာ ပင်လယ်ထဲသို့ စီးဝင်သွားလျက်ရှိသည်။
ထိုကြောင့် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ပဲခူး တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးဒေသများအတွက် အလျင်အမြန် အချိန်တိုအတွင်း အကျိုးရှိ စေမည့် သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက် ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်တက်လာစေရေး လုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် စိုက်ပျိုးရေးအတွက်အလားအလာရှိသည့် ရေချိုအရင်းအမြစ် တိုးတက် သုံးစွဲသွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ဘက်မှာ စပါး စိုက်ဧက ၅၀၀၀ လောက်ရှိတယ်။ ကျွန် တော်က လယ်ဧက ၄၀ လောက်ရှိပါတယ်။ လက်ရှိမှာတော့ မိုးစပါးနဲ့ ပဲစိုက်ပျိုးတာများပါတယ်။ တောင်သူတွေကတော့ ရေမျှော်တာပေါ့။ ၁၉၉၂ ခုနှစ်ဝန်းကျင်က လုပ်ပေးထားတာရှိတယ်။ အဲဒီအချိန်က အောင်မြင်တယ်။ ဒါပေမယ့် အောင်းကြီးချောင်းက ပြန်ပိတ်သွားတော့ တောင်သူတွေက ကိုယ်ကူကိုယ်ထ မလုပ်နိုင်ကြဘူး။ အခုလို ပြန်ပြီးဆောင်ရွက်ပေးမယ်ဆိုတော့ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံဆိုပြီး သီးထပ် စိုက်ပျိုးနိုင်ပြီ” ဟု ညောင်လေးပင်မြို့ သံတံတားကျေးရွာမှဦးခင်ဝင်းက ပြောသည်။
သီးထပ်စိုက်ပျိုးခြင်းသည် စိုက်ပျိုး မြေတွင် သီးနှံနှစ်မျိုး (သို့မဟုတ်) နှစ်မျိုးထက် ပို၍ တစ်နှစ်တာအတွင်း သီးနှံတစ်ခုရိတ်သိမ်းပြီး နောက်သီးနှံတစ်ခုကို ထပ်မံစိုက်ပျိုးခြင်း ဖြစ်သည်။ မိုးစပါး-ကုလားပဲ-နွေစပါး၊ မိုးစပါး-မြေပဲ-နွေနှမ်း စ သည်ဖြင့် စိုက်ပျိုးသည့် သုံးသီး စိုက်သီးနှံပုံစံနှင့် မိုးစပါး-ချည်မျှင်ရှည်ဝါ၊ မိုးစပါး-နေကြာ၊ မိုးစပါး-မြေပဲ စ သည့် နှစ်သီးစိုက် သီးနှံ ပုံစံတို့သည် တောင်သူများ စိုက်ပျိုးမှုများသည့်သီးနှံပုံစံ ဖြစ်သည်။
ညောင်လေးပင်မြို့နယ်အတွင်း သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်တက် လာစေရေးအတွက် အောင်းကြီး-၂ ချောင်းဧရိယာနှင့် ဇီးဖြူဘုရားရိုးဧရိယာ နွေစပါး စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် ပေးခဲ့ပြီးဖြစ်သည်။
“အောင်းကြီး-၂ချောင်းနဲ့ ဇီးဖြူဘုရားရိုးဧရိယာစီမံကိန်း ဆောင် ရွက်ပေးခြင်းအားဖြင့် ညောင်လေး ပင်မြို့နယ်အတွင်းက ချောင်းရင်း၊ ကညင်နှစ်ပင်၊ အောင်းကြီးနဲ့ စီပင်ကျေးရွာအုပ်စုတွေက လယ်မြေတွေအတွက် မိုးစပါးအောင်ရေနဲ့ နွေစပါးသီးထပ်ဧရိယာ ၃၅၀၀ ကျော်ကို အကျိုးရှိစေမှာ ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောပြသည်။
အောင်းကြီး - ၂ ချောင်း ဧရိယာ နွေစပါးစိုက်ပျိုးရေရရှိရေး လုပ်ငန်းတွင် ရေရယူမည့် ရဲနွယ် ချောင်းပေါ်တွင် ယာယီချောင်းပိတ်ဆည် ပြု လုပ်ခြင်း၊ ရေသွင်းပိုက်များချ၍ ရေ တံခါး Shutter များ တပ်ဆင်ခြင်း၊ အောင်းကြီး -၂ ချောင်းကို ရေပေးဝေနိုင်စေရန် အလျား (၁ ဒသမ ၇၀) မိုင် ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများပါဝင်သည်။
ထို့အတူ ဇီးဖြူဘုရားရိုးဧရိယာ နွေစပါးစိုက်ပျိုးရေရရှိရေးလုပ်ငန်းတွင် ဇီးဖြူဘုရားရိုးကို အလျား(၂ ဒသမ ၀၈) မိုင် ပြန်လည်တူးဖော်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့်ညောင်လေး ပင်မြို့နယ် ဇီးဖြူဘုရား ကျေးရွာ အုပ်စုမှ မိုးစပါးစိုက်ပျိုးသည့် ဧရိယာများကို ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေမည်ဖြစ်ပြီး နွေစပါးစိုက်ပျိုး ရာသီတွင် တိုက်ရိုက်ရေ ရယူနိုင်သည့် ဧရိယာဧက (၁၀၀၀)နှင့် တောင်သူများ၏ ကိုယ်ထူကိုယ် ထ ရေအနိမ့်တင်စနစ်(Low Lift)ဖြင့် ဧက ၃၀၀၀ စုစုပေါင်း နွေစပါးဧက ၄၀၀၀ ခန့်ကို သီးထပ်စိုက်ပျိုး သွားနိုင်မည်ဖြစ်ပါသည်။ “ကျွန်တော်တို့က မိုးစပါးစိုက်တယ်။ ပဲစိုက်တယ်။ သီးနှံကတော့ မျိုးစုံစိုက်တယ်။ ကျွန်တော်တို့နယ်က ရာသီပတ်လုံး စိုက်ပျိုးချင်ကြတယ်။ အခုလို နွေစပါးပါစိုက်ပျိုးနိုင်အောင် ချောင်းရေပိတ်ပြီး ဆောင်ရွက်ပေးမယ်ဆိုတော့ ပိုအဆင်ပြေ တာပေါ့။ တောင်သူအတွက် နွေရာသီ စိုက်ဖို့ပါ ရေရရှိမယ်ဆိုတော့ စိတ်ဝင်စားမှုရှိကြတယ်” ဟု ညောင်လေးပင်မြို့မှ တောင်သူ ဦးမောင်ရွှေဆန်းက ပြောပြသည်။
ညောင်လေးပင်မြို့နယ်အတွင်း သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား မြင့်တက်လာစေရေးအတွက် အထက်ပါလုပ်ငန်းနှစ်ခုကို ဆောင်ရွက်ခဲ့ခြင်းဖြင့် ဒေသခံ လယ်သမားများ ပိုမိုအားထုတ်၍ ရေတင်စိုက်ပျိုးကြမည်ဆိုပါက နွေစပါးစိုက်ဧရိယာ ဧက ၇၅၀၀ ခန့် အထိကို အကျိုးရှိစေမည်ဖြစ်ပြီး အဆိုပါ ဧရိယာများအတွင်းရှိ တောင်သူ များအနေဖြင့် မိုးစပါး - ပဲ - နွေစပါး သီးနှံပုံစံဖြင့် သုံးသီးစိုက် ပျိုးနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးဧက တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဘေး တိုက်တိုးချဲ့ရေးအပြင် ဒေါင်လိုက်တိုးချဲ့နိုင်ရေးအတွက် တစ်သီးစိုက်သည့်ဧရိယာများတွင် နှစ်သီးစိုက်ပျိုးနိုင်ရေး၊ နှစ်သီးစိုက်သည့်ဧရိယာများတွင် သုံးသီးတိုးတက်စိုက်ပျိုးနိုင်ရေးကို ပဲခူးတိုင်းဒေသကြီး၊ ဆည်/ရေ ဦးစီးဌာနအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ စိုက် ပျိုးရေးအခြေခံသောနိုင်ငံအတွက် ကုန်ထုတ်စွမ်းအားမြင့်မားအောင်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်သွား နိုင်မည် ဖြစ်သည်။ ထို့ကြောင့် တောင်သူများ၏ စိုက်ပျိုး ရေးအတွက် စိုက်ပျိုးရေရရှိရေး ကြံ ဆောင်ကြိုးပမ်းရာတွင် ပေါများလှသည့် မြစ်ရေ၊ ချောင်းရေ ရေချိုအရင်းအမြစ်များကို တိုးတက် အသုံး ပြုနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူစီးပွား တိုးတက်ပွားများအောင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဖော်ဆောင် သွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
IWUMD